လူပြိန်းကြိုက်မီဒီယာသမားများ
လူပြိန်းကြိုက်မီဒီယာသမားများဟုဆိုရာဝယ် အမှားအမှန်ကိုရှေးရှုခြင်းမပြုပဲ အစိုးရနှင့် နိုင်ငံ့ဝန်ထမ်းများ အား အပြစ်တင်ခြင်းအလုပ်ဖြင့်အသက်မွေး ၀မ်းကျောင်းပြုကြသော ပြည်တွင်းပြည်ပ သတင်းဌာနများ ၊ ဂျာနယ်ရောင်းကောင်းရင်ပြီးရော သတင်းမှန်းမသိ အတင်းမှန်းမသိရေးသားနေကြသော ၊ ဘယ်သူသေသေ ငတေမာရင်ပြီးရောရေးသားနေကြသော ၊ ဘယ်သူထိခိုက်ထိခိုက် ကိုယ်မထိခိုက်ရင်ပြီးရော ရေးသားကြ ကုန်သော ပြည်တွင်းထုတ်ဂျာနယ်များ ၊ အစိုးရမကောင်း ကိုယ်အကောင်း ၊ အစိုးရဘာမှမသိ သူသာအကုန်သိ ၊ အစိုးရဘာမှမတတ် သူသာအကုန်တတ်ဟု  အထင်ရောက်နေသော ကာတွန်းသမားများ ၊ ပရိတ်သတ် လက်ခုပ်တီးရင်ပြီးရော ဟောချင်ရာဟော ပြောချင်ရာပြော လုပ်နေကြကုန်သော ၊ သူသာမထောက်ပြလျှင်မနက်ဖြန်မနက် တိုင်းပြည်ပျက်တော့မယောင် လေလုံးထွားနေကြကုန်သော  အဆင့်အတန်းနိမ့်သည့် စာပေဟောပြောသူအချို့ နှင့် အစိုးရဘာလုပ်လုပ် ဘေးတိုက် လိုက်နေသော နိုင်ငံရေးသမားများ စသည် စသည်တို့ ပါဝင်ကြလေသည် ။
 ခါးတမာကို ပျားသကာဖြင့်ဖုံး၍
ထိုသူများသည် မြန်မာနိုင်ငံကို သူတို့လောက်ချစ်ကြသူများမရှိတော့သယောင်ယောင်၊ သူတို့သည်ပင်လျှင် နိုင်ငံ၏လိုအပ်ချက်အလုံးစုံကိုသိပြီး နိုင်ငံကိုအုပ်ချုပ်နေသူများက ဘာတစ်ခုတစ်လေမှ မသိတော့သယောင်ယောင် ၊ သူတို့၏ ထောက်ပြချက်များကို အစိုးရတာဝန်ရှိသူများက အချိန်မီ မဆောင်ရွက်လျှင် နောက်တစ်နေ့မနက်တွင် မြန်မာပြည်ကြီး အလုံးစုံပျက်စီးသွားတော့မယောင်ယောင် ၊ မြန်မာလူမျိုးကမ္ဘာပေါ်မှ နေ့ချင်းညချင်း ပျောက်ကွယ်သွားတော့မယောင် လေလုံးထွားကာ ရိုးသားသော ပြည်သူများ၏ စိုးရိမ်စိတ်ပေါ်တွင် အခွင့်ကောင်းယူ လုပ်ကိုင်စားသောက်နေကြသူများ သာဖြစ်လေသည် ။
အပြောလွယ်သလောက် အလုပ်ခက်
အိမ်ရှေ့ကရေမြောင်းကိုပင်တစ်ခါမှအသိစိတ်ဖြင့် ရေစီးရေလာကောင်းအောင် မလုပ်ဘူးသူ စာရေးဆရာက ဧရာဝတီကို ရေစီးရေလာကောင်းအောင်ဘယ်လိုလုပ်ရမယ် မလုပ်ရင် သဘာ၀၀န်းကျင်ကြီး ဘယ်လိုဖြစ်မယ် အင်းလေးကန်ကိုတော့ဒီလိုတူးရမယ် ဟူ၍ရေးသားသည်များလည်းရှိ၏ ၊မိမိအိမ်၏ မိသားစုစီးပွားရေးကိုပင် တည့်မတ်အောင် ၊ ချမ်းသာအောင် မဆောင်ရွက်နိုင်သူ များက တိုင်းပြည်ကိုဘယ်လိုချမ်းသာအောင်လုပ်သင့်တယ် ခုဆင်းရဲနေတာဘယ်အချက်တွေကြောင့် ဒါတွေကိုဒီလိုပြင်လိုက်ရင် ဟိုလိုကောင်းသွားမှာပေါ့ ဟုလမ်းညွှန်သည်များလည်းရှိ၏ ၊  အိမ်ရှိသားသမီး ၄ယောက်ကိုပင် ၁၀တန်းအောင်အောင် မပြုစုနိုင်သူက မြန်မာ့ပညာရေးလောက တိုးတက်ဘို့ဆိုရင် ဒါတွေပြင်ရမယ် အစိုးရက ဟိုစရိတ်ကိုတိုးရမယ် ဒါကိုလျှော့ရမယ် ဒီစံနစ်ကိုပြင်ရမယ် ငါပြောတဲ့အတိုင်းသာအစောကြီးကလုပ်ရင် ခုလောက်ဆို တော်တော်ဟုတ်နေပြီ စသည်ဖြင့် ထောက်ပြသည်များလဲရှိနေ၏ ၊ ထိုစကားများကို ယုံကြည်သူတို့ကလည်း ယုံကြည်ကြလေသည် ။
အဆင်မပြေမှု(အားပြိုင်မှု)ကိုစိတ်ဝင်စားသော လူ့သဘော
ထိုသို့ယုံကြည်ကြသဖြင့် ထိုယုံကြည်သူများကို အပြစ်မဆိုထိုက်ပါ၏လော ၊ အဘယ့်ကြောင့်ဆိုသော် လူတို့သည် သာမန်အားဖြင့် အဆင်မပြေမှုများကိုမှ စိတ်ဝင်စားသော အခြေခံသဘောရှိလေသည် ၊ ဥပမာဆိုရသော်
တစ်ခါကသူဌေးသားတစ်ယောက်နှင့် သူဌေးသမီး နှစ်ဦးရှိကြလေသည် ၊ နှစ်ဦးစလုံးချောမောလှပသူများဖြစ်ကြသည်၊ သူဌေးသားကောင်လေးက သူဌေးသမီး ကောင်မလေးကို ချစ်ခွင့်ဆို၏ ၊ သူဌေးသမီးကလည်း သူဌေးသားလေးကိုပြန်ချစ်၏ ၊ သူတို့ချစ်သူများဖြစ်သွားကြ၏ ၊ နှစ်ဘက်မိဘများကလည်း သဘောတူကြလေ၏ နောက်ဆုံးတွင်သူတို့ နှစ်ဦး ညားကြလေသတည်း ဆိုသောဇာတ်လမ်းကို ရုပ်ရှင်ရိုက်သော် ခွက်ခွက်လန်ရှုံးမည်မှာသေချာလှ၏ အဘယ့်ကြောင့်ဆိုသော် ဇာတ်လမ်းတစ်လျောက် အထစ်အငေါ့မရှိအစစ အဆင်ပြေ ၍  နေသောကြောင့် အားပြိုင်မှုမပါသောကြောင့် ဖြစ်လေသည် ။ လူ့သဘောသည်ထိုသို့သောအစစအဆင်ပြေမှုမျိုးကို အားကျသော်လည်းစိတ်မ၀င်စား ၊ လွန်စွာချောမောလှပသောသူဌေးသမီးလေးနှင့် သာမန်လူတန်းစား ရိုးသားသော လူငယ်လေးတစ်ဦး ၊ မိဘကသဘောမတူ ၊လိုက်ပြေး၊ မိဘကပစ်ထား ၊ နောက်ဆုံးတွင်မိဘက ခွင့်လွှတ် အဆင်ပြေသွားကြဟူသော ဇာတ်လမ်းမျိုးသည်လည်း အားပြိုင်မှုပါသည်ဆိုသော်လည်း ရိုးရှင်းလွန်းပြီး နောက်ဆက်တွဲ သိချင်စိတ်ကို မလှုံဆော်နိုင်သဖြင့် လူစိတ်ဝင်စားမှု မရှိသလောက်ဖြစ်သည် ။တစ်ခါက နယ်မြို့လေးတစ်မြို့၏ အစွန်ပိုင်းကျသော အရပ်တွင် လွန်စွာရှေးကျသော်လည်းခန့်ညားသော အိမ်ကြီးတစ်လုံးရှိလေသည် ၊ထိုအိမ်ကြီးတွင် လွန်စွာမှအနေအထိုင်လျှို့ဝှက်သော မိသားစု တစ်စုနေထိုင်ကြလေသည် ၊ ထိုအိမ်ကြီးတွင် နတ်သမီးတစ်မျှချောမောလှပသော သမီးတစ်ဦးရှိသည်ဟု ကြားဖူးသော်လည်း မြင်ဘူးသူဟူ၍ တစ်ဦးတစ်လေမျှမရှိကြ ၊ ထိုအိမ်ကြီး၏စားဝတ်နေရေးအတွက် တစ်ဦးတည်းသော အပြင်ထွက်သူမှာ အသက် ၄၅နှစ်အရွယ် သန်မာထွားကြိုင်းလှသော ခန္ဓာကိုယ်ပိုင်ရှင် ဖြစ်၏ ၊ထူးဆန်းသည်မှာထိုသူသည် စကားမပြောတတ်သူတစ်ဦးဖြစ်နေပြန်လေ၏ ထိုသူ၏အမည်မှာမည်သူမည်ဝါဟု တိတိကျကျမသိသော်လည်း ထိုသူကို မြို့သူမြို့သားများက ကိုမောင်ကြီး ဟုပင်အလွယ်ခေါ်ကြလေ၏ ၊ တစ်နေ့သော် ထိုမြို့ကလေးသို့  လူရွယ်တစ်ဦးပြောင်းရွှေ့လာလေ၏ ၊ ထိုလူရွယ်သည် မြန်မာဆန်ဆန်ကြည့်ကောင်းသကဲ့သို့ အနောက်တိုင်းဆန်ဆန် ၀တ်ဆင်ထားပြန်လျှင်လည်း ထိုခေတ် ဘိုင်စကုပ် မင်းသားများ ရှုံးလောက်သည့် ပုံစံမျိုးဖြစ်လေ၏ ချောမောလှပသည် ဆိုသည်ထက် ယောင်္ကျားပီသသည်ဟု ဆိုသော် ပို၍ မှန်မည်ဟု ဆိုရမည် ဖြစ်သည် ထိုလူငယ် ဤမြို့ကလေးသို့ ပြောင်းရွှေ့လာခြင်းသည်ကပင် ဤဇာတ်လမ်း၏ အစဖြစ်လေတော့သည် ။ ဟုဇာတ်လမ်းကိုဆင်ထားသော်..အပေါ်ကပုံစံနှစ်ခုထက် ပရိတ်သတ် ပို၍ စိတ်ဝင်စားမည် မှာသေချာလှပေသည် ။ သတင်းတစ်ခုအပေါ်တွင် ပရိတ်သတ်စိတ်ဝင်စားမှုရှိခြင်းမရှိခြင်းသည်လည်း ဤသဘောကိုဆောင်လေသည် ။
နိုင်ငံပိုင်သတင်းစာများကို ဘာကြောင့်စိတ်မ၀င်စား
နိုင်ငံပိုင်သတင်းစာများ၏ သတင်းဖေါ်ပြမှုများသည် ရိုးရှင်းလွန်းလှသည် ၊ ဥပမာ - လယ်ယာစိုက်ပျိုးရေးပြည်ထောင်စုဝန်ကြီး ထူးအထွက်တိုးစံပြ စပါးစိုက်ခင်းများကြည့်ရှုစစ်ဆေး ၊ အမှတ် (၁) စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ၀န်ကြီးဌာနအောက်ရှိစက်ရုံအလုပ်ရုံများစစ်ဆေး စီမံကိန်းအောင်မြင်ရေး အားသွန်ခွန်စိုက်ကြိုးပမ်းရန်မှာကြား ၊ ဆောက်လုပ်ရေး ၀န်ကြီး တံတားတည်ဆောက်ရေးစီမံကိန်းများ ကြည့်ရှုစစ်ဆေး စံချိန်စံညွှန်းပြည့်မီရေး တံတားများရေရှည်တည်တံ့ခိုင်မြဲအောင် စေတနာထားလုပ်ဆောင်ကြရန်နှင့် သတ်မှတ်ကာလအတွင်း အပြီးတည်ဆောက်ရေးလိုအပ်သည်များမှာကြား ၊ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး နိုင်ငံတော်သံဃာ့ မဟာနာယက ဆရာတော်ကြီးများအား သွားရောက်ဖူးမျှော် သာသနာရေး ဆိုင်ရာများလျှောက်ထား ၊ စသည်ဖြင့် သတင်းဖေါ်ပြချက်များသည် ပုံသေဆန်လွန်းပြီး ရိုးရှင်းလွန်းလှသဖြင့် မည်သို့ပင် သတင်းအချက်လက်မှန်ကန်သည်ကို အခြေခံထားသည်ဆိုသော်ညားလည်း ပြည်သူလူထု ကစိတ်ဝင်စားမှု အတော်ပင် နည်းပါးလှသည်ကို သုံးသပ်တွေ့ရှိရပါသည် ၊ တနည်းဆိုသော် သတင်းဖေါ်ပြချက်များတွင် ပြည်သူလူထု၏ စိတ်ဝင်စားမှုနှင့်သိလိုစိတ်ကို လှုံ့ဆော်နိုင်မှုမရှိလောက်အောင်ပင် ဖြစ်နေသည်ဟု ဆိုရမည်သာဖြစ်ပါသည် ။
အထက်ပါ လည်/ဆည်ဝန်ကြီး ၏သတင်းကိုပင် " အိမ်နီးချင်း နိုင်ငံများနှင့်ရင်ဘောင်တန်းနိုင်မည့် တစ်ဧက တင်း၂၀၀ ကျော်ထွက်ပြီးမြန်မာ့ရေမြေနှင့်ကိုက်ညီသော ဈေးကွက်ဝင်စပ်မျိုးစပါးတစ်မျိုး မြန်မာပညာရှင်များ စမ်းသပ်အောင်မြင် "ဟုဖေါ်ပြခဲ့သော် သတင်းချင်းအတူတူ လူထုကပို၍ စိတ်ဝင်စားလာနိုင်မည် ဖြစ်ပါသသည်။         
   sources:        voice of myanmar 

0 ဦးကဆွေးနွေးသွားပါတယ်..

Отправить комментарий