၅၄-၅၆ တက္ကသိုလ်ရိပ်သာလမ်း
ဗဟန်းမြို့နယ်၊ ရန်ကုန်
အိတ်ဖွင့်ပေးစာ
(၁)
ဦးသိန်းစိန်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
(၂)
ကချင်လွတ်မြောက်ရေးအဖွဲ့(KIO)
(၃)
ကရင်အမျိုးသားအစည်းအရုံး(KNU)
(၄)
မွန်ပြည်သစ်ပါတီ(NMSP)
(၅)
ရှမ်းပြည်တပ်မတော်(SSA)
ရက်စွဲ။ ။ ၂၀၁၁ ခုနှစ် ဇူလိုင်လ (၂၈) ရက်
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်သည် တိုင်းရင်းသား လူမျိုးစုများနှင့် ပေါင်းစပ်ဖွဲ့စည်း ထားသော နိုင်ငံ ဖြစ်ပါသည်။ ယင်းတိုင်းရင်းသား အားလုံးသည် နှစ်ပရိစ္ဆေဒ များစွာကပင် တမြေတည်းနေ တရေတည်းသောက် အတူနေထိုင် ခဲ့ကြသော ညီအစ်ကို မောင်နှမများ ဖြစ်ကြပါသည်။ ထို့ကြောင့် တိုင်းရင်းသား လူမျိုးစုများ အားလုံး ချစ်ကြည်ရင်းနှီး သွေးစည်း ညီညွတ်ရေးသည် အလွန် အရေးကြီးပါသည်။
ယခုအခါ ကချင်၊ ရှမ်း၊ ကရင် နှင့် မွန် စသည့် ပြည်နယ်များတွင် တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အကြား ပဋိပက္ခများ ဖြစ်ပွားလျက် ရှိကြောင်း ကြားသိ နေရပါသည်။ ယင်း ပဋိပက္ခ များကြောင့် သေကြေဆုံးရှုံး ပျက်စီးမှုများ ဝမ်းနည်းဘွယ်ရာ ဖြစ်ပွားလျက် ရှိသည့်အပြင် တန်ဖိုး ကြီးမားသည့် နိုင်ငံပိုင် အဆောက်အဦများ၊ စီမံကိန်း လုပ်ငန်းများ၊ ယိုယွင်း ပျက်စီးမှုများ ကြုံတွေ့နေရ ပါသည်။ ဒေသခံ တိုင်းရင်းသား ပြည်သူများလည်း အတိဒုက္ခများစွာ ရောက်နေကြ သည့်အပြင် အိမ်နီးချင်း နိုင်ငံများကိုပါ ကူးစက်ပျံ့နှံ့မည့် အန္တရာယ် ရှိနေပါသည်။
ယင်းပဋိပက္ခများနှင့် ပြဿနာများကို အင်အားသုံး၍ ဖြေရှင်းကြမည် ဆိုလျှင် နှစ်ဦးနှစ်ဘက် အကျိုးဆုတ်ယုတ် မှုများသာ ဖြစ်ပေါ်ပါမည်။ အမျိုးသား ရင်ကြားစေ့ရေးကို စစ်ရေးနည်းများဖြင့် တည်ဆောက်၍ မရနိုင်ပါ။ နိုင်ငံရေး နည်းလမ်း ဖြစ်သော ဆွေးနွေးညှိနှိုင်း ဖြေရှင်းခြင်းဖြင့်သာ တည်ဆောက် သွားကြရမည် ဖြစ်ပါသည်။ နိုင်ငံရေး အရ ညှိနှိုင်း ဖြေရှင်း နိုင်ကြမှသာလျှင် ပြည်ထောင်စုကြီး အနာဂတ်ကို အာမခံနိုင်မည့် စစ်မှန်သော တိုင်းရင်းသာ သွေးစည်းညီညွတ်မှုကို ရရှိမည် ဖြစ်ပါသည်။ စစ်မှန်သော ငြိမ်းချမ်းရေး ပြေလည်မှု မရရှိလျှင် ပြည်တွင်းစစ်မီး ဟူသည် ကျယ်ပြန့် သွားနိုင်သည့် အန္တရာယ် ရှိတတ်ပါသည်။
ပြည်ထောင်စုသား အချင်းချင်း အကြား ဖြစ်ပေါ်နေသော ပြဿနာများကို တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ အပြန်အလှန် နားလည်မှု၊ အပြန်အလှန် ယုံကြည်လေးစားမှု တို့ဖြင့် ဖြေရှင်းကြမည် ဆိုလျှင် ပြေလည်မှု ရရှိကြပြီး ပြည်ထောင်စုကြီး ငြိမ်းချမ်း တည်ငြိမ်မည် ဖြစ်ပါသည်။ ပြည်ထောင်စုကြီး ငြိမ်းချမ်း တည်ငြိမ်မှသာ တိုင်းပြည် ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။
သို့ပါ၍ ပြည်ထောင်စု မြန်မာနိုင်ငံတော်အတွင်း မှီတင်း နေထိုင်ကြသော တိုင်းရင်းသား လူမျိုးများ အားလုံး၏ အကျိုးစီးပွား များကို ရှေးရှု၍ ယခု ဖြစ်ပွားနေသော ပဋိပက္ခများကို ငြိမ်းချမ်းစွာ ဖြေရှင်း ကြပါရန်နှင့် အမြန်ဆုံး အပစ်အခတ် ရပ်စဲကြပါရန် လေးနက်စွာ ပန်ကြားအပ်ပါသည်။
အပစ်အခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ပံ့ပိုးရန်အတွက် ကျွန်မအနေနှင့် ကိုယ်စွမ်းရှိသမျှ ပါဝင် ကြိုးပမ်းပေးရန် အသင့်ရှိပါသည်။
ဒေါ်အောင်ဆန်းစုကြည်

0 ဦးကဆွေးနွေးသွားပါတယ်..

Отправить комментарий