အမေရိကန် နိုင်ငံက မြန်မာနိုင်ငံအပေါ် ၂၀၀၃ ခုနှစ်ကစပြီး ချမှတ်ထားတဲ့ စီးပွားရေး ပိတ်ဆို့မှုတွေကို အခုဇူလိုင်လ ၂၀ ရက်နေ့က ထပ်မံ သက်တမ်း တိုးမြှင့်လိုက်တယ်ဆိုတဲ့ သတင်းနဲ့ အိန္ဒိယ နိုင်ငံကို ရောက်နေတဲ့ အမေရိကန်ရဲ့ နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီကလင်တန်က မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး ကိစ္စတွေကို အိန္ဒိယနိုင်ငံက ဝေဖန် ထောက်ပြဖို့ ဆိုပြီး နိုင်ငံကြီးတစ်နိုင်ငံရဲ့ သံတမန်တစ်ယောက်ရဲ့ ဂုဏ်သိက္ခာနဲ့မလိုက်ဖက်စွာနဲ့ ပြောဆိုလိုက်တာကို မြန်မာ့အရေး ဆောင်ရွက်နေသူဆိုတဲ့သူတွေ၊ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ထွန်းကားဖို့ ကြိုးစားနေကြတယ် ဆိုတဲ့ မဟာ့မဟာ နိုင်ငံရေး သရဲကောင်းကြီးတွေက ၀မ်းမြောက် ၀မ်းသာ ဖြစ်နေလိုက်ကြတာ မြန်မာစိတ်ဓါတ်ပဲ ကျွန်စော်နံတဲ့ စိတ်ဓါတ်တွေ ရှိနေကြတယ် ဆိုတာ ပေါ်လွင်လှ ပါတယ်။ အမေရိကန် ပါးစပ်က ဘာထွက်ထွက် မှန်ပါ့ဘုရား ၊ အမေရိကန် ဘာလုပ်လုပ် ထောက်ခံရမယ်လို့ ခံယူထားတဲ့ စိတ်နဲ့တော့ ခင်ဗျားတို့ပြောနေတဲ့ မြန်မာနိုင်ငံ အတွက် မြန်မာအမျိုးသားတို့ အတွက် ကောင်းကျိုးဆိုတာ ဘယ်တော့မှ ရလာမှမဟုတ်ပါဘူး။
ဘာကြောင့်လဲ ဆိုတော့ မြန်မာနိုင်ငံနဲ့ အမေရိကန်နိုင်ငံတို့ဟာ ယခင်အစိုးရ လက်ထက်ကကော ယခု အစိုးရသစ် လက်ထက်မှာပါ ဆက်ဆံမှုတွေ၊ တွေ့ဆုံ ဆွေးနွေးမှုတွေ အမျိုးမျိုး လုပ်ခဲ့ကြသလို၊ အမေရိကန်နိုင်ငံရဲ့ တာဝန်ရှိသူတွေ မြန်မာနိုင်ငံကို အကြိမ်ကြိမ် လာရောက်ခဲ့ ပါတယ်။ သူတို့ လာရောက်တဲ့ အကြိမ်တိုင်းမှာလည်း မြန်မာနိုင်ငံရဲ့ ပကတိ အခြေ အနေတွေမှာ သူတို့တွေ စွပ်စွဲနေသလို ၊ ပြည်ပရောက် ဒီမိုကရေစီ အင်အားစု ဆိုသူတွေ စွပ်စွဲနေသလို ဆိုးဝါးလှတဲ့ အဖြစ် အပျက်တွေကို မတွေ့ရှိကြရပဲ ပြည်သူတွေ အားလုံး တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်း နေထိုင်နေကြတာတွေ၊ နိုင်ငံတိုးတက်ရေး တည်ဆောက် နေမှုတွေ၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဖော်ဆောင်နေမှုတွေကို တွေ့မြင်ခဲ့ကြ ရပါတယ်။ ဒါပေမယ့် သူတို့တွေဟာ အဲလို လက်တွေ့ကျတဲ့ ဖြစ်စဉ်တွေကို တွေ့မြင်ပေမယ့် ဘာတိုးတက်မှုမှ မတွေ့ရပါဘူး ဆိုတဲ့ ဗြောင်ကျကျ တစ်ဖက်သတ် ဘက်လိုက် ပြောဆိုခဲ့တာတွေကို တွေ့ရမှာဖြစ်ပါတယ်။ နိုင်ငံတိုးတက်ဖို့၊ ဒီမိုကရေစီ ဖော်ဆောင်ဖို့ ဘာလက်တွေ့ လုပ်ဆောင်မှုမှ မရှိပဲ အစိုးရကို အတိုက်အခံ ပြုလုပ်ပြီး အမေရိကန်ရဲ့ အာဘော်တွေနဲ့ တစ်သံထဲ ထွက်နေတဲ့ လူတစ်စု၊ ပါတီတစ်ခုရဲ့ သဘောထားကိုသာ ဆုတွေ အမျိုးမျိုးပေးလိုက်၊ ဂုဏ်ထူးဆောင်တွေ ပေးလိုက် လုပ်ခဲ့တာပါ။
အမေရိကန် နိုင်ငံဟာ တစ်ချိန်လုံး ဆန့်ကျင်ဘက် အုပ်စုတွေ နိုင်ငံတော်ကို အတိုက်အခံ ပြုနေသူတွေရဲ့ တစ်ဖတ် သတ်ဆန်တဲ့ သဘောထားတွေကိုသာ လက်ကိုင်ထားပြီး မြန်မာနိုင်ငံအပေါ် ရည်ရွယ်ချက်ရှိရှိနဲ့ တိုက်ခိုက် ထိုးနှက် နေခဲ့ တာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ တိုးတက်မှုမရှိဘူး၊ လူ့အခွင့်အရေး ချိုးဖောက်တယ် စသည်ဖြင့် စွပ်စွဲ ပြောဆို နေမှုတွေဟာလည်း သူတို့လိုလားတဲ့ ဒေါ်စုကြည်နဲ့ NLD ပါတီအာဏာရရေး အတွက်နဲ့ သူတို့ ကြိုးဆွဲတိုင်း ကမယ့် ရုပ်သေး အစိုးရတစ်ခု ၊အမေရိကန် သြဇာခံ အစိုးရတစ်ခု ပေါ်ပေါက်ဖို့လုပ်နေတယ်ဆိုတာ ပေါ်လွင်လွန်းနေပါတယ်။
ဒီလိုမျိုး မြန်မာနိုင်ငံမှာ သူတို့သဘောကျ ရုပ်သေး အစိုးရပေါ်ပေါက်ဖို့ ကြိုးစားနေချင်တဲ့ သူနဲ့ နိုင်ငံရေး ဘမ်းပြပြီး ထင်ပေါ် ကျော်ကြားမှု ရယူလိုသူတွေ၊ ပြည်ပနိုင်ငံတွေမှာ နိုင်ငံရေးဆိုတာကို အော်နေရုံနဲ့ အနေချောင်တဲ့ အရသာကို ပျော်မွေ့ နေကြတဲ့သူတွေ ပေါင်းပြီး မြန်မာနိုင်ငံအကြောင် မဟုတ်မမှန် သတင်းတွေ ဖန်တီးနေတာတွေ၊ တိုင်းရင်းသားတွေနဲ့သွေးကွဲ အောင် ဖန်တီးနေတာတွေ အားလုံးဟာ ဒီမိုကရေစီ ဖော်ဆောင်မှုခရီးကို နှောင့်နှေးအောင် လုပ်ဆောင်နေခြင်း ဖြစ်တာကြောင့် ပြည်သူတွေက သူတို့တွေရဲ့ အသုံးချခံ မဖြစ်စေဖို့ ခိုင်မာတဲ့ မျိုးချစ်စိတ်တွေနဲ့ကာကွယ်သွားနိုင်ကြစေဖို့ အသိပေးတင်ပြ လိုက်ရပါခြင်း ဖြစ်ပါသည်။ စူးရှမေတ္တာ

0 ဦးကဆွေးနွေးသွားပါတယ်..

Отправить комментарий