နိုင်ငံခြား ဗီဒီယို ဇာတ်ကားတွေကို ဆင်ဆာ လုပ်ဖို့ လိုနေပြီဆိုတာ ပေါ်လွင်နေပြီဗျ။ ဘယ့်နှယ်ဗျာ။ သတ်လိုက် ဖြတ်လိုက် သွေးသံရဲရဲ လုပ်ကြံလိုက်ကြ တာများ မကြည့်ရက် မမြင်ရက်စရာ။ ဒီကြားထဲ ရိုက်ချက်တွေက အရမ်း ကောင်းလွန်းတော့ နှလုံးမခိုင်တဲ့ ပရိသတ် ခမျာ သူတို့ ကိုယ်တိုင် ဇာတ်ကောင်ဖြစ်သလို ခံစားရပြီး မိုးပေါ် ပျံကြည့်လို့ ပြုတ်ကျ ဆေးရုံရောက် ရသူတွေ၊ သူများသားသမီး သွားပြီး အကြမ်းဖက်လို့ နံရံလေးဘက်နဲ့ မိတ်ဆက် ရသူတွေက တစ်ပုံတစ်ပင်။ တစ်ချို့ ရူးကြောင်ကြောင်တွေ ကျတော့လည်း လက်တွေ့တော့ ဘာမျှမလုပ်၊ ဇာတ်ထုပ်ထဲကို မျောဝင်၊ စိတ်ကူးယဉ်လို့ ငါသာလျှင် လက်မရွံ့ ဖြစ်တော့သတည်း၊ စိတ်ကြီးဝင်ပြီး ခုနစ်ရက် သားသမီး ခေါင်းမီးတောက် ရအောင် အာချောင်ရင်း ဇာတ်စုံခင်း ပါရောဗျား။

ကျုပ်တို့ ပြောလို့မှ မကြာသေး၊ သြစတေးလျရောက် အရူး တစ်ယောက်က မြန်မာပြည်မှာ လူအယောက် တစ်ရာ ကျော်လောက် သူသတ်လာခဲ့ ပါတယ်။ သူက ထောက်လှန်းရေး တပ်ဖွဲ့ဝင်ပါ။ အထက်က ခိုင်းလို့ လုပ်ခဲ့ရတာပါ ဆိုပြီး ပြောတယ်တဲ့ဗျား။ ဒါကိုကြားရတဲ့ သြစတေးလျ ပြည်ထောင်စု ရှေ့နေချုပ် ဆိုတဲ့ ပုဂ္ဂိုလ်ကလည်း “တော်တော်ကို ဆိုးရွားတဲ့ အဖြစ်အပျက် တစ်ခုပဲ”လို့ သူ့ထက်ငါ ဦးစေဖို့အရေး မနှေးအမြန် မှတ်ချက်ပြု ခဲ့တယ်တဲ့လေ။

ဒီကိစ္စကို သေချာ စဉ်းစားကြည့်တယ်။ သူတကယ် သတ်တာ မသတ်တာ အပထား၊ လူတစ်ယောက်က လူ ၁၀၀ ကျော်လောက်ကို သတ်ဖို့ အဖွဲ့အစည်း တစ်ခုက တာဝန်ပေး ခံရဖို့အတွက် ဒီလူဟာ တော်တော်ကလေးကို တော်တဲ့လူ၊ ကျွမ်းကျင်တဲ့လူ ဖြစ်ရမယ်လေ။ ဒါ့အပြင် အဲဒီလို လူတွေဟာ သွေးအေးပြီး စကားနည်းသူတွေ ဖြစ်တတ်တယ်။ ဘာသာတရားကို ယုံကြည်မှု နည်းပါးသူ (သို့မဟုတ်) ယုံကြည်လွန်းသူ (အစွန်းရောက်သူ) ဖြစ်တတ်တယ်။ သူတို့ရဲ့ မျက်လုံးမှာ အဲဒီအရိပ် အယောင်တွေ ပေါ်နေတတ်တယ်။ နောက်ဆုံး ကုန်ကုန်ပြောရရင် သူတို့မှာ အဲဒီလက္ခဏာတွေ ရှိမရှိ နည်းနည်းလောက် စကားပြောကြည့်ရင်ကို သိနိုင်တာမျိုးဗျ။ ဒီအရူးပြောတဲ့ အဲဒီ ကာလတုန်းက နှပ်ချေး တွဲလောင်းနဲ့ သူ့လို မနူးမနပ်ကလေးကို လူတွေ သတ်ခွင့် (သူ့အပြော) ပေးတယ် ဆိုတာလည်း ရယ်စရာ၊ ကျုပ်သိ သလောက်တော့ ဒီလောက် အကောင်သေးသေး ကလေးကို လူသတ်ဖို့ နေနေသာသာ ကြမ်းပိုးရှာ ဖို့တောင် တော်တော်ကလေး မှာကြားရဦးမှာ ပါလားကရို့။ ဒါကို နိုင်ငံရေး အကြောင်းသိတဲ့သူ မပြောနဲ့၊ Taxi ဂိတ်တို့၊ ဆိုက်ကားဂိတ်တို့က လူတွေတောင် သုံးသပ် နိုင်ကြတယ်။

ကျုပ်နားလည်ရ ခက်နေတာက ဒီအနောက်သား တွေဟာ ဘာရောဂါထလို့ တွေ့ကရာ အနုတ်စုတ် ကုတ်စုပ်တွေက ပြောသမျှ လှုပ်နေကြရတာလည်း။ ဘာအတွက်နဲ့ မြန်မာပြည်ကို ဖဲ့ရွဲ့နေကြတဲ့ နှစ်ယောက် တစ်ပိုင်းနဲ့ ဖွဲ့ထားတဲ့ ဗရုသုက္ခ အဖွဲ့တွေကို စာရင်းသွင်း ရေတွက်နေရတာလည်း။ ဘယ်လို စက္ခုပသာဒ ချို့ယွင်းလို့ လက်ကြောမတင်း ချွေးထွက်ရ မှာပျင်းလို့ ပိုက်ဆံ လွယ်လွယ်ရမလား အတွေးနဲ့ နိုင်ငံခြားကို ပြေးခဲ့သူတွေရဲ့ လက်ကြောမတင်းပုံကို မမြင်နိုင်ကြဘဲ ဖြစ်နေရတာလည်း ဆိုတာပါ။ အဲဒီသူတို့ရဲ့ အတွေးကြောင်ပုံကို ပြည်ပမှာ တောင်းရမ်း စားနေတဲ့ လူလည်တွေသာမက အရူးကတောင် အထာသိလို့ သူတို့ ကြိုက်လောက်တဲ့ တွေ့ရာတွေ ပြောလာပြီ။ သူပြောခဲ့တဲ့ ပေါက်ကရတွေကို နားထောင်ပြီး ရင်သိမ့်တုန်သွားတဲ့ နှာခေါင်းရှည် ဒီမိုဘိုးအေတွေကို ကြည့်ပြီး နောက်ဖေးချောင်မှာ အရူးက ပြုံးနေတာကို တွေးမြင်ပြီး ကျုပ်တော့ တော်တော်ကလေးကို ရယ်လည်း ရယ်ချင်၊ စိတ်လည်း ပျက်ချင်ပါရဲ့။ ဒီလို ငကြောင်တွေ ကများ မြန်မာပြည်ကို ဘာတွေလုပ်ပါ ညာတွေလုပ်ပါ လေလာရှည်နေဦး မတဲ့ဗျား။

သူတို့ကို မဟုတ်ကဟုတ်က ဇာတ်ကြောင်းတွေ ပေးနေတာ ဒီတစ်ယောက်ထဲမှ ဟုတ်ပါလေစ လို့လည်းတွေးမိ သေးဗျ။ ဒီလိုဟာတွေကို နားထောင်၊ အတွေးတွေကြောင်လို့ မြန်မာပြည်အပေါ် ခပ်ချော်ချော် ဖိအားတွေ ပေးနေကြ ရော့သလား၊ စဉ်းစားစရာတွေ ဖြစ်ကုန်ပြီ။ တကယ်တော့ ဒီပုဂ္ဂိုလ်တွေဟာ မြန်မာအကြောင်း ကောင်းကောင်း မသိဘဲ သူတို့ဆီမှာ စားကောင်း သောက်ကောင်းအောင် အာလာချောင်နေတဲ့ နှုတ်ခမ်းပဲ့ သူတောင်းစားတွေရဲ့ Data တွေနဲ့သာ မှတ်ချက် ကလချာတွေ ချနေတာ အခုတော့ သေချာသိရပြီ။

ကဲ-----ပြောရတာ မောသဗျ။ သြစတေးလျဆိုတဲ့ ဒီမိုကရေစီ တိုင်းပြည်ကြီးက ဗရုသုက္ခ ပြည်ထောင်စု ရှေ့နေချုပ် ဆိုတဲ့ ပုဂ္ဂိုလ်၊ သူ့နိုင်ငံမှာ ဘယ့်နှယ်လုပ် ဥပဒေတွေ ချမှတ်နေလည်းတော့ မသိ။ အရူးစကား နားထောင်လို့ အလွဲလွဲ အချော်ချော် “တော်တော်ကို ဆိုးရွားတဲ့ အဖြစ်အပျက် တစ်ခုပဲ”လို့ မှတ်ချက်တွေ ပြုနေမယ့်အစား ကိတ်မုန့်လေးဝါးလို့ ဗီဒီယိုကား ကောင်းကောင်းကို ကြည့်ရင်း မြန်မာပြည်သူတို့ရဲ့ ဒီမိုကရေစီ အခင်းအကျင်းကိုသာ ရေငုံနှုတ်ပိတ် စိတ်အေး သက်သာ စောင့်မျှော်ပါလို့ ပြောလိုက်ချင်တော့တယ်ဗျား။ (အောင်ဘု)

0 ဦးကဆွေးနွေးသွားပါတယ်..

Отправить комментарий