ကျွန်ုပ်တို့ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ယခုအချိန်ထိ ကမ္ဘာ့အလယ်တွင် တင့်တယ်စွာ ရပ်တည်နေထိုင် လာနိုင် သည်မှာ မြန်မာ့ သမိုင်းလောကတွင် ပြည်သူများအတွက် အသက်စွန့်ကြိုးပမ်း တိုက်ပွဲဝင်ခဲ့ကြသော အာဇာနည် ခေါင်းဆောင်ကြီးများ၏ ကျေးဇူးတရားကြောင့် ဖြစ်ပါသည်။ ယမန်နေ့က ကျရောက်ခဲ့သော ဇူလိုင် (၁၉) ရက်သည် မြန်မာ လူမျိုးများအားလုံး မေ့မရနိုင်သော (၆၄) နှစ်မြောက် အာဇာနည်နေ့ပင် ဖြစ်သည်။ ထို့ကြောင့် သမိုင်းပေး တာဝန်ကို ကျေပွန်စွာ ထမ်းရွက်ခဲ့ကြသော အာဇာနည် ခေါင်းဆောင်ကြီးများကို ဂုဏ်ပြုသည့် အနေဖြင့် အာဇာနည်နေ့ အခမ်းအနားကို ယမန်နေ့ မနက် ၈ နာရီက ရန်ကုန်မြို့ရှိ အာဇာနည် ဗိမာန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ထိုသို့ နှစ်စဉ်နှစ်တိုင်း အာဇာနည် နေ့ကို ကျင်းပ ပြုလုပ်ခြင်းသည် သူရဲကောင်းတို့ မည်သည် တိုင်းပြည်အတွက် စွန့်စားတိုက်ပွဲ ၀င်ခဲ့ရာ အသက်ပင် သေဆုံး သွားသော်လည်း သမိုင်း မသေသေးဘဲ ခေတ်အဆက်ဆက် ကျန်ရစ် ရှင်သန်နေခြင်းကို ပြသလိုက်ခြင်း ဖြစ်ပါသည်။
တစ်ဖန် အာဇာနည်နေ့ ကျင်းပရသည့် ရည်ရွယ်ချက်မှာ ကျဆုံးသွားကြသော ခေါင်းဆောင်များကို ဂုဏ်ပြုလိုသည်က တစ်ကြောင်း၊ ၎င်းတို့၏ ရဲစွမ်းသတ္တိကို ရှေ့တန်းတင်ကာ အသက်ထက် မြန်မာ့အရေးကို ပိုမို အလေးထား ခဲ့ကြသည်ကို မျိုးဆက်သစ် လူငယ်များအား အတုယူစေလိုသည်က တစ်ကြောင်း၊ မြန်မာလူမျိုးများ အနေဖြင့် မိမိနိုင်ငံတွင် အေးချမ်းတည်ငြိမ်စွာ ရပ်တည် နေနိုင်ခြင်းသည် မြန်မာ့သမိုင်း ခေါင်းဆောင်များ၏ ကိုယ်ကျိုးစွန့် အနစ်နာခံမှုကြောင့် ဖြစ်ကြောင်း အစရှိသဖြင့် သိစေရန် ဖြစ်သည်။ သို့သော်လည်း မြန်မာ လူမျိုးများထဲတွင်မှ အချို့သော သူများသည် မိမိနိုင်ငံတွင် နှစ်စဉ် ကျရောက်လာသည့် အထိမ်းအမှတ်နေ့များကို အခွင့်ကောင်းယူကာ လူထုစည်းဝေးပွဲ၊ ဆန္ဒပြပွဲ၊ အုံကြွ အစရှိသော ပုံသဏ္ဍာန်များ ဖြစ်အောင် ဖန်တီးပြုလုပ်ကာ ပြည်သူလူထု ထင်ယောင်ထင်မှား ဖြစ်စေရန် အကောင် အထည်ဖော် ဆောင်ရွက် နေကြပါသည်။
သို့သော်လည်း အာဇာနည်နေ့ အထိမ်းအမှတ်ဟု ခေါင်းစဉ်တပ်ပြီး မြို့အတွင်း ဆူဆူညံညံများ ပွဲများ ကျင်းပခြင်း၊ ဂါထာ၊ မန္တာန်များ မဟုတ်သော ဆုတောင်း ရွတ်ဖတ်သံများ၊ လက်ရှိ မြန်မာ အစိုးရသစ်အပေါ် မကျေနပ်ချက်များအပေါ် စောင်းမြောင်း ရေးသားထားသော ကြေငြာချက်များ ထွက်ပေါ်လာခြင်းမှာ မြန်မာ ပြည်သူများအား အထင်မြင်လွဲမှား စေနိုင်ပြီး မြန်မာ့သမိုင်း ခေါင်းဆောင်များကို ပမာမခန့်ပြုကာ ထိခိုက်စော်ကားရာ ကျပါသည်။ အမှန်စင်စစ် အာဇာနည်နေ့ အထိမ်းအမှတ်မှာ မည်သည့် ကြေငြာချက်၊ မည်သည့် ဆုတောင်း ရွတ်ဖတ်သံများဖြင့် သီးခြား ပြုလုပ်ခြင်းများ မရှိလျှင်ပင် မြန်မာနိုင်ငံတွင် နေထိုင်သော မြန်မာ လူမျိုးမှန်လျှင် အလိုအလျှောက် ဇူလိုင် (၁၉) ရက် ကျရောက်သည် နှင့် တစ်ပြိုင်နက် တိုင်းပြည်အတွက် သက်စွန့်ကြိုးပမ်းခဲ့သော မမေ့အပ်သော အာဇာနည်နေ့ဟူ၍ စိတ်အာရုံတွင် ချက်ချင်းသိမြင် လာရပါမည်။ ထိုသို့ သိမြင် နားလည်ကြပြီး မြန်မာနိုင်ငံ၏ လက်ရှိဖွံ့ဖြိုး တိုးတက် နေမှုကိုသာ အကောင်းမြင်တတ်အောင် ရှုမြင်သုံးသပ်ပြီး ကဏ္ဍတစ်ထောင့် တစ်နေရာမှ ပါဝင် ဆင်နွှဲသွားမည်ဆိုပါက စစ်မှန်သော မြန်မာလူမျိုးများ ဖြစ်လာမည် မဟုတ်ပါလား။
ဖူးစုံထွေး

0 ဦးကဆွေးနွေးသွားပါတယ်..

Отправить комментарий