ဒီတစ်ပတ်တော့ အခြားသောပုဂ္ဂိုလ်များနှင့်တွေ့ဆုံခြင်းမပြုတော့ပဲ Voice Of Myanmar ၏ ပင်တိုင်စာရေးသူ ဆရာကိုဆိတ်ဖွားနှင့်တွေ့ဆုံ၍ လတ်တလောနိုင်ငံရေးအခြေအနေများအပေါ် သူ၏အမြင်များ ကို မေးမြန်း ခဲ့ပါသည် ။
မေး ။  ။ ခုဒီရက်ပိုင်းအတွင်းရေပန်းစားနေတာကတော့ ၀န်ကြီးဦးအောင်ကြည်နဲ့ ဒေါ်စုတို့ တွေ့တဲ့ သတင်းပေါ့ ဗျာ.. တချို့ကလည်း အရင် ၉ ကြိမ်တွေ့ထားတယ် ဘာမှထူးလာမှာမဟုတ်ဘူး ၊ တချို့ကတော့ ထူးခြားမှုရှိတယ်ပေါ့လေ..ဒီအပေါ်ဆရာ့အမြင်လေး..ပြောပေးပါဦး..
ဖြေ။   ။ တိုတိုပြောရရင်တော့ ထူးတယ်လို့ပြောရမှာပေါ့....ဘာထူးလဲမေးရင်တော့ ဖြေစရာတွေကအများ သားလားမောင်ရင်ရ ၊ ဥပမာတစ်ခုပြောရရင် သူတို့ဘယ်နေ့တွေ့မယ် ဆိုတာကြိုပြီးပြောတယ်၊ ပြီးတာနဲ့ ဘာဆွေးနွေးတယ်ဆိုတာ ချက်ချင်းသတင်းထုတ်တယ် သတင်းသမားတွေကိုကြိုပြီးဖိတ်ကြားထားတယ် ၊ မေးခွန်းတွေအနည်းအကျဉ်းဖြေသွားတယ်..ဒါကိုက အရင်ကထက်စာရင်ထူးခြားနေတာပဲမဟုတ်လား..
မေး ။   ။ ဒါကတော့ အသွင်သဏ္ဍာန်အပိုင်းပေါ့ဆရာရယ် တကယ့်အနှစ်သာရပိုင်းမှာရော ထူးခြားလာနိုင်ပါ့မလား...
ဖြေ ။     ။ ဒီနေရာမှာ အနှစ်သာရဆိုတာဘာလဲဆိုတာ မောင်ရင့်ကိုပြန်မေးရမလိုဖြစ်နေတယ်..မောင်ရင် ဆိုလိုတာက အစိုးရနဲ့ NLD ပေါင်းစည်းသွားရင် အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးဖြစ်မယ် ၊ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အပစ်အခတ်တွေရပ်စဲပြီး ပြည်တွင်းငြိမ်းချမ်းရေး ရမယ် ၊ မြန်မာပြည်ကြီးနေ့ချင်းညချင်းတိုးတက်သွားမယ် ဒါတွေဖြစ်မဖြစ်ကို ဆိုလိုတာလား... ဒါကိုဆိုလိုတာဆိုရင်တော့ မောင်ရင်ထင်တာတွေမှားနေပြီ..ခါးတောင်းကျိုက်တခြား ဟိုဟာတခြားဆို သလိုဖြစ်နေပြီလို့ပဲပြောချင်တယ်ကွာ.....
မေး ။   ။ ဘာလို့လဲဆရာ
ဖြေ ။    ။ မောင်ရင်ရိုးရိုးလေးပဲစဉ်းစားကြည့်လေ..NLDဆိုတာ သူ့ပါတီသူတောင် စည်းရုံးထားနိုင်တာမဟုတ်ဘူး ၊ သူ့ပါတီကခွဲထွက်သွားသူတွေကိုတောင် ပြန်မစည်းရုံးနိုင်တာ တစ်တိုင်းပြည်လုံးစည်းရုံးနိုင်မယ်ဆိုတာ ဖြစ်နိုင်ပါ့မလား  ၊ နိုင်ငံရေးပါတီကို နိုင်ငံရေးပါတီနဲ့တူအောင် မလုပ်နိုင်ဘူး ၊ လူမှုရေးလုပ်တာလိုလို ၊ ပညာရေးလုပ်တာလိုလို ဟိုဟာလိုလို ဒီဟာလိုလို ဖြစ်နေတာ ၊ ပါတီခေါင်းဆောင်တွေကိုလဲကြည့် မာမာချာချာတစ်ယောက်မှမရှိဘူး ဥက္ကဌ ရဲ့အခန်းကဏ္ဍက ဘာမှန်းမသိဘူး ၊ ဒုဥက္ကဌ ကလည်း အထွေထွေ အတွင်းရေးမှူးရဲ့ နောက်လိုက်လိုလိုဘာလိုလို ၊ ဦးဝင်းတင်ကိုလဲကြည့် ဆေးရုံမှာ ၊ ဦးဥာ ဏ်ဝင်းတို့ ဦးဝင်းတင်တို့ရဲ့ ဥပဓိတွေကိုလည်း ကြည့် ခေါင်းဆောင် ဖြစ်မယ့်ဥပဓိမျိုးကိုမရှိဘူး.... နောက်ရှိသေးတယ် CRPP က ဦးအေးသာအောင်ဆိုတာ သူ့အသံနားထောင်ရတာနဲ့တင်ဘေးကလူက အလိုလိုမောလာတယ် မောင်ရင်မယုံရင်ဒီလူ့အသံကို နားထောင်ကြည့်....  ပြောချင်တာက ဒီပါတီဟာ ဒေါ်စုတစ်ယောက်ကိုပဲ ဗဟိုပြုပြီး လှုပ်ရှားနေတာတွေ့ရတယ်.. ခုချိန်ထိ ရုံးအပိုင်မရှိဘူး အငှားနဲ့နေနေရတယ် ဒီလိုပါတီမျိုးနဲ့ပေါင်းလို့ ခုန အပေါ်က ဟာတွေဖြစ်လာမယ်ဆိုတာ လက်တွေ့မှာဘယ်လိုမှဖြစ်မလာနိုင် တဲ့ကိစ္စမျိုးပဲ.. ..
မေး ။   ။ ဒါဆိုအစိုးရက ဘာလို့အရေးတယူလုပ်ပြီးတွေ့နေရတာလည်းဆရာ...
ဖြေ ။   ။ တိုတိုပြောရရင်တော့ NLD ပါတီဟာ နတ်ဆိုးနဲ့တူတယ်ကွ ..သူကကောင်းအောင်တော့ ဘာမှမလုပ်ပေးနိုင်ဘူး..ဒါပေမယ့်ဒုက္ခတော့ပေးနိုင်တယ် ဒါကြောင့်အစိုးရက တွေ့နေရတာပေါ့ကွာ..
မေး ။    ။ ဒီထက်ရှင်းအောင် ဥပမာလေးနဲ့လုပ်ပါဦးဆရာ..
ဖြေ ။   ။မောင်ရင်စစ်တုရင်ကစားဘူးတယ်မဟုတ်လား.. နိုင်ငံရေးဆိုတာ စစ်တုရင်ထိုးသလိုမျိုးပဲမောင်ရင်ရ  မဖြစ်တဲ့အဆုံးမှာသရေကျတာ မျိုးဖြစ်သွားပေမယ့် တစ်ကယ်တော့ တစ်ဖက်နဲ့တစ်ဖက်အနိုင်တိုက်နေကြတာပါဘဲ. .မောင်ရင်မြင်သာအောင်ပြောရရင် လက်ရှိအစိုးရက ဘုရင်ရုပ်နဲ့တူတယ် သူကပွဲမှာအရေးပါတယ် သူမရှိရင်မရဘူးဆိုပေမယ့် သူ့ကိုဝန်းရံထားတဲ့ ဘုရင်မတို့လို ရထားတို့လို ပါဝါရှိတဲ့ နယ်ရုပ်တွေနဲ့ဟန်ချက်ညီလုပ်နေရတယ်  ဆိုလိုတာက လက်ရှိအစိုးရဟာ   ရုရှား ၊တရုပ်တို့လို အင်အားရှိတဲ့နိုင်ငံတွေ ၊  အာဆီယံလိုဒေသ တွင်း နိုင်ငံတွေ ပြည်တွင်းက တပ်မတော် ပြည်သူ စတဲ့ အင်အားတွေကို ဟန်ချက်ညီသုံးပြီး သူ့ရဲ့ နိုင်ငံရေး စစ်တုရင်ကစားကွက်ကိုရွှေ့နေတယ် ...
မေး ။  ။ ဒါဆို NLD ကရောဆရာ..
မေး ။   ။ ဒါဆိုအနာဂတ်အလားအလာ ဘယ်လိုဖြစ်လာနိုင်မလဲဆရာ..
ဖြေ ။   ။ တစ်ဘက်အသင်းကနယ်ရုပ်ကလေးဟာ အခြားတစ်ဘက် အသင်းနဲ့ ပေါင်းသွားတယ် လို့ မောင်ရင်ကြားဘူးလို့လား....Game rules အရပေါင်းသွားလို့ ရကိုမရဘူး ၊ ပေါင်းသွားရင်လည်း ဂိမ်းကပျက်ပြီလေ... ဟုတ်တယ်မဟုတ်လား တစ်ခါ တစ်ဘက်အသင်းအနေနဲ့ကလည်း နယ်ရုပ်တစ်ရုပ်ကို ထိန်းလို့မရတော့ဘူး ၊ ဒါမှမဟုတ် ထိန်းထားလို့ ဘာမှအကျိုးမရှိတော့ဘူးဆိုရင် အဲဒီနယ်ရုပ်ကိုထိုးကျွေးပြီး အခြားနယ်ရုပ်လေးတစ်ရုပ်ကို ထပ်ပြီးအသက်သွင်းရ မှာမဟုတ်ဘူးလား..
 အစိုးရဘက်ကကြည့်ရင်လည်း တစ်ဘက်အသင်းရဲ့နောက်ထပ်ပွန်းအသစ် တစ်ကောင်ကို အခင်းအကျင်းအသစ်နဲ့ ထပ်ပြီးထိန်းရမယ့်အတူတူ focus မိပြီးသားနယ်ရုပ်ကလေးကိုဘဲ ဆက်ပြီးထိန်းထားတာက သူ့အတွက်ပိုကောင်းတယ်ဆိုတဲ့ အယူအဆမျိုးလဲ ရှိနိုင်တယ်မဟုတ်လား... ဒါပါပဲမောင်ရင်ရာ.. ပိတ်ကားပေါ်မှာ ဆက်ကြည့်ရမယ့် ကိန်းပါပဲ...
မေး ။   ။ ဟုတ်ကဲ့ဆရာ ရှင်းသလောက်ဖြစ်သွားပါပြီ... အချိန်ယူပြီးရှင်းပြပေးတဲ့အတွက် လဲ ကျေးဇူးတင်ပါတယ် ဒါနဲ့ဆရာ.. ဆရာဘယ်သူဘယ်ဝါဆိုတာ ကျွန်တော့်အမေးအဖြေလေးမှာ အရိပ်အမြွတ်လောက် ထည့်ရေးလို့ရမလားဆရာ...
ဖြေ။   ။ မလုပ်ပါနဲ့ မောင်ရင်ရယ်...အချိန်မတန်သေးဘူးမဟုတ်လား..အချိန်တန်တော့လဲ ပြောကြ ဆိုကြတာပေါ့  ဒီလောက်နဲ့ ပဲကျေနပ်ပါကွာ...ပြီးတော့လဲ ပြီးသွားမှာပါပဲ မောင်ရင် ရာ  .....
Voice Of Myanmar
0 ဦးကဆွေးနွေးသွားပါတယ်..
Отправить комментарий