ယခုတလော NLD ပါတီ ထပ်မံ မှတ်ပုံ မတင်သည့် ကိစ္စနှင့် ဆိုင်သော သတင်းများ၊ သတင်း ဆောင်းပါးများ၊ ဝေဖန် သုံးသပ် ချက်များ မီဒီယာ အသီးသီးမှ ရေးသား ထုတ်လွှင့်လျက် ရှိသည်ကို နားမဆံ့ နိုင်အောင် ကြားနေရ ပေသည်။ NLD ပါတီ ဘာကြောင့် ထပ်မံ မှတ်ပုံ မတင်သလဲ ဆန်းစစ် ကြည့်စေလို ပါသည်။
NLD ပါတီသည် တပ်မတော် အစိုးရ၏ လုပ်ဆောင်မှု မှန်သမျှ ထောက်ခံသည် ဟူ၍ မရှိဘဲ မည်မျှပင် ကောင်းမွန်သော လုပ်ရပ် ဖြစ်နေပါစေ မည်သည့်နည်းနှင့် မကောင်းကြောင်း ပြောရမလဲ၊ မည်သည့်နည်းနှင့် ပုတ်ခတ်ရမလဲ၊ မည်သည့် နည်းနှင့် ပြည်သူက အထင်လွဲအောင် လုပ်ရမလဲ စဉ်းစားပြီး အမြဲတမ်း ဆန့်ကျင်နေသူသာ ဖြစ်သည်။ နောက်ကွယ်မှ Guide Line ပေး ညွှန်ကြားနေသူများ အလိုကျ သူတို့ ဖြစ်စေလိုသည့် အတိုင်း လိုက်လံ ပြောဆိုလေ့လည်း ရှိ၏။ အမျိုးသား ညီလာခံက သဘောထား ကြီးကြီးထားပြီး ဖိတ်ခေါ်သည့်တိုင် ပြန်လည်မတတ် ရောက်တော့တာလည်း သူတို့ပါပဲ။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အတည်ပြုဖို့ မဲဆန္ဒ ပေးကြရာမှာလည်း မဲပေးခွင့် ရှိသူ အများစု ဖြစ်တဲ့ ၉၂. ၄၈ ရာခိုင်နှုန်းက ထောက်ခံ အတည်ပြုခဲ့တာ ကိုပဲ အမနာပ ပြောလို့ မဆုံးနိုင်အောင် ဖြစ်ခဲ့ကြတာ NLD ပါပဲ။
တကယ်တမ်းတွင် သူတို့လုပ်ရပ်နှင့် သဘောထားသည် တည်ဆဲ တပ်မတော် အစိုးရကို ပုတ်ခတ် စော်ကားခြင်းသာ ဖြစ်ပါသည်။ ၁၉၉၀ မေလ ၂၇ ရက် ရွေးကောက်ပွဲ အကြိုကာလများတွင် ဒေါ်စုကြည်သည် တပ်မတော်ကို အမျိုးမျိုး လုပ်ကြံပုတ်ခတ် စွပ်စွဲခဲ့သည့် အပြင် တပ်မတော်ကို ဖက်ဆစ် အဖွဲ့အစည်းမျိုး ဖြစ်သည်ဟုပင် ရိုင်းစိုင်း ကြမ်းတမ်းစွာ စွပ်စွဲ ပုတ်ခတ်ခဲ့သည်။ သို့သော် တပ်မတော် အနေဖြင့် အမျိုးသား ခေါင်းဆောင်ကြီး၏ သမီး ဖြစ်သည့်အတွက် ထောက်ထားကာ သည်းခံနေခဲ့ ပေသည်။
ဒေါ်စုကြည်နှင့် NLD ပါတီ၏ တပ်မတော် အစိုးရ အပေါ် ပုတ်ခတ်ထိပါးမှု များက ဤမျှ မဟုတ်သေးပါ။ ဒေါ်စုကြည်သည် ၁၉၉၀ ရွေးကောက်ပွဲမှာ ပါဝင် ယှဉ်ပြိုင် အရွေးခံရန် လျှောက်ထားခဲ့ သော်လည်း ရွေးကောက်ပွဲ ဥပဒေအရ ပြည်ပ နိုင်ငံများ၏ ကျေးဇူးခံ ကျေးဇူးစားနှင့် အကျိုးခံစားခွင့် ရှိသူ တစ်ဦးအနေဖြင့် ပါဝင် ယှဉ်ပြိုင်ခွင့် မရခဲ့ပါ။ ယင်းသတ်မှတ်ချက် များသည် ၄င်း၏ဖခင် ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် ချမှတ်ခဲ့သည့် မူများပင် ဖြစ်သည်။ သို့သော်လည်း တပ်မတော်က သူမ ဝင်ရောက် ယှဉ်ပြိုင်ခွင့် မရအောင် တားဆီးခဲ့သည်ဟု ပြည်သူများ အထင်လွဲအောင် စွပ်စွဲခဲ့သေးသည်။
ဒေါ်စုကြည်နှင့် NLD ပါတီသည် ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန်နိုင်ငံ အမြဲတမ်း သံအမတ်ကြီး မက်ဒလင်း အေဘရိုက် (နောင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး) လာသွားလိုက် တပ်မတော် အစိုးရကို တစ်မျိုး ကန့်လန့်တိုက်လိုက်၊ ဆီးနိတ် လွှတ်တော်အမတ် ဒါနာရိုရာဘာဂျာ က ခေါ်တွေ့လိုက် ကြေညာချက် တစ်ခု ထုတ်ပြန်ပြီး တပ်မတော် အစိုးရကို ရာဇသံ ပေးသလို လုပ်လိုက်နဲ့ အမျိုးမျိုး ဆန့်ကျင်ခဲ့ကြသည်။
ထို့အပြင် NLD သည် ရက်ပေါင်း ၆၀ အတွင်း လွှတ်တော် ခေါ်ပေးရန် ရာဇသံဆန်ဆန် စာကို နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီထံ ပေးပို့ခြင်း၊ ဒေါ်စုကြည်မှ တစ်ကိုယ်တော် ခရီးထွက်ကာ ဆန္ဒပြ လှုံ့ဆော်ခြင်းတို့ လုပ်၍ တပ်မတော် အစိုးရနှင့် ထိပ်တိုက် ရင်ဆိုင်ခြင်း၊ ဆူပူ ဆန္ဒပြအောင် လှုံ့ဆော်ခြင်းများ ပြုလုပ်ခဲ့သည်။ ပါးစပ်က နိုင်ငံအကျိုး လိုလားသည်ဟု တဖွဖွ မည်မျှ ပြောနေစေကာမူ လက်တွေ့တွင် “မြန်မာနိုင်ငံတွင် နိုင်ငံတကာမှ ရင်းနှီး မြှုပ်နှံမှုများ မပြုလုပ်ရေး၊ နိုင်ငံတကာမှ မြန်မာနိုင်ငံအား အကူအညီ အထောက်အပံ့များ၊ အချေးအငှားများ မပြုလုပ်ရေး၊ နိုင်ငံတကာမှ စီးပွား ကုန်သွယ်မှုများ မပြုလုပ်ရေးနှင့် နိုင်ငံတကာ ဆက်ဆံရေးနှင့် ကမ္ဘာလှည့် ခရီးသွားများ မလာရောက်ရေး” ဟူသည့် ပိတ်ပင်မှု (၄)ခု (ပိတ်လေးပိတ်) ကို NLDတို့ ချမှတ် လုပ်ဆောင်ခဲ့လေသည်။
ဤသည်တို့မှာလည်း အမေရိကန်နှင့် အနောက် အုပ်စုဝင် နိုင်ငံများ၏ အလိုကျ လုပ်ဆောင် ခဲ့ခြင်းပင် ဖြစ်လေသည်။ အမေရိကန် သံရုံး၊ ဗြိတိသျှသံရုံးနှင့် အခြား အနောက်အုပ်စုဝင် အင်အားကြီး နိုင်ငံအချို့၏ မြန်မာနိုင်ငံ ဆိုင်ရာ သံအမတ်ကြီးများ၊ တာဝန်ရှိသူများသည် NLD နှင့် ဒေါ်စုကြည်အား မကြာခဏ သွားရောက် တွေ့ဆုံပြီး အမျိုးမျိုး Guide Line တွေ ပေးနေခဲ့သည်မှာ ထင်ရှားလှသည်။
ယခု NLD ပါတီ ထပ်မံ မှတ်ပုံမတင်ရေး ဆိုသည်မှာလည်း ဆရာကြီးများ၏ လမ်းညွှန်ချက်သာ ဖြစ်ကြောင်း ထင်ရှား လှသည်။ နိုင်ငံရေး ပါတီတစ်ခု အနေဖြင့် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို စောင့်ရှောက်ရမည် ဆိုသည့် အချက်ကို မကျေမနပ် ဖြစ်နေခြင်းမှာ သဘာဝ မကျလှပေ။ ပြည်သူ တစ်ဦးချင်းမှာ ပင်လျှင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို စောင့်ရှောက်ရန် တာဝန်ရှိနေသည် ဖြစ်ရာ ပါတီတစ်ခု အနေဖြင့် ထိုအချက်ကို ထောက်ပြ ကန့်ကွက်နေသည်မှာ သဘာဝ မကျလှပေ။
ထို့အပြင် ပါတီဝင် အဖြစ် စည်းရုံးရာမှာ ထောင်ဒဏ် ကျခံနေသူ များကို ပါတီဝင်အဖြစ် စည်းရုံးခြင်း မပြုရ ဆိုသည့် အချက်မှာလည်း နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေမှာ ပါကို ပါရမည့် အချက်များပင် ဖြစ်၏။ ပြစ်ဒဏ် ကျခံနေရ သူကို ပါတီဝင်အဖြစ် စည်းရုံးခွင့်ပြုဖို့ တောင်းဆိုချင်သည့် NLD ၏ သဘောထားမှာ တကယ့်ကို ရယ်စရာသာ ဖြစ်နေ ပေသည်။
ထိုမျှမကသေးပါ။ “ထောင်ဒဏ် ကျခံနေရသူများ ရွေးကောက် တင်မြှောက်ခံပိုင်ခွင့် မရှိစေရ” ဆိုသည့် အချက်ကိုလည်း မကျေမချမ်း ဖြစ်နေသေးသည်။
သူတို့၏ လိုလားချက်မှာ ဖြစ်သင့်သည့် ပကတိ အခြေအနေနှင့် အလွန်ပင် အလှမ်း ကွာနေသည်ကို တွေ့ရ၏။ စင်စစ် NLD နှင့် ဒေါ်စုကြည်သည် ပါတီနှင့် တစ်ဦး၏ အကျိုးစီးပွားကိုသာ ရှေ့တန်းတင် နေကြသည်ကို တွေ့ရပါသည်။ သူတို့ ပါတီအတွက် နစ်နာနေလျှင်၊ သူတို့ တစ်ဦးချင်းအတွက် နစ်နာမည် ထင်လင် နိုင်ငံအကျိုး၊ အများအကျိုးကို ရှေ့တန်း မတင်နိုင်ကြ သူတွေပါ။ တကယ်တမ်းသာ တိုင်းပြည်ကို ချစ်ရင် မိမိပါတီ၊ မိမိ နစ်နာချင် နစ်နာပါစေ။ လုပ်ဆောင်ရမှာပါ။ ခုတော့ ဒီလို မဟုတ်ပါ။ သူတို့လိုဘ မပြည့်ရင် တပ်မတော် အစိုးရ လုပ်သမျှ ဖီလာကန့်လန့် တိုက်ကြမည်သာ ဖြစ်ပါသည်။ တကယ်တမ်းတွင် နိုင်ငံရေးပါတီ အဖြစ် ထပ်မံ မှတ်ပုံတင်ခြင်းသည် နိုင်ငံရေး ပေါ်ပြူလာ ဖြစ်ရေးနှင့် တည်ဆဲ အစိုးရကို ဆန့်ကျင်ရေး သက်သက်သာ ဖြစ်ကြောင်း ရေးသားလိုက်ရ ပေသတည်း။
အောင်မင်း

0 ဦးကဆွေးနွေးသွားပါတယ်..

Отправить комментарий