မြန်မာ့နိုင်ငံရေးစာမျက်နှာတွင် အစိုးရနှင့်ဒေါ်စုကြည်အကြား ဆက်ဆံရေးဝန်ကြီး အဖြစ်တာဝန်ယူဆောင် ရွက်နေသော ဦးအောင်ကြည် သည်လည်း အရေးပါသောအခန်းကဏ္ဍမှ ပါဝင်သူတစ်ဦး ဖြစ်လေသည်။ ထိုဦးအောင်ကြည်၏ ဘ၀တစ်လျှောက်ဖြတ်သန်းဆောင်ရွက်ခဲ့သော ဘ၀အဖုံဖုံကို သိရှိနိုင်ပါရန် ဖေါ်ပြ အပ်ပါသည် ။

ရန်ကုန်သားဦးအောင်ကြည်

ဦးအောင်ကြည်ကို အဘ ဦးဘကြည် ၊ အမိဒေါ်ကြည် တို့မှ ၁.၁၁.၁၉၄၆ ခုနှစ်တွင် ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ် ၊ ဖဆပလ တွင် မွေးဖွားခဲ့ပြီး ဗုဒ္ဒဘာသာဝင်ဗမာလူမျိုးတစ်ဦး ဖြစ်ပါသည် ။

ကျောင်းဆရာဦးအောင်ကြည်

အခြေခံပညာရေးကို ရန်ကုန်မြို့ စိန်ပေါ ကျောင်းနှင့် စိန့်အန်ထော်နီကျောင်းတို့တွင် သင်ကြားအောင်မြင်ခဲ့ပြီး ၁-၄-၆၄ နေ့မှစတင်၍ စိန့်အန်ထော်နီကျောင်း (ယခု အထက ၄ ၊ မင်္ဂလာတောင်ညွန့်) တွင်မူလတန်းပြ ဆရာအဖြစ်တာဝန်ထမ်းဆောင်ခဲ့သည် ။ ၁၉၆၇ တွင်လုပ်သားများကောလိပ်မှ သိပ္ပံဘွဲ့ ရရှိခဲ့ပြီး ထိုနှစ်နိုဝင်ဘာလမှ ၁၉၆၉ ခုနှစ် စက်တင်ဘာလထိ အထက (၁) တာမွေတွင် အထက်တန်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည် ။

ဗိုလ်ချုပ်အောင်ကြည်

 
ဦးအောင်ကြည်သည် ၁၉၆၉ ခုနှစ်တွင် ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၄၀) သို့တက်ရောက်အောင်မြင်ခဲ့ ပြီး တပ်မတော်တွင် တပ်စုမှူး ၊ တပ်ခွဲမှူး ၊ တပ်ရင်းမှူး ၊စစ်ဗျူဟာမှူး ၊ ဗိုလ်သင်တန်းကျောင်းအုပ်ကြီး ၊ တိုက်ခိုက်ရေးကျောင်းအုပ်ကြီး ၊ လေ့ကျင့်ရေးညွှန်ကြားရေးမှူး ၊ ဒုတိယ တပ်မတော် လေ့ကျင့်ရေးအရာရှိချုပ် တာဝန်များဖြင့် ဗိုလ်ချုပ်အဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့သည် ။


အထက်တန်းရှေ့နေ ၊ သူရဲကောင်းမှတ်တမ်းဝင် ဦးအောင်ကြည်

တပ်မတော်တွင်တာဝန်ထမ်းဆောင်နေစဉ်အတွင်း ၁၉၈၂ ခုနှစ်တွင် အထက်တန်းရှေ့နေစာမေးပွဲ ကိုအောင်မြင်သည် ၊ ၁၉၈၄ ခုနှစ်တွင် နိုင်ငံတော်မှ သူရဲကောင်းမှတ်တမ်းဝင် တံဆိပ်ချီးမြှင့်ခြင်း ခံခဲ့ရသည် ၁၉၈၆ ခုနှစ်တွင် အမေရိကန်နိုင်ငံ Fort Benning တွင်ဖွင့်လှစ်ခဲ့သော ခြေလျင်အရာရှိတန်းမြင့်သင်တန်း (IOAC) ကို တက်ရောက်အောင်မြင်ပြီး ဒီပလိုမာလက်မှတ်ရရှိခဲ့သည် ။
 
တပ်မတော်အစိုးရလက်ထက် ၀န်ကြီး ဦးအောင်ကြည် 
၂၀၀၆ခု မေလမှ နိုဝင်ဘာလအထိ လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတွင် ဒုတိယ၀န်ကြီးအဖြစ်လည်းကောင်း ၂၀၀၆ နိုဝင်ဘာလမှ ၂၀၀၇ အောက်တိုဘာလအထိ အလုပ်သမားဝန်ကြီး အဖြစ်လည်းကောင်း ၂၀၀၇ ခုနှစ်အောက်တိုဘာလမှ စတင်၍ အလုပ်သမားဝန်ကြီးတာဝန်များအပြင် ဆက်ဆံရေးဝန်ကြီးတာဝန်များကိုပါ ပူးတွဲ၍ ၃၀.၃.၂၀၁၁ အထိ တာဝန်ထမ်းဆောင်ခဲ့သည်။


ဦးသုဝေကို အနိုင်ယူခဲ့သည့် ဦးအောင်ကြည်

ဦးအောင်ကြည်သည် ၂၀၁၀ နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပခဲ့သော ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ၊ မင်္ဂလာတောင်ညွန့်မြို့နယ် မှ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး အဓိကပြိုင်ဘက်ဖြစ်သော ဒီမိုကရက်တစ်ပါတီ (မြန်မာ) မှ နာမည်ကြီး ဦးသုဝေကိုအနိုင်ရခဲ့သည် ။


လက်ရှိအစိုးရသစ်၏ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်

ဦးအောင်ကြည်သည် သမ္မတဦးသိန်းစိန် ဦးဆောင်သည့် အစိုးရသစ်တွင် အလုပ်သမားဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန နှစ်ခု၏ ပြည်ထောင်စု ၀န်ကြီးတာဝန်များကိုထမ်းဆောင်လျက်ရှိသည် ။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၏ အဆိုကိုထောက်ခံခဲ့သည့် ဦးအောင်ကြည်

၂၀၁၁ခု မတ်လ ၁၆ ရက်နေ့တွင်ကျင်းပသော ပထမအကြိမ်ပြည်သူ့လွှတ်တော်ပုံမှန်အစည်းဝေးတွင် ရန်ကုန်တိုင်းဒေသကြီး ၊မရမ်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပွင့်ဆန်း၏ " နိုင်ငံတကာအဆင့်မီလူမှုဖူလုံရေးဥပဒေတစ်ရပ်မူကြမ်းရေးဆွဲပြုစုပြီး ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် အစည်းအဝေးသို့တင်သွင်းနိုင်ရေးအတွက် လိုအပ်သောအစီစဉ်များပြုလုပ်ပေးရေး " အဆိုကို ၀န်ကြီးဦးအောင်ကြည်က ထောက်ခံဆွေးနွေးခဲ့သဖြင့် ယင်းအဆိုကို ပြည်သူ့လွှတ်တော်က အတည်ပြု ချက်ရယူခဲ့ရာမှာ ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့သဖြင့် ဦးပွင့်ဆန်း၏ အဆိုကိုလွှတ်တော်က အတည်ပြုဆောင်ရွက်ခဲ့ပါသည် ။
စာပေသမားဦးအောင်ကြည် 

ဦးအောင်ကြည်သည် ဗိုလ်ချုပ်အောင်ကြည် ၊ မင်းဗထူး ကလောင်အမည်များဖြင့် စစ်ဘက် ၊ နယ်ဘက် ဆောင်းပါး တစ်ရာကျော် နှင့် စာအုပ်များကိုရေးသားထုတ်ဝေခဲ့သည် ။သူ၏ထင်ရှားသောစာအုပ်များမှာ....

၁။ ခေါင်းဆောင်များအတွက် ဆုံးဖြတ်ချက်                ၁၉၉၈ ခုနှစ်
    (မြ၀တီစာပေတိုက်)
၂။ ခေါင်းဆောင်များအတွက် စစ်ဆေးရန်အချက်များ     ၁၉၉၉ ခုနှစ်
    (ပညာရွှေတောင်စာပေ)
၃။ ခေါင်းဆောင်များအတွက် စီမံခန့်ခွဲမှုအယူအဆများ   ၂၀၀၅ ခုနှစ်
    (မြဝတီစာပေတိုက်)
၎။ ခေါင်းဆောင်များအတွက် မိမိကိုယ်မိမိ စီမံခန့်ခွဲမှု     ၂၀၀၆ ခုနှစ်
    (ရဲအောင်စာပေ)
၅။ ဘဝကိုပြောင်းလဲစေသောအရာများ                    ၂၀၀၉ ခုနှစ်
    (တူဒေးစာအုပ်တိုက်)
၆။ အကျပ်အတည်းအတွင်းခေါင်းဆောင်ခြင်း             ၂၀၁၀ ခုနှစ်
    (တူဒေးစာအုပ်တိုက်)
၇။ ပြောင်းလဲခြင်းဖြင့် တိုးတက်စေ                         ၂၀၁၀ ခုနှစ်
    (တူဒေးစာအုပ်တိုက်)
၈။ စဉ်းစားတွေးခေါ်မှုကို ပြောင်းလဲပါ                     ၂၀၁၁ ခုနှစ်
    (တူဒေးစာအုပ်တိုက်)

တို့ဖြစ်ပါသည် ဦးအောင်ကြည်သည် ယခုတိုင် တူဒေးစာအုပ်တိုက် CEO မဂ္ဂဇင်းတွင် ပင်တိုင်စာရေးဆရာ
အဖြစ် စာပေများကိုရေးသားလျက်ရှိကြောင်း သိရှိရပါသည် ။

0 ဦးကဆွေးနွေးသွားပါတယ်..

Отправить комментарий