ဒေါ်စုကြည်နဲ့ မြန်မာနိုင်ငံတော်အစိုးရ အလုပ်သမား ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်တို့ တွေ့ဆုံမှုနဲ့ ပတ်သက်ပြီး ပြည်တွင်း မီဒီယာများမှာရော ပြည်ပ မီဒီယာများမှာပါ ရှုထောင့်အမျိုးမျိုး ထင်မြင် သုံးသပ်ချက် အသွယ်သွယ်နဲ့ ရေးသား တင်ပြလာတာတွေ၊ ထုတ်လွှင့်လာတာတွေကို တွေ့မြင် ကြားသိလာရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ သေသေချာချာ လေ့လာကြည့်ဖို့ လိုအပ်ပါတယ်။ ဒီလို လေ့လာတယ် ဆိုတာကလည်း မြန်မာနိုင်ငံနဲ့ မြန်မာ ပြည်သူတွေ အတွက် စဉ်းစားလို့ တိုင်းပြည်ရဲ့ ပွင့်လန်းလာတဲ့ အခြေအနေတွေကို ပြည်သူတွေ သိရှိပြီး ပြည်သူတွေရဲ့ အခြေခံ လူမှု စီးပွားဘ၀တွေအတွက် သွယ်ဝိုက် သက်ဆိုင်နေတဲ့ ဆွေးနွေးခြင်း ညှိနှိုင်း တိုင်ပင်ခြင်းတွေက ထွက်ပေါ်လာမယ့် အကျိုး ရလဒ်တွေအပေါ်ကို မျက်စိ စပါးမွှေး တစ်ထောက်သာ မဟုတ်ဘဲ မျက်စိတစ်ဆုံး မြင်တတ် ကြည့်တတ်ကြဖို့ အရေးကြီးတဲ့ အချိန်ကာလကို ရောက်ရှိနေလို့ အခုလို တင်ပြရခြင်းလည်း ဖြစ်ပါတယ်။
ဦးအောင်ကြည်နဲ့ ဒေါ်စုကြည် တွေ့ဆုံမှုနဲ့ ပတ်သက်ပြီး နိုင်ငံရေး လုပ်နေတယ်လို့ ခေါင်းစဉ်တပ်ပြီး ဟိုနေရာ လူစုစု လုပ်လိုက် ဟိုအကြောင်းအရာကို နိုင်ငံရေး Issue အဖြစ် ခေါင်းစဉ်တပ်ပြီး ပဏာဝင်ယူလိုက် လုပ်နေတဲ့ ပြည်တွင်းက ကယောင်ခြောက်ခြား အဖွဲ့တွေကတော့ လက်ရှိ မြန်မာ အစိုးရသစ်ဟာ ပြည်တွင်းမှာ ကြုံတွေ့နေရတဲ့ အကြပ်အတည်း မျိုးစုံကနေ သက်သာရာ ရစေဖို့နဲ့ စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်ထားမှုတွေ လျှော့ပါး ရုပ်သိမ်းစေလိုလို့ ပေါ်ထွက်လာတဲ့ နိုင်ငံရေး ကစားကွက် တစ်ခုသာ ဖြစ်တယ်လို့ ဆိုလာကြပြန်ပါတယ်။ ဒါ့အပြင် ဒေါ်စုကြည်ရဲ့ အမျိုးသား ရင်ကြားစေ့ရေး လုပ်ငန်းတွေ အပေါ်မှာ အခြား အတိုက်အခံ ပြုနေတဲ့ အဖွဲ့အစည်းတွေကို အာရုံပြောင်းစေတဲ့ လုပ်ကွက် တစ်ခုလို့လည်း ယူဆ သုံးသပ်နေတာ တွေ့ရပါတယ်။
ယခုလို ဦးအောင်ကြည်နဲ့ ဒေါ်စုကြည် တွေ့ဆုံဆွေးနွေးမှုဟာ ပြည်သူလူထုအတွက် တိုင်းရင်းသား ညီညွတ်ရေးအတွက် ကောင်းတဲ့ လက္ခဏာ တစ်ရပ်ဖြစ်တယ် ဆိုတာ ထင်ရှားတာကြောင့် ကုလသမဂ္ဂအပါအ၀င် ပြည်ပနိုင်ငံတွေရော ပြည်တွင်းက အဖွဲ့အစည်းတွေကပါ ကြိုဆိုကြ ထောက်ခံကြ ကြည်နူး ၀မ်းသာကြရတဲ့ ကိစ္စအဖြစ် မြန်မာနိုင်ငံနဲ့ မြန်မာ ပြည်သူတွေ အပေါ်ထားရှိတဲ့ ဖြူစင်တဲ့ စေတနာ မေတ္တာတွေကို မျက်ဝါးထင်ထင် မြင်တွေ့ကြရမှာ ဖြစ်ပါတယ်။
ဒီလို ပကတိ အရှိတရားအပေါ်ကို ရိုးရှင်းစွာ မမြင်ဘဲ အမြဲတမ်း အပျက်သဘောဆောင်နေတဲ့ ပြည်တွင်း ပြည်ပက အမျိုးဖျက် သစ္စာဖောက်တွေ အသားထဲက လောက်ထွက်နေတဲ့ မျိုးမစစ်တွေကတော့ ယခု တွေ့ဆုံမှုဟာ ဟန်ပြ တွေ့ဆုံမှုသာ ဖြစ်တယ်။ ဘာမှ အကျိုးသက်ရောက်မှု မရှိဘူး။ လှည့်ကွက်တွေသာ ဖြစ်တယ်။ ဒေါ်စုကြည်က မြန်မာနိုင်ငံတော် အစိုးရရဲ့ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်ကို တွေ့တာပဲ အလှည့်စားခံနေရသလို ထင်ရာမြင်ရာ ယူဆချက်တွေနဲ့ ၀ါဒဖြန့်နေတာတွေကို တွေ့ရတော့ သူတို့ ပြောမှ လုပ်မှပဲ ဒေါ်စုကြည်လည်း သူငယ်နပ်စား ကလေးသာသာ ဖြစ်သွားတော့ပါတယ်။
ဘယ်လိုပဲ ဖြစ်ဖြစ် အထိအခိုက် ကင်းစွာနဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုအပေါ်ကို ကမ္ဘာက လက်ခံနေရတဲ့ အခြေအနေကို ရရှိနေပါပြီ။ ဒီထက် တစ်ဆင့်တက်လို့ ပြောင်းလဲလာတဲ့ ဒီမိုကရေစီ စနစ်နဲ့ အညီ ပြည်သူတွေက အဲဒီ အပြောင်းအလဲတွေနဲ့ အတူ တိုးတက်တဲ့ လူမှုဘ၀၊ အေးချမ်းတည်ငြိမ်တဲ့ အရသာတွေကို လက်တွေ့ကျကျ ခံစားကြနိုင်ဖို့ ပြည်သူတွေရယ် အစိုးရရယ် နိုင်ငံရေးအတွက် ကိုယ်ကျိုးစွန့်နေကြတဲ့ သူတွေရယ် စိတ်တူ ကိုယ်မျှ ပြေပြေလည်လည် ပူးပေါင်း ဆောင်ရွက်ကြရင်ဖြင့် ကျွန်တော်တို့ နိုင်ငံတော်ကြီးနဲ့ မြန်မာပြည်သူအားလုံးရဲ့ လိုအင်ဆန္ဒဟာ အချိန်တိုအတွင်းမှ ပြည့်ဝလာမှာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။ မောင်မင်းချင်း

0 ဦးကဆွေးနွေးသွားပါတယ်..

Отправить комментарий