ပြည်ပမီဒီယာတို့နဲ့ ပြည်တွင်းစာရေးဆရာအချို့တို့ရဲ့ အသက်ငင်နေပြီဆိုသော ဧရာဝတီကို စစ်ကိုင်းတောင်နောက်ခံနှင့် ယခုလဆန်းပိုင်းက မြင်တွေ့ရပုံ


ကျွန်တော်ဟာ မြန်မာလူမျိုးပါ။ မြန်မာလူမျိုး ပီသစွာ ဧရာဝတီကို ချစ်ပါတယ်။ မြစ်မင်း ဧရာဝတီကို အထက်အောက် စုန်ချည်ဆန်ချည်၊ ဟိုဘက်ဒီဘက် ကူးချည်သန်းချည်လို့ ပြောရလောက်အောင် ဧရာဝတီရဲ့ ရင်ခွင်မှာ လူးလာခေါက်ပြန် ကြီးပြင်း ရှင်သန်ရင်း လူလားမြောက်ခဲ့ရ တာပါ။ ဧရာဝတီရေကို သောက်ပြီး ဧရာဝတီက ကျွေးတဲ့ ထမင်းကို စားရင်း ဒီနေ့ ဒီအခြေ ရောက်ခဲ့ရသူပါ။ ဒါကြောင့် မြန်မာတို့ရဲ့ အသက်သွေးကြော ဖြစ်တဲ့၊ ခေတ်အဆက်ဆက် မြန်မာ ရာဇဝင်များရဲ့ သတို့သမီးလည်း ဖြစ်တဲ့ ဧရာဝတီကို ရင်ထဲ အသည်းထဲ စွဲနေအောင်ချစ် ပါတယ်။
ပြည်ပမီဒီယာတို့နဲ့ ပြည်တွင်းစာရေးဆရာအချို့တို့ရဲ့ အသက်ငင်နေပြီဆိုသော ဧရာဝတီကို စစ်ကိုင်းတံတားနောက်ခံနှင့် ယခုလဆန်းပိုင်းက မြင်တွေ့ရပုံ
 
အခုတလော ကျွန်တော်တို့ရဲ့ မြစ်မင်း ဧရာဝတီနဲ့ ပတ်သက်ပြီး ပြောကြဆိုကြ၊ ဆွေးနွေး နေကြတာတွေ ဟိုတစ်စ ဒီတစ်စ ကြားသိနေရ ပါတယ်။ အထူးသဖြင့် အင်တာနက် သတင်း ဆောင်းပါးတွေမှာ ဧရာဝတီနဲ့ ပတ်သက်ပြီး အမြင်အမျိုးမျိုး၊ ရှုထောင့်အဖုံဖုံနဲ့ ပြောကြဆိုကြ၊ ရေးနေကြတာတွေကို ဖတ်ဖြစ်ပါတယ်။ တချို့တွေ တော်တော်လေး အထင်မှား၊ အမြင်မှား ဖြစ်နေပုံပါပဲ။ အချို့ ကျတော့လည်း သိသိကြီးနဲ့ အစိုးရကို မကောင်းမြင်စိတ်နဲ့ ပြစ်တင် ရှုတ်ချ ဝေဖန်ရာမှာ ဧရာဝတီကို ခုတုံးလုပ် အသုံးချ နေပါတယ်။ တစ်ဖက်စွန်းရောက် ရေးသားမှုတွေနဲ့ ဧရာဝတီဟာ အသက်ငင်နေပြီး သေဆုံးတော့ မယောင်ယောင် လုပ်ကြံဖန်တီး နေတာတွေလည်း တွေ့ရပါတယ်။ အင်တာနက်မှာ ကိုယ်ရေးချင်ရာ ရေးခွင့်ရှိတယ် ဆိုပေမယ့်  ကိုယ်ပြောတဲ့ စကားတစ်ခွန်း၊ ကိုယ်ရေးခဲ့တဲ့ စာတစ်ကြောင်းအတွက် တာဝန်ယူကြရ မှာပါ။
အဲဒီလို ဧရာဝတီနဲ့ ပတ်သက်ပြီး ခုတုံးလုပ် အသုံးချ ရေးသားနေကြ သူတွေထဲမှာ မြန်မာ့မြေပေါ်မှာ နေပြီး ဧရာဝတီ ရေကို သောက်နေကြ သူတွေထက် အမေရိကန်လို အနောက်နိုင်ငံတွေမှာ နေထိုင်ပြီး တိုင်းပြည်ကို လက်ညှိုးထိုး ရောင်းစားဖို့ ကြိုးစားနေတဲ့ မျိုးမစစ် ပုဂ္ဂိုလ်တွေက ပိုပြီးကဲနေတာကို တွေ့ရပါတယ်။ အဲဒီမျိုးမစစ် ပုဂ္ဂိုလ်တွေ ဧရာဝတီ ချစ်တယ် ဆိုတာထက် ဧရာဝတီ ရင်ခွင်မှာ တကယ် မှီတင်း နေထိုင်နေတဲ့ ကျွန်တော်တို့က အဆ ရာထောင်မက ပိုချစ်ပါတယ်။ ဧရာဝတီဟာ ကျွန်တော်တို့ရဲ့ အသက်သွေးကြောပါ။ ဒါကြောင့် ကျွန်တော်တို့ကလည်း ဧရာဝတီကို ဘယ်တော့မှ အဆုံးရှုံးခံမှာ မဟုတ်ဘူး။ ကမ္ဘာ တည်သရွေ့၊ မြန်မာ တည်သရွေ့ ဧရာဝတီ တည်နေမယ်ဆိုတာ အားလုံးသိအောင် ရှင်းပြချင်ပါတယ်။
လူ့ပယောဂကြောင့် သေဆုံးခဲ့ရတဲ့ မြစ်ဝါမြစ်ကြီးလို ဧရာဝတီလည်း မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြောင့် များမကြာမီမှာ သေဆုံးရတော့ မယောင်ယောင် ရေးသားနေကြ ပါတယ်။ ဒါ လုံးဝ မဟုတ်ပါဘူး။ တကယ်တော့ ဧရာဝတီ မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းဟာ မေခ၊ မလိခ မြစ်နှစ်ခု ဆုံရာ မြစ်ဆုံရဲ့ အောက်ဘက်အနီးမှာ တမံပိတ်ပြီး တည်ဆောက်ထားခြင်း ဖြစ်ပါတယ်။ တိတိကျကျ ပြောရရင် မြစ်ဆုံရဲ့ အောက်ဘက် ၄ ဒသမ ၃ မိုင်အကွာ တန်ဖဲရွာ အနီးမှာ တည်ဆောက်ထားခြင်း ဖြစ်ပါတယ်။ စုစုပေါင်း ရေစီးဝင်တဲ့ ဧရိယာပမာဏ စတုရန်း ကီလိုမီတာ ၄၁ဝဝဝဝ ရှိပြီး အဲဒီအထဲက ၄၇၂၆၅ စတုရန်း ကီလိုမီတာ ကိုသာ အသုံးပြုမှာ ဖြစ်ပါတယ်။ စုစုပေါင်း ရေစီးဝင်တဲ့ ဧရိယာ ပမာဏရဲ့ ၁၁ ဒသမ ၅ ရာခိုင်နှုန်းကိုသာ စီမံကိန်းအတွက် အသုံးပြုမှာ ဖြစ်တဲ့အတွက် ဧရာဝတီမြစ်ကြီး ခန်းခြောက်သွားစရာ အကြောင်း လုံးဝမရှိပါဘူး။ နောက်တစ်ချက်က မြစ်ဆုံစီမံကိန်း နေရာရဲ့ နှစ်စဉ် မိုးရွာသွန်းမှုဟာ ပျမ်းမျှ မိုးရေချိန် ၉၁ လက်မဖြစ်ပြီး ဧရာဝတီ မြစ်အတွင်းကို နှစ်စဉ်စီးဝင်တဲ့ ပျမ်းမျှစီးဝင်ရေမှာ ဧကပေ ၁၂၈၅ ဒသမ ၂ သိန်း ဖြစ်ပါတယ်။ မြစ်ဆုံတမံရဲ့ ရေသိုလှောင်နိုင်မယ့် ကန်ရေပြည့် ရေလှောင် ပမာဏဟာ ဧက ပေ ၉၇ ဒသမ ၈၈ သိန်းသာ ဖြစ်ပါတယ်။ ဒါကြောင့် တမံရဲ့ သိုလှောင်ရေ ပမာဏဟာ စီးဝင်ရေပမာဏရဲ့ ၇ ဒသမ ၆ ရာခိုင်နှုန်းသာ ရှိတဲ့အတွက် ကျန်စီးဝင်ရေ ၉၂ ဒသမ၄ ရာခိုင်နှုန်းဟာ ဧရာဝတီ မြစ်ထဲကို နဂိုမူလအတိုင်း စီးဆင်းမြဲ စီးဆင်းနေမှာသာ ဖြစ်ပါတယ်။
နောက်တစ်ချက်က ဧရာဝတီမြစ် ထဲကို စီးဝင်မှုဟာ မေခ၊ မလိခမြစ် နှစ်စင်းတည်း မဟုတ်ပါဘူး။ မြစ်ကြီး ငါးသွယ်၊ မြစ်ငယ် ငါးရာဆိုတဲ့ စကားအတိုင်း မြစ်ဆုံရဲ့ အောက်ပိုင်းမှာ တာပိန်မြစ်၊ ရွှေလီမြစ်၊ ဇော်ဂျီမြစ်၊ ပန်းလောင်မြစ်၊ မြစ်ငယ်မြစ်၊ ချင်းတွင်းမြစ်၊ ဒုဋ္ဌဝတီမြစ်စတဲ့ မြစ်ကြီးများအပါအဝင် မြစ်ကြီး မြစ်ငယ်များ၊ ချောင်းကြီး ချောင်းငယ်များ အများအပြား ပုံမှန်အတိုင်း စီးဝင်နေမှာ ဖြစ်ပါတယ်။ ဒီ့ထက် ပိုစကားကပ်ပြီး ပြောကြကြေးဆိုရင် အဲဒီ မြစ်ဆုံတမံမှာ သိုလှောင်ထားတဲ့ ရေအားလုံးဟာလည်း လျှပ်စစ် ဓာတ်အားပေးစက်တွေ မောင်းနှင် လည်ပတ်တဲ့အခါ စက်ရုံ ရေထုတ်မြောင်းက တစ်ဆင့် ဧရာဝတီ မြစ်ထဲကိုပဲ ပြန်ပြီး စီးဝင်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် မြစ်ဆုံ တမံကြောင့်ဖြင့်တော့ ဧရာဝတီမြစ်ကြီး တိမ်ကောသွားစရာ အကြောင်း လုံးဝမရှိဘူးဆိုတာ ထင်ရှားပါတယ်။ အလားတူ မေခ၊ မလိခ မြစ်နှစ်သွယ်ဟာလည်း ပျောက်ပျက်သွားမှာ မဟုတ်ဘဲ ဧရာဝတီနဲ့အတူ ထာဝရ ရှင်သန်နေမှာသာ ဖြစ်ပါတယ်။
ဆက်ပါဦးမယ်။ ဧရာဝတီ မြစ်ဆုံမှာ တမံပိတ်ထားတဲ့ အတွက် နွေရာသီမှာ ရေဝင်မှု မရှိတော့ဘဲ ဧရာဝတီမြစ်ကြီး တိမ်ကောသွားမှာ စိုးရိမ်နေကြသူတွေ ရှိနေပါတယ်။ ဒါပေမယ့် မြစ်ဆုံ ရေကာတာနဲ့ ပတ်သက်တဲ့ စီမံကိန်းတွေကို ဆောင်ရွက်နေကြတဲ့ ပညာရှင်တွေရဲ့အဆိုအရ တမံကနေ ရေထိန်းသိမ်းမှုကြောင့် မိုးရာသီကာလမှာ ပုံမှန်မြစ်ရေထု စီးနှုန်းထက် ၃ ဒသမ ၅ ရာခိုင်နှုန်း လျော့နည်း စီးဆင်းမှာ ဖြစ်သော်လည်း နွေရာသီ ကာလ (နိုဝင်ဘာမှ ဧပြီအထိ) မှာတော့ ရေလှောင်တမံကနေ ရေထုတ်လွှတ်မှုကြောင့် နွေရာသီ ပုံမှန်မြစ်ရေ စီးဆင်းမှုထက် ၁၆ ရာခိုင်နှုန်း ပိုများလာမယ်လို့ ဆိုပါတယ်။ နွေကာလတွေမှာလည်း ကချင်ပြည်နယ်ရဲ့ မြောက်ဘက်ဖျားက ရေခဲတောင်တွေ အရည်ပျော်ပြီး စီးဆင်းမှုကြောင့် ဧရာဝတီရဲ့ စီးဆင်းမှု အခြေအနေကို မထိခိုက်နိုင်ပါဘူး။ ခြောက်သွေ့ရာသီ ကာလတွေရဲ့ ယခင်ပုံမှန် မြစ်ရေထု စီးနှုန်း 1830 m3/s ကနေ ရေလှောင်တမံ တည်ဆောက်ပြီးစီးချိန်မှာ ဖြစ်ပေါ်လာမယ့် မြစ်ရေထု စီးနှုန်းဟာ 2120 m3/s အထိ တိုးတက်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် တမံရဲ့ အောက်ဘက်ပိုင်း ဧရာဝတီ မြစ်ကြောင်း တစ်လျှောက်မှာ မြစ်ရေဟာ ယခင်ပုံမှန်ထက် ၁ ဒသမ ၅ ပေခန့် ပိုမို မြင့်တက်လာနိုင်ကြောင်း လေ့လာသုံးသပ် ဖော်ထုတ်ထားပါတယ်။ ဒါကြောင့် ဧရာဝတီမြစ်ရေ ခန်းခြောက်သွား၊ တိမ်ကောသွားမှာ ဆိုတာမျိုး ကြံကြံဖန်ဖန် ပူပန်စိုးရိမ်မှုတွေ ရှိနေရင် ဒီနေ့ကစပြီး စိတ်ချလက်ချ အတွေးထဲက ထုတ်ပစ်လိုက်ပါတော့။ ကျွန်တော်တို့ရဲ့ ပင်မ အသက်သွေးကြော ဧရာဝတီ ဘယ်တော့မှ ခန်းမှာ မဟုတ်သလို ဧရာဝတီကို အမှီပြုပြီး ဆောင်ရွက်နေကြတဲ့ စိုက်ပျိုးရေး၊ စီးပွားရေး၊ လူမှုရေး၊ ရေကြောင်းသွားလာရေး စတဲ့ လုပ်ငန်းများ အပေါ်မှာလည်း လုံးဝထိခိုက်မှု မရှိနိုင်ဘူးလို့ပဲ ပြောချင်ပါတယ်။
ဒါ့အပြင် မြစ်ဆုံတမံဟာ စစ်ကိုင်းငလျင် ပြတ်ရွေ့ကြောနဲ့ နီးလို့ ငလျင်များ လှုပ်ခဲ့ရင် မြစ်ကြီးနားမြို့ကြီး တစ်မြို့လုံး ရေလွှမ်းသွားနိုင်တယ် ဆိုတဲ့ ဆွေးနွေးမှုတွေလည်း တွေ့ရပါတယ်။ အချို့ကလည်း မိုးအပြင်းအထန်နဲ့ အဆက်မပြတ် ရွာသွန်းတဲ့အခါ ရေဝင်ပမာဏက သိုလှောင် ထိန်းထားနိုင်တာထက် ပိုများပြီး တမံပြိုကျမှာ၊ တမံရေတံခါးတွေ ဖွင့်ချမှာကို စိုးရိမ်ကြပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးပြောရရင် မြစ်ဆုံစီမံကိန်းရဲ့ တမံ အမျိုးအစားဟာ ကွန်ကရစ် မျက်နှာပြင် ကျောက်ဖြည့် တမံ (Concrete Face Rock Fill Dam - CFRD) အမျိုးအစား ဖြစ်ပါ တယ်။ အဲဒီ CFRD တမံ အမျိုးအစားဟာ Zone Type တမံ အမျိုး အစားထက် ငလျင်ဒဏ်ကို ပိုပြီးခံ နိုင်ရည်ရှိပါတယ်။ ထင်ရှားအောင် ဥပမာပြရရင် လွန်ခဲ့တဲ့နှစ် အနည်းငယ်က တရုတ်နိုင်ငံ စီချွမ်ပြည်နယ်မှာ ပြင်းအား ၈ ဒသမ ၃ ရှိတဲ့ ငလျင်ကြီး တစ်ခု လှုပ်ခတ်သွားခဲ့ချိန်က အဲဒီမှာရှိတဲ့ Shuibuya တမံဟာ လုံးဝထိခိုက်မှု မရှိခဲ့ကြောင်း တွေ့ရပါ တယ်။ အဲဒီ Shuibuya တမံဟာ CFRD အမျိုးအစားဖြစ်ပါတယ်။ အခုလည်း စစ်ကိုင်း ပြတ်ရွေ့ကြောကို ကြိုတင်တွက်ချက်ပြီး ကြီးမား ပြင်းထန်တဲ့ ငလျင်ဒဏ်ကို ခံနိုင်ရည် ရှိစေရန်အတွက် မြစ်ဆုံတမံကို CFRD အမျိုးအစား တည်ဆောက်ထားခြင်း ဖြစ်ပါတယ်။ ကျွမ်းကျင်တဲ့ ပညာရှင်များက အဆင့်ဆင့် တွက်ချက်ပြီး စိတ်ချရတဲ့ အဆင့်ရှိအောင် တည်ဆောက်ထားခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် ဒီဇိုင်းအရ ရေပိုလွှဲ (Spill-way) နဲ့ ရေထုတ်ပြွန်(ှQutlet) များကိုပါ စနစ်တကျ တွက်ချက် တည်ဆောက်ထားပြီး Monitoring System ကိုပါ တပ်ဆင်အသုံးပြုမှာ ဖြစ်တဲ့အတွက် အချို့စိုးရိမ်သလို တမံကျိုးတဲ့ အဆင့်၊ ရေတွေ ဖွင့်ချရတဲ့ အဆင့် ရောက်လာဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူး။ Food Control အနေနဲ့ စီမံကိန်းများမှ ရေလှောင်ပမာဏ 0.85 Billion m3 ဝန်းကျင် သိုလှောင်နိုင်မှာ ဖြစ်တဲ့အတွက် မြစ်ကြီးနားမြို့ဟာ ယခင်က ငါးနှစ် တစ်ကြိမ် မြစ်ရေလျှံခြင်း ဖြစ်နိုင်ခြေမှ မြစ်ဆုံစီမံကိန်း ပြီးသွားတဲ့အချိန်မှာ နှစ် ၂ဝ မှာ တစ်ကြိမ်သာ ဖြစ်နိုင်ခြေ ရှိတော့မှာ ဖြစ်ပါတယ်။ အချို့ကလည်း မေခနှင့် မလိခမြစ်များက နုန်းတွေ သဲတွေဟာ မြစ်ဆုံ တမံကြီးထဲမှာပဲ ပို့ချရတော့မှာ ဖြစ်တဲ့အတွက် နောင်မှာ နုန်းတင် မြေနုရှားပါးသွားပြီး မြစ်ဝကျွန်းပေါ်မှာ စိုက်ပျိုးရေး လုပ်ငန်းတွေ ထိခိုက် လိမ့်မယ်လို့ ရှာကြံပြီး ပူပန်ပြနေကြ ပါတယ်။ သူတို့ ပူပန်ပြနေပုံကို ကြည့်ပြီး မိုးပြိုမှာစိုးလို့ ခြေနှစ်ချောင်း မိုးပေါ်ထောင်ပြီး အိပ်တဲ့ တစ်တီတူးငှက် ဆိုတာကို ပြေးမြင်မိပါတယ်။ အမှန်တော့ သူတို့ ပြောသလောက်ကြီးလည်း မဟုတ်သေးပါဘူး။ ဧရာဝတီမြစ်ထဲကို စီးဝင်တာ မေခနဲ့မလိခ မြစ်နှစ်သွယ်သာ ရှိတာမဟုတ်ဘဲ မြစ်ကြီးငါးသွယ် မြစ်ငယ်ငါးရာ ဆိုတာကို ရှေ့မှာကျွန်တော် ပြောခဲ့ပြီးပါပြီ။ အဲဒီ ရာနဲ့ချီသော မြစ်လက်တက်၊ ချောင်းလက်တက်များက နုန်းပို့ချမှုဟာ ပုံမှန်အတိုင်း ဆက်ရှိနေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကျွန်တော် သိရသလောက် မြစ်ဆုံ တမံအတွင်း နုန်းပို့ချမှု မြင့်မားပြီး ရေသိုလှောင်မှု နည်းလာတဲ့အချိန်မှာ အဲဒီနုန်းတွေကို ပြန်ထုတ် နိုင်ဖို့ တမံဒီဇိုင်းမှာ သဲနုန်း ထုတ်ပေါက်တွေ ပါပါတယ်။ အချိန်တန်ရင် အဲဒီ ထုတ်ပေါက်တွေကနေ သဲနုန်းတွေ ဧရာဝတီထဲ ပြန်ရောက်လာမှာ ဖြစ်လို့ နုန်းတင်မြေနု ရှားပါးသွားမယ့် ကိစ္စဟာ ပြောပလောက်စရာ မရှိပါဘူးလို့ပဲ ဆိုပါရစေ။
အင်တာနက် ဆောင်းပါးတစ်ခုမှာ မြစ်ဆုံ စီမံကိန်းကြောင့် ကျေးရွာ ပေါင်း ၄၇ ရွာက လူပေါင်း ၂ဝဝဝဝ ကျော် ရွှေ့ပြောင်းပေးရတယ်လို့ ရေးထားတာ သတိပြုမိပါတယ်။ တကယ်တော့ လောလောဆယ်အထိ စီမံကိန်းဧရိယာနဲ့ မလွတ်ကင်းတဲ့ တန်ဖဲ၊ ကျိန်ခရမ်၊ မြစ်ဆုံ၊ ခပ္ပါး/ အောင်ဂျာယန်၊ ဒေါင်ပန်ဆိုတဲ့ ရွာငါးရွာက အိမ်ထောင်စု ၄၁ဝ၊ လူဦးရေ ၂၁၄၆ ဦးသာ ရွှေ့ပြောင်းခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီရွာ ငါးရွာကိုလည်း အောင်မြင်သာ စံပြကျေးရွာ မလိယန် ကျေးရွာသစ်များအဖြစ် ဒေသခံ တွေရဲ့ရှိရင်းစွဲ အဆင့်အတန်းထက် ပိုမိုမြင့်မား ကောင်းမွန်တဲ့ နေအိမ် အဆောက်အအုံများနဲ့ တကွ စံပြကျေးရွာတစ်ရပ်ရဲ့ ဂုဏ်အင်္ဂါများနဲ့ အဘက်ဘက်က ပြည့်စုံအောင် တည်ဆောက် ရွှေ့ပြောင်း နေရာချထားပေးခဲ့ပြီး ဖြစ်ပါတယ်။
မြစ်ဆုံ စီမံကိန်းကြောင့် မဆိုင်တဲ့အပေါက် ကလိုင်နဲ့ ခေါက်ဆိုသလို မြစ်ဝကျွန်းပေါ်က ဒီရေတောတွေ ပျက်သုဉ်း ပျောက်ကွယ်သွားမယ်လို့ ပြောတာတွေလည်း ရှိပါသေးတယ်။ တကယ်တော့ ဧရာဝတီမြစ်ရေ စီးဆင်းမှုနဲ့ ပတ်သက်ပြီး ဘာမှ ထူးထူးခြားခြား ပြောင်းလဲစရာမရှိလို့ ဒီရေတောတွေလည်း ဘာမှပြောင်းလဲစရာ မရှိပါဘူး။ နိုင်ငံတော် အပိုင်းက နိုင်ငံတကာ အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနဲ့ ပူးပေါင်းပြီး ဒီရေတော ပြုစုထိန်းသိမ်းရေး လုပ်ငန်းတွေကို နာဂစ် နောက်ပိုင်းမှာ ပိုမိုအလေးထား ဆောင်ရွက်နေတဲ့အတွက် နောင်မှာ ဒီရေတောတွေ ဒီ့ထက်ပိုပြီး တိုးပွား ရှင်သန်လာဖို့ပဲ ရှိပါတယ်။
တကယ်တော့ နိုင်ငံတော် ဘက်ကလည်း ဒီစီမံကိန်းအတွက် အဆင့် ဆင့်သော စူးစမ်းလေ့လာ တိုင်းထွာ တွက်ချက်မှုတွေ အမျိုးမျိုး ဆောင်ရွက်ခဲ့ပြီး ပါပြီ။ ဒီစီမံကိန်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ ပြဿနာ တွေကိုလည်း အမျိုးမျိုး ချိန်ဆ တွက်ချက် ပြီးပါပြီ။ ၂ဝဝ၇ ဒီဇင်ဘာ လောက်ကစပြီး ကွင်းဆင်း လေ့လာမှုတွေ စတင်ခဲ့တာဖြစ်ပြီး အဆင့်ဆင့်သော စူးစမ်းလေ့လာမှု အစီရင်ခံစာများ အပေါ်မှာ အဘက်ဘက်က သုံးသပ်ချင့်ချိန် အတည်ပြု ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ Survey လုပ်ရာမှာလည်း နိုင်ငံတကာ ကျွမ်းကျင်မှု ကုမ္ပဏီအဖွဲ့ပေါင်းများစွာနဲ့အတူ မြန်မာနိုင်ငံက ကျွမ်းကျင်ပညာရှင် ၁ဝဝ ကျော် ပူးပေါင်းဆောင်ရွက် ခဲ့ကြတာ ဖြစ်ပါတယ်။
ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းရဲ့ စက်တပ်ဆင်အားဟာ ၆ဝဝဝ မဂ္ဂါဝပ် (၈x၇၅ဝမဂ္ဂါဝပ်) ဖြစ်ပြီး နှစ်စဉ် ပျမ်းမျှ ထုတ်လုပ်နိုင်တဲ့ ဓာတ်အားက ကီလိုဝပ် နာရီသန်းပေါင်း ၂၉၄ဝဝ ဖြစ်ပါတယ်။ စီမံကိန်း ကာလ ၉ နှစ်ကျော် ကြာမြင့်မှာ ဖြစ်ပါတယ်။ ဒီစီမံကိန်းဟာ Foreign Direct Investment (FDI) အဖြစ် တရုတ်နိုင်ငံက တာဝန်ယူ တည်ဆောက်တာ ဖြစ်ပါတယ်။ ဒီလိုအရေးကြီးတဲ့ စီမံကိန်းတစ်ခုကို နိုင်ငံတော်က ဘာဖြစ်လို့ တာဝန်ယူ တည်ဆောက်ခြင်း မပြုဘဲ အိမ်နီးချင်း နိုင်ငံကို တာဝန်ယူ တည်ဆောက်ဖို့ ခွင့်ပြုခဲ့ရတာလဲလို့ မေးစရာရှိပါတယ်။ အင်တာနက် ထဲမှာတော့ အမနာပ အမျိုးမျိုး ဝေဖန် စွပ်စွဲ ပုတ်ခတ် နေကြတာပါပဲ။ သို့သော် အရင်းစစ်တော့ အမြစ်မြေက ဆိုသလို အဓိကက ငွေပါပဲ။ အကျိုးအမြတ် ကြီးမားသလို ရင်းနှီးမြှုပ်နှံမှု တန်ဖိုးလည်း အင်မတန် ကြီးမားတဲ့ စီမံကိန်းမျိုးပါ။ သာမန်အားဖြင့် သူများနိုင်ငံမှာ ဒီစီမံကိန်းမျိုး လုပ်မယ်ဆိုရင် ကမ္ဘာ့ဘဏ်လိုမျိုး၊ အာရှ ဖွံ့ဖြိုးရေးဘဏ် လိုမျိုးကနေ ချေးငွေရယူပြီး ကိုယ်တိုင် ရင်းနှီးမြှုပ်နှံ နိုင်ပါလိမ့်မယ်။ ကျွန်တော်တို့ နိုင်ငံမှာတော့ တိုင်းပြည် စီးပွားပျက်မှ ငါအာဏာရမယ် ဆိုတဲ့ လူတစ်စုရဲ့ ကောင်းမှုကြောင့် ပိတ်ဆို့မှု (Sanction) ဆိုတာကြီးကို အလကား ပဲတင်းနဲ့ မလိုချင်ဘဲ ရခဲ့ပါတယ်။ ဒီ Sanction ဆိုတာကြီးကြောင့် ချေးငွေဆိုတာ နတ္ထိ၊ အထောက်အပံ့ဆိုတာ မသထာရေစာ လောက်နဲ့ ကိုယ့်အား ကိုယ်ကိုးပြီး ကြိုးစားရုန်းကန် ဖြတ်သန်းခဲ့ရတာ ဆယ်စုနှစ် နှစ်စုနီးပါး တိုင်ခဲ့ပါပြီ။ ဒါလောက်ဆိုရင် အားလုံး နားလည်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။
အလုပ်တစ်ခု လုပ်ရာမှာ အကျိုးနဲ့ အပြစ်ဆိုတာ ဒွန်တွဲနေမှာ ပါပဲ။ ကိုယ်အသာရတာ ရှိသလို ကိုယ့်ဘက်က ပေးဆပ်ရတာလည်း ရှိမှာပါပဲ။ ဒါကိုအားလုံး နားလည်ပြီးသား ဖြစ်မှာပါ။ ဘာပဲဖြစ်ဖြစ် နိုင်ငံတော်က လူကြီးတွေ အနေနဲ့ ကိုယ့်ဘက်က ပေးဆပ်မှုအနည်းဆုံးနဲ့ အကျိုးအမြတ် အများဆုံးရရှိအောင်၊ ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာ ဖြစ်အောင် ချင့်ချိန်သုံးသပ် ဆောင်ရွက်လိမ့်မယ်ဆိုတာ ယုံမှားသံသယ ဖြစ်ဖွယ်မရှိပါဘူး။ အခု မြစ်ဆုံ စီမံကိန်းမှာလည်း FDI ကို ခွင့်ပြုခဲ့တဲ့ အတွက် Royalty Energy တွေထိုက်သင့်တဲ့ ရာခိုင်နှုန်းနဲ့ အကျိုးအမြတ် ရရှိလာမှာ ဖြစ်သလို ထွက်ရှိလာတဲ့ Energy အပေါ်မှာလည်း နိုင်ငံတော်ရဲ့ လိုအပ်ချက်အရ ရောင်းချခွင့်၊ ထပ်မံဝယ်ယူခွင့် စသဖြင့် ရှိလာမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီစီမံကိန်းကို နိုင်ငံတော်အတွက် လုံးဝ အကျိုးအမြတ် မရှိဘဲ တရုတ်နိုင်ငံ အကျိုးစီးပွား အတွက်သာ ဖြစ်သယောင်ယောင် ပြောဆို စွပ်စွဲမှုတွေဟာ လုံးဝ မှားပါတယ်။ နိုင်ငံနဲ့ ပြည်သူ အတွက် ရသင့် ရထိုက်တဲ့ အနာဂတ် အကျိုးအမြတ်တွေ မရရှိဘဲ ဘယ်သူမှ ခွင့်ပြုမှာ မဟုတ်ပါဘူး။ ဒါကို နားလည်ဖို့ လိုပါတယ်။
ယခု လတ်တလော ကာလမှာကိုပဲ ဒီစီမံကိန်းအတွက် အလုပ်အကိုင် အခွင့်အလမ်း ၂၆ဝဝ ကျော် ဖော်ထုတ်ရရှိနေပြီး ဖြစ်သလို စီမံကိန်း ပြီးစီးချိန်မှာလည်း ဒီထက်ပိုပြီး အလုပ်အကိုင်တွေ ရရှိလာမှာ သေချာပါတယ်။ ဒီစီမံကိန်းကို မှီပြီး မေခမြစ်ရဲ့ အရှေ့ဘက်ကမ်းမှာ မြစ်ဆုံမှ ယီနန်အထိ ၂၆၁ မိုင်ခန့်၊ မလိခမြစ် အနောက်ဘက်ကမ်းမှာ မြစ်ဆုံမှ လိုင်ဇာအထိ မိုင် ၁၇ဝ ခန့် လမ်းမကြီးနှစ်လမ်း ပေါ်ပေါက်လာမှာ ဖြစ်ပါတယ်။ အဲဒီ လမ်းမကြီးတွေနဲ့ ယှဉ်တွဲပြီး တံတားကြီး ခုနစ်စင်း တည်ဆောက်မှာ ဖြစ်ပါတယ်။ ဒါတွေဟာ ဒီဒေသက ညီနောင် သားချင်းတွေအတွက် အဘက်ဘက်က အကျိုးပြုနိုင်မယ့် ရလဒ်တွေပဲ ဖြစ်ပါတယ်။
ချုပ်ပြီးပြောရရင် ကိစ္စရပ်တိုင်းမှာ အကြောင်းအကျိုး အကောင်းအဆိုးဆိုတာ ဒွန်တွဲနေမှာပါပဲ။ ဒါကြောင့် မျှမျှတတ ရှုမြင် သုံးသပ်ဆင်ခြင် တတ်ဖို့လိုပါတယ်။ တစ်နည်းပြောရရင် အမြင်မှန်ဖို့ လိုပါတယ်။ သို့သော် အရာရာကို အပြစ်မြင်တဲ့ ရှုထောင့်ကနေ မျက်မှန်စိမ်းတပ်ပြီး ကြည့်မယ်၊ တစ်ဖက်စွန်း ရောက်နေမယ် ဆိုရင်တော့ အမှန်ကို မမြင်နိုင်တော့ပါဘူး။ အခု မြစ်ဆုံကိစ္စမှာလည်း အမှန်ကို မြင်ကြစေချင် ပါတယ်။ ကျွန်တော့် အနေနဲ့ကတော့ ပြည်သူအားလုံး အမှန်ကို မြင်နိုင်အောင် ဒီဆောင်းပါးကို ရေးရခြင်း ဖြစ်ပါတယ်။ တကယ်တော့ ဧရာဝတီ မြစ်ဆုံ လျှပ်စစ် စီမံကိန်းတွေဟာ မလိုသူတွေ ပြောသလို ဧရာဝတီ မြစ်ကြီးကိုရော၊ ဧရာဝတီကိုချစ်တဲ့ မြန်မာ ပြည်သူတွေကိုရော ဒုက္ခပေးဖို့ လုပ်နေတာ လုံးဝ မဟုတ်ပါဘူး။ ကျွန်တော်တို့လည်း ဧရာဝတီကို ချစ်ပါတယ်။ ဧရာဝတီဟာ ကျွန်တော်တို့ရဲ့ အသက်သွေးကြောပါ။ မြစ်မင်း ဧရာဝတီ တိမ်ကော ပျက်စီးသွားတာမျိုး ဘယ်တော့မှ အဖြစ်မခံနိုင်ပါဘူး။ နောင်တစ်ချိန်မှာ အဓွန့်ရှည် ရှင်သန်နေတဲ့ မြစ်မင်း ဧရာဝတီရဲ့ ရင်ခွင်မှာ ခိုလှုံရင်း မြစ်ဆုံရေအား လျှပ်စစ် စီမံကိန်းကြီးက ပေါ်ထွက်လာတဲ့ အသီးအပွင့် အကျိုး ရလဒ်တွေကို မြန်မာပြည်သူ အားလုံး ခံစား စံစားနေကြတာကို ကြည်နူးကျေနပ်စွာ တွေ့မြင်ခွင့် ရရှိနိုင်လိမ့်မယ်လို့ အပြည့်အဝ ယုံကြည်မိ ကြောင်းပါဗျာ။ ။
ကျော်မင်းလူ(ရွှေပြည်သာ)
 
(၂၀၁၁ ခုနှစ်၊ သြဂုတ်လ ၁၀ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာ၊ စာမျက်နှာ (၈) မှ ဆောင်းပါးရှင် ကျော်မင်းလူ(ရွှေပြည်သာ) ၏ ဆောင်းပါးအား ကူးယူ ဖော်ပြပါသည်။)

0 ဦးကဆွေးနွေးသွားပါတယ်..

Отправить комментарий