မြန်မာ့နိုင်ငံရဲ့ ဒီမိုကရေစီ ခရီးလမ်းဟာ ၂၀၀၈ ခုနှစ်မှာ အတည်ပြုနိုင်ခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ၂၀၁၀ ခုနှစ်မှာ ကျင်းပ ပြီးစီးခဲ့တဲ့ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ ဆိုတဲ့ ကာလတွေကို အောမြင်စွာ ဖြတ်ကျော် လာနိုင်ခဲ့တာ တွေ့ရပါတယ်။ ဒီလို ဖြတ်သန်း လာခဲ့ရာမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ( NLD) ဖျက်သိမ်းခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ယနေ့ အချိန်ထိ ပြောမဆုံးပေါင်း တောသုံးထောင် ဖြစ်နေသေးတာ တွေ့နေရပါတယ်။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေအရ ဥပဒေတွေ၊ နည်းဥပဒေတွေ ထုတ်ပြန်ပြီးတဲ့ နေ့ရက်ကစပြီး ရက်ပေါင်း(၆၀)အတွင်း ရွေးကောက်ပွဲ ကော်မရှင်ထံ မှတ်ပုံတင် ရမယ်လို့ ပြဌာန်း ထားပါတယ်။ ဒါပေမယ့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ( NLD) ဟာ ပြန်လည် မှတ်ပုံတင်ခြင်း မရှိတာကြောင့် ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ အရ တရားဝင် နိုင်ငံရေးပါတီ အဖြစ်ကနေ အလိုလို ပျက်ပြယ် သွားခဲ့ပါတယ်။ အခုလို ပျက်ပြယ် သွားခြင်း အတွက် မှားတယ်၊ မှန်တယ် အပြစ်ပြောဖို့ထက် ကိုယ့်လမ်း ကိုယ်လျှောက်ပြီး ကိုယ့်ကြမ္မာကိုယ် ဖန်တီး သွားတယ်လို့သာ ဆိုချင်ပါတယ်။ ပါတီ ဖျက်သိမ်းခြင်းခံရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး အယူခံဝင်ဖို့ အကြိမ် ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ အဲဒီအတွက် တရားဥပဒေကြောင်းအရ မှားနေတယ်လို့ ဒေါ်စုကြည်က ဝေဖန် ပြောဆိုခဲ့ပါတယ်။
နောက်ပြဿနာ တစ်ခုက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်( NLD) ခေါင်းဆောင် ဒေါ်စုကြည် လက်ရှိ နေထိုင်နေတဲ့ အိမ်ကို အကိုဖြစ်သူ ဦးအောင်ဆန်းဦးနဲ့ အမွေဆိုင်လုတဲ့ ကိစ္စ ဖြစ်တယ်။ ဒီကိစ္စမှာလည်း တရားရုံးကို အကြိမ်ကြိမ် ရောက်ခဲ့ကြပြီး ဖြစ်ပါတယ်။ ဒီကိစ္စမှာလည်း တရားရုံးရဲ့ ဆုံးဖြတ်ချက်ဟာ တရားမျှတမှု မရှိဘူးလို့ ထပ်မံပြီး ဝေဖန် ပြောဆို ခဲ့ပြန်ပါတယ်။
ဒီအဖြစ်အပျက်နှစ်ခုကို ကြည့်မယ်ဆိုရင် ကိုယ့်ရဲ့အလိုဆန္ဒနဲ့ ဆန့်ကျင်တဲ့ ရလာဒ်ထွက်ပေါ်လာရင် တရားမျှတမှု မရှိဘူး၊ ဥပဒေစိုးမိုးမှု မရှိဘူး ဆိုတဲ့ ဝေဖန်မှုမျိုး ထွက်ပေါ်လာမှန်း သိသာပါတယ်။ ကိုယ်လိုချင်တဲ့ အဖြေတစ်ခု မရတိုင်း ဒီလို ပြောဆိုနေခြင်းဟာ မသင့်တော်ဘူးလို့သာ မှတ်ချက် ပြုရတော့မှာ ဖြစ်ပါတယ်။ တကယ်တော့ ကိုယ့်ရဲ့ ဆန္ဒနဲ့ ဆန့်ကျင်ပြီး ဖြစ်နေတာတွေ များစွာရှိပါတယ်။ ကိုယ့်ရဲ့ဆန္ဒဟာ ဆန္ဒသာ ဖြစ်ပြီး အမှန်တရား မဟုတ်ဘူး ဆိုတာ ဆင်ခြင်သုံးသပ်ဖို့ လိုအပ် ပါတယ်။
ယနေ့ မြန်မာ့နိုင်ငံရေး အခင်းအကျင်းမှာ သက်ဝင် လှုပ်ရှားလိုရင်၊ လက်သုံး စကားဖြစ်တဲ့ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးကို လိုလားရင်၊ တရား ဥပဒေကို လေးစား လိုက်နာသူ တစ်ယောက် အနေနဲ့ ရှု့မြင်ခံလိုရင် တရား လက်လွတ် ငှက်တောင်ကျွတ် ပြောနေတဲ့ စကားတွေကို ရှောင်ရှားဖို့ လိုနေပါပြီ။ ဒါမှသာ ဒီမိုကရေစီ နိုင်ငံတော်သစ်ကို ချီတက်ရာမှာ ရုပ်ပိုင်း ဆိုင်ရာရော၊ စိတ်ပိုင်း ဆိုင်ရာရော အချိုးညီညီ တိုးတက်လာမှာ ဖြစ်ကြောင်းပါဗျာ။ မျိုးချစ်မောင်

0 ဦးကဆွေးနွေးသွားပါတယ်..

Отправить комментарий