(၂၀၁၁ ခုနှစ် စက်တင်ဘာလ (၁) ရက်နေ့ထုတ် ပြည်သူ့ခေတ်ဂျာနယ်က ဆောင်းပါးရှင် သြရ ရဲ့ ဆောင်းပါး ဖြစ်ပါတယ်။)
၁၉၈၈ ခုနှစ်မှ စ၍ ၂၃ နှစ်ကြာ အုပ်ချုပ်လာခဲ့သော တပ်မတော် ခေါင်းဆောင်များရဲ့ စစ်အုပ်ချုပ်ရေး အာဏာဟာ ၃၀-၃-၂၀၁၁ နေ့မှာ ကုန်ဆုံးခဲ့ပြီး၊ ၃၁-၃-၂၀၁၁ မှာ အစိုးရသစ် သမ္မတ ဦးသိန်းစိန် အစိုးရကို အာဏာ လွှဲပြောင်း ပေးလိုက်ပါပြီ။
အဲဒီမှာ တပ်မတော် အုပ်ချုပ်ရေး လက်ထက်က ဝန်ကြီးချုပ် ဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီး သိန်းစိန်က အခု အစိုးရသစ် အဖွဲ့မှာ သမ္မတ ဦးသိန်းစိန်အဖြစ် ခန့်အပ် တာဝန်ပေးခံရပြီး တစ်နိုင်ငံလုံးကို (ပြည်သူလူထု အားလုံးသို့) အဖွင့်မိန့်ခွန်း ပြောကြားခဲ့ ပါတယ်။ သမ္မတကြီးရဲ့ မိန့်ခွန်းတွေအပေါ် အချို့ ပြည်သူတွေနဲ့ ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီ အားလုံးက ကြိုဆို ထောက်ခံကြတာ တွေ့ရသလို အပြောနဲ့ အလုပ် တစ်ထပ်တည်း တစ်သားတည်း ကျပါသလားဆိုတဲ့ သံသယစိတ်နှင့် လည်း စောင့်ကြည့်ကြသေးတာပေါ့ ဆိုပြီး ဝေဖန် သုံးသပ်သူတွေကိုလည်း တွေ့ရပါတယ်။
ဒါပေမဲ့ အခု ရက်ပေါင်း ၁၅၀ ခန့် ရှိလာပြီ။ ဒီမိုကရေစီ အစိုးရ၊ ပြည်သူ့ အစိုးရလို့ ကြွေးကြော်လာတဲ့ ၂၀၁၁ အစိုးရသစ်ရဲ့ ဆောင်ရွက်လာမှုတွေကို ကြည့်ရင်း ရွှေ့ပြောင်းလာတာ တစ်ခုစ နှစ်ခုစ တွေ့နေရပါတယ်။ အစိုးရသစ်ရဲ့ သက်တမ်း နုနုလေးနဲ့ ဆောင်ရွက်ချက်တွေကို ယခင် အစိုးရဟောင်းရဲ့ ဆောင်ရွက်ချက်များနဲ့ နှိုင်းယှဉ် သုံးသပ်ကြည့်မှ တိုးတက် ပြောင်းလဲ လာသလား မပြောင်းလဲ လာဘူးလားဆိုတာ သိမြင်ရမှာပေါ့။
ခုပဲကြည့်လေ ရက်ပေါင်း ၁၀၀ မပြည့်မီ ကလေးမှာပဲ အစိုးရသစ်အဖွဲ့ဟာ မြန်မာနိုင်ငံမှာ ၈ သိန်းခန့် ရှိတဲ့ လစာနည်း အငြိမ်းစား ပင်စင်သမားများကို တိုးမြှင့်ခံစားစေဖို့ ၂၀၁၁ ခုနှစ် ဇွန်လ ၃၀ ရက်နေ့ မှာပဲ အမိန့် ကြော်ညာစာ အမှတ် ၁၀၆/၂၀၁၁ နဲ့ ထုတ်ပြန်ခဲ့ပါတယ်။ အဆမတန် တိုးမြှင့် ရရှိလာတဲ့ ပင်စင် လစာသစ်ကြောင့် အငြိမ်းစား ၀န်ထမ်းများနှင့် မိသားစုဝင်များ အားလုံးဟာ ဝမ်းသာမဆုံး တပြုံးပြုံးနဲ့ပေါ့ အားလုံးက မုဒိတာပွားရ ပါတယ်။
နောက်ရှိသေးတယ်။ ကျေးလက် ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးစီမံမှု လုပ်ငန်းတွေကိုလည်း စတင် အကောင်အထည် ဖော်နေတာတွေကိုလည်း တွေ့နေရပါတယ်။ ဥပမာ အနီးစပ်ဆုံး ကြည့်မယ်ဆိုရင် ရန်ကုန်တိုင်း ဒေသကြီးအတွင်း ၄ ခရိုင်ရှိ ၆ မြို့နယ်ကို သိန်း ၂၀၀၀၊ သမ၀ါယမ ဖွံ့ဖြိုးရေး ရန်ပုံငွေမှ တစ်ဧက ၃၀၀၀၀၊ နှုန်းနဲ့ ထုတ်ချေးမယ် ဆိုတဲ့ သတင်းတွေ ကြားသိနေရပြီ။ အစိုးရသစ်အနေနဲ့ တိုင်းပြည်အတွက် ပေါ်လစီရေးရာ ကိစ္စ၊ တွေ့ဆုံ ဆွေးနွေးရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးကိစ္စ၊ အခြေခံ အလုပ်သမားနဲ့ ပျံကျ အလုပ်သမားတွေရဲ့ စားဝတ်နေရေး ကိစ္စ ဒါတွေကို တဆင့်ပြီး တစ်ဆင့် စီမံကိန်းချ ဆောင်ရွက် နေတာကိုလည်း တွေ့နေရပါပြီ။ ဆန္ဒမစောဖို့ လိုအပ်ပါတယ်။
အဲဒီလိုနဲ့ပဲ ၂၀၁၁ ဇူလိုင်လ ၂၅ ရက်နေ့ က ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်တို့ အစိုးရ ဧည့်ဂေဟာဖြစ်တဲ့ စိမ်းလဲ့ကန်သာမှာ အစိုးရသစ် လက်ထက် ပထမအကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။ အဲဒီမှာ နှစ်ဦးနှစ်ဘက် အားရ ကျေနပ်ဖွယ် ရှိကြောင်းနှင့် ပြည်သူလူထု ကိုယ်စိတ်နှစ်ပါး ချမ်းသာစေရေး အတွက် နှစ်ဦးနှစ်ဘက် ပူးပေါင်း ဆောင်ရွက်နိုင်မယ့် အခွင့်အလမ်းများ တရားဥပဒေ စိုးမိုးရေးကိစ္စ စိတ်ဝမ်းကွဲပြားမှု ပပျောက်ရေး ကိစ္စများနှင့် အများပြည်သူ အကျိုး ဖြစ်ထွန်းစေမှု ကိစ္စများ ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ ပြီးတော့ နှစ်ဦးသဘောတူ Joint Statement ၄ ချက် ထုတ်ပြန်လိုက်တယ်ဗျာ။ စစ်အုပ်ချုပ်ရေး လက်ထက်မှာ ၉ ကြိမ်တွေ့ဆုံဆွေးနွေး ခဲ့ပေမယ့် ယခုလို Joint Statement ပူးတွဲ ကြေညာချက် မထုတ်ပြန်နိုင်ခဲ့ပါဘူး။ ဒါဟာ ထူးခြားမှုတစ်ခုလို့ ဆိုရင်ရပါတယ်။
အဲဒီနောက် ဒုတိယ အကြိမ်ကိုပဲ ၁၂.၈.၁၁ နေ့မှာ ထပ်တွေ့ပြန်တယ်ဗျာ။ အဲဒီမှာလည်း နှစ်ဦးနှစ်ဘက် သဘောတူ အောက်ပါ အချက် ၄ ချက် ကို ထုတ်ပြန်ခဲ့တယ်။
ဒေါ်အောင်ဆန်းစုကြည် ကလည်း “ ကျွန်မတို့ ပူးပေါင်း ဆောင်ရွက်မယ် ဆိုရင် တိုင်းရင်းသား ကိစ္စတွေမှာလည်း တိုးတက်မှု ရမှာပဲ။ ဘယ်ဘက်မှာမဆို တိုးတက်မှုရမှာပဲ။ တကယ်တော့ ကျွန်မတို့ နိုင်ငံရဲ့ အကျိုးကို ပူးပေါင်း ဆောင်ရွက်မယ်ဆိုရင် မီဒီယာ အပါအဝင်ပေါ့ တိုးတက်မှု ရှိမှာပါ။ ” လို့ပြောခဲ့သလို ဦးအောင်ကြည်ကလည်း
“ကျွန်တော်တို့ ပူးပေါင်း ဆောင်ရွက်မှု ဆိုတာ ကျွန်တော်တို့ နိုင်ငံအတွက် တကယ်လိုအပ်တဲ့ Main Problem အဓိက ပြသနာကြီး တစ်ခုပါ။ ဒါကြီးကို ကျွန်တော်တို့ ဖြေရှင်းနေကြတာ ဖြစ်တယ်။ ဒီကိစ္စ ပြေလည်ပြီဆိုတဲ့ အချိန်ကျရင် ကိစ္စအားလုံးဟာ ဒီ Main Problem ရဲ့ အကျိုးဆက် တရားများ တစ်နည်းအားဖြင့် Corollaries အဲဒါတွေ ဖြစ်လာမှာ ဖြစ်တဲ့အတွက် အလွယ်တကူ ဖြေရှင်းသွားနိုင်မယ့် အနေအထားပဲ ဖြစ်ပါတယ်။ ”ဆိုပြီး သတင်းထောက်များရဲ့ အမေးကို ဖြေသွားတာကို ကြည့်ရင် အနာဂတ်အတွက် အစိုးရသစ်ရဲ့ အနာဂတ် လမ်းကြောင်းဟာ ဘယ်လဲဆိုတာ မှန်းလို့ ရနေပါပြီ။ ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စု ဝန်ကြီး ဦးအောင်ကြည်တို့ တွေ့ဆုံပြီးတော့လည်း ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၅.၈.၂၀၁၁ နေ့က ရုံးချုပ် အစည်းအဝေးမှာ ဦးအောင်ကြည်နဲ့ ဘာတွေဆွေးနွေး ခဲ့သလဲ ဆိုတာကို ဗဟို အလုပ် အမှုဆောင်များအား ရှင်းလင်းတင်ပြခဲ့ပါတယ်။ လူကြီးများကလည်း သဘောတူ ထောက်ခံကြောင်း ၁၆.၈.၂၀၁၁ နေ့က သတင်းထုတ်ပြန်ခဲ့ ပါတယ်။ ဤကဲ့သို့ ထုတ်ပြန် ကြေညာလိုက်ခြင်းမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် ဝန်ကြီး ဦးအောင်ကြည်တို့ တွေ့ဆုံ ဆွေးနွေးခြင်းဟာ ဒေါ်အောင်ဆန်းစုကြည်က ဖျက်သိမ်းပြီး NLD ကို ကိုယ်စားပြုနေတယ် ဆိုတာ တွက်ဆလို့ ရနိုင်သလို၊ နှစ်ဦးနှစ်ဘက် ပူပေါင်း ဆောင်ရွက်မှု ပြုလိုခြင်းရဲ့ သဘောလို့လည်း ယူဆနိုင်ပါတယ်။ ၁၇.၈.၂၀၁၁ နေ့က နေပြည်တော် ဇမ္ဗူသီရိ မြို့နယ်ရှိ MICC မှာပြောခဲ့တဲ့ ... “ဒီအချိန်ဟာ ရန်ဖြစ် ငြင်းခုံနေရမယ့် အချိန် တစ်ဦးနှင့် တစ်ဦး တစ်ဖွဲ့နဲ့တစ်ဖွဲ့ အပြစ်ရှာ အပြစ်ပြော နေရမယ့် အချိန် မဟုတ်တော့ဘူး။ စည်းလုံး ညီညွှတ်ကြရင် ကြီးပွား တိုးတက်နိုင်တဲ့ ရေခံ မြေခံကောင်းတွေ ကျွန်တော်တို့ တိုင်းပြည်မှာ ရှိပြီးဖြစ်တယ်။ ”ဆိုတဲ့ စကားဟာလည်း တကယ်တော့ လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်ကသာ ပြောခဲ့ရင်၊ ယနေ့ မြန်မာနိုင်ငံဒီလို အခြေအနေမျိုး ဖြစ်လာမှာ မဟုတ်ဘူးလို့ ယုံကြည် မိပါတယ်။
၁၉-၈-၁၁ သောကြာနေ့ ညနေ ၄ နာရီမှာ သမ္မတကြီး ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ နေပြည်တော်ရှိ သမ္မတ အိမ်တော် ရုံးခန်းမှာ တွေ့ဆုံဆွေးနွေး ခဲ့ကြတာကို ရုတ်တရက် ကြားသိ လိုက်ရပါတယ်။ အဲဒီမှာလည်း မတူကွဲပြားတဲ့ သဘောထား အမြင်များ ဘေးဖယ်ထားပြီး နိုင်ငံနှင့် ပြည်သူလူထု အတွက် အမှန်တကယ် အကျိုးရှိစေမည့် ဘုံအကျိုးစီးပွား ကိစ္စများတွင် ပူးပေါင်း ဆောင်ရွက်နိုင်မည့် ကိစ္စများကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း ကြားသိ ခဲ့ရပါတယ်။ အဲဒီမှာလည်း ဒေါ်အောင်ဆန်းစုကြည်က ကျေနပ် အားရမိကြောင်း ပြောတာကို သိခဲ့ရပါတယ်။
၂၀-၈-၁၁ နေ့က နေပြည်တော်မှာ ကျင်းပနေတဲ့ နိုင်ငံတော် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုအတွက် ပြုပြင်ပြောင်းလဲရေး ဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံ ဆွေးးနွေးပွဲသို့လည်း ဒေါ်အောင်ဆန်းစုကြည် ခေတ္တ တက်ရောက် လေ့လာခဲ့တာ တွေ့ရပါတယ်။ ဒါဟာ နှစ်ဦးနှစ်ဖက် အပြန်အလှန်ပါဝင် ပူးပေါင်းဆောင်ရွက်မှုရဲ့ အပေါင်းလက္ခဏာလို့ ထင်မိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည်ဟာ ယနေ့နိုင်ငံရေး မျက်နှာစာမှာ တကယ်ဆုံးဖြတ်ခွင့် ပေးနိုင်မယ့် သမ္မတကြီး ဦးသိန်စိန်နှင့် ပြည်ထောင်စု ဝန်ကြီး ဦးအောင်ကြည်တို့နဲ့ တွေ့ဆုံခွင့် စကားပြောခွင့် ရင်းနှီးခွင့် ရတာတွေဟာ အနာဂတ် မြန်မာနိုင်ငံရဲ့ ကောင်းမြတ် တိုးတက်မယ့် အရိပ်၊ အလင်းရောင်သစ်လို့ပဲ ဆိုချင်ပါတယ်။ အဓိကကတော့ အမြဲ စကားပြော နေရဖို့ ပြောဖြစ်နေဖို့ ပါပဲ။
ဒီလို တွေ့ဆုံ ဆွေးနွေးခြင်းဟာလည်း နှစ်ဦးနှစ်ဖက်က ရိုးသား ဖြောင့်မတ် ဖြူစင်ရပါမယ်။ တစ်ဦးနှင့် တစ်ဦး အပြန်အလှန် ယုံကြည်ကိုးစားမှု ရှိပြီး တိုင်းပြည်နှင့် လူထုမျက်နှာကို ကြည့်ရပါမယ်။ သမ္မတကြီးရဲ့ အဖွင့်မိန့်ခွန်းမှာ ပါတဲ့...၊
“ အစိုးရအဖွဲ့သစ်ရဲ့ အရေးကြီးဆုံး လုပ်ငန်းစဉ်ကတော့ ကောင်းမွန်သော အုပ်ချုပ်မှုစနစ် (Good Governance) နဲ့ သန့်ရှင်းသော အစိုးရ (Clean Government) ပေါ်ပေါက်လာအောင် ဝိုင်းဝန်း ကြိုးပမ်းဖို့ လုပ်ဆောင်ဖို့ပဲ ဖြစ်ပါတယ်”လို့ ပြောခဲ့တာဟာ အင်မတန် လေးနက်ပါတယ်။
ဘာကြောင့်လဲဆိုရင် ဒီစကားဟာ သမ္မတကြီးရဲ့ လူပုဂ္ဂိုလ် တစ်ဦးချင်း ကိုယ်ကျင့်သက္ခာနဲ့ အစိုးရသစ်တစ်ဖွဲ့ရဲ့ ဂုဏ်သိက္ခာနဲ့ ပတ်သက်လို့ပါပဲ။ အခုဆိုရင် ရက်ပေါင်း ၁၅၀ ပြည့် တော့မယ်။ အရင် အစိုးရ ခေတ်က နှစ်ပေါင်း ၂၀ ကျော် မလုပ်ခဲ့တဲ့ အလုပ်တွေကို သမ္မတ ဦးသိန်းစိန် အစိုးရက တစ်ခုချင်း တစ်ဆင့်စီ တစ်ဆင့် အကောင်အထည် ဖော်ဆောင် နေတာကို တွေ့နေရပါပြီ။ သမ္မကြီး ဦးသိန်စိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ စကားပြောပြီး မှန်တမ်းတင် ရိုက်ထားတဲ့ ဓာတ်ပုံမှာ နှစ်ယောက်စလုံး ပြုံးယောင်သန်းပြီး ပကတိ ဖြူစင်ရိုးသားမှုက မျက်နှာတွင် ပေါ်လွင်နေပါတယ်။ ဓာတ်ပုံရဲ့ နောက်နံရံက တည်ငြိမ်ခံ့ညားတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မြန်မာဝတ်စုံနဲ့ ဓာတ်ပုံပါတွေ့ ရတော့ အဓိပ္ပါယ်တွေကို အမျိုးမျိုး တွေးကာ ဖြန့်ကြက်နိုင်ပါတယ်။ စာဖတ်သူများ ကြိုက်သလို မိမိယုံကြည်ရာဖြင့် မှန်းဆ တွေးယူ နိုင်ပါတယ်။
နှစ်ပေါင်း ၅၀ ကျော်အုပ်ချုပ်မှု အောက်က ခေါက်ရိုးကျိုးနေပြီး၊ အမြစ်စွဲနေတဲ့ ကြိုးနီ စနစ်နဲ့ အဂတိ လိုက်စားမှု ခြစားမှု လာဘ်ပေး လာဘ်ယူမှုတွေကို တကယ်ပဲ သမ္မတ ဦးသိန်းစိန် အစိုးရသစ်က ပြောင်းလဲနိုင်မလား။ ချက်ချင်းတော့မလွယ်။ တကယ်ဖြစ်ချင် တကယ်လုပ် အဟုတ်ဖြစ်ရမယ် ဆိုတဲ့ ဆရာကြီး ဦးသုခရဲ့ စကားအတိုင်း တကယ် လုပ်ကြည့်ရန်သာ လိုပါတယ်။
မြန်မာနိုင်ငံရေး ဖြစ်ပေါ်တိုးတက် ပြောင်းလဲမှု အတွက် သမ္မတကြီး ဦးသိန်းစိန်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပထမအကြိမ် ဆွေးနွေးခဲ့ပြီးပါပြီ။ ဆက်၍လည်း ဆွေးနွေးကြရန် လိုပါတယ်။ အချိန်ကန့်သတ်မှု Time Frame အတွင်းမှာ အမြန်ဆုံး ဆောင်ရွက်နိုင်မှသာ မြန်မာနိုင်ငံကြီး ထည်ထည်ဝါဝါနဲ့ ပြည်သူ လူထုတွေမှာလည်း ဘဝကိုယ်စီ အလှကိုယ်စီနဲ့ အမြန်ဆုံး ပျော်ရွှင် ခံစားကြရပေလိမ့်မယ်။

0 ဦးကဆွေးနွေးသွားပါတယ်..

Отправить комментарий