၂၀၁၁ ခုနှစ် သြဂုတ်လ (၂၉) ရက်နေ့တွင် ကျင်းပခဲ့သည့် ပထမအကြိမ် အမျိုးသားလွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့တွင် အမျိုးသားလွှတ်တော်က အလုပ်သမားအဖွဲ့အစည်း ဥပဒေကြမ်းအား အတည်ပြုခဲ့ပြီး ယင်းဥပဒေကြမ်းတွင် ဆေးရုံ၊ စာသင်ကျောင်း၊ သာသနိက အဆောက်အဦ၊ လေဆိပ်၊ ဘူတာရုံ၊ ခရီးသည်တင် ယာဉ်ရပ်နားစခန်း၊ ဆိပ်ကမ်း သို့မဟုတ် သံတမန် အဖွဲ့အစည်းများ၊ တပ်မတော် သို့မဟုတ် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အဆောက်အအုံ တစ်ခုခုမှ ကိုက် ၅၀၀ အတွင်းတွင် ဆန္ဒပြခြင်းမပြုရ အချက် ပါဝင်သည်။ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဦးစံထွန်းက အလုပ်သမား အဖွဲ့အစည်း ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းခဲ့သည်။ အမျိုးသား လွှတ်တော် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဦးစံထွန်း ဖတ်ကြားရှင်းလင်းခဲ့သော အစီရင်ခံစာပါ အချက်များအရ အလုပ်သမားဝန်ကြီးဌာနမှ တင်ပြသည့် ဥပဒေပါ အချက်များကို အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီက မြန်မာစာသဒ္ဒါ ရေးထုံးနှင့် ညီညွတ်စေရန် ပြင်ဆင်ခြင်း၊ ဥပဒေရေးထုံးနှင့် ညီညွတ်စေရန် ပြင်ဆင်ခြင်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ပြင်ဆင်ခြင်း စသည်တို့ကို ပြုလုပ်ခဲ့သည်။ အလုပ်သမား အဖွဲ့အစည်း ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ရန်ကုန်တိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ်(၆) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာတင်ရွှေက ဆွေးနွေးခဲ့သလို အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်ကလည်း ဒေါက်တာတင်ရွှေ၏ ဆွေးနွေးချက် အပေါ် ပြန်လည်ဆွေးနွေးခဲ့သည်။ ထို့နောက် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က အလုပ်သမား အဖွဲ့အစည်း ဥပဒေကြမ်းအား အတည်ပြုရန် အဆိုပြုခဲ့ပြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ထောက်ခံခဲ့သည်။ ထို့နောက် အလုပ်သမား အဖွဲ့အစည်း ဥပဒေကြမ်းအား အတည်ပြုရန် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူသည့်အနေဖြင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက သဘောတူပါသလား သုံးကြိမ် မေးမြန်းခဲ့ရာ သဘောမတူသည့်သူ မရှိသဖြင့် အလုပ်သမား အဖွဲ့အစည်း ဥပဒေကြမ်းအား အတည်ဖြစ်ကြောင်း ကြေညာခဲ့သည်ဟု ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။


0 ဦးကဆွေးနွေးသွားပါတယ်..

Отправить комментарий