တစ်နေ့သ၌ ကျွန်ုပ်ထံသို့ Voice Of Myanmar ဘလော့တွင် အက်ဒမင် တစ်ဦးအဖြစ် ကူညီဆောင်ရွက်ပေးနေသူ တူတော်မောင်တစ်ဦးရောက်ရှိလာလေသည် ၊ သူသည် ပြည်ပနိုင်ငံတစ်ခု တွင်နေထိုင်သော်လည်း မြန်မာပြည်သို့ပြန်လည်ရောက်ရှိလာသည့်အခါတိုင်းတွင်မူ ကျွန်ုပ်ထံသို့ဦးစွာ လာရောက်လေ့ရှိလေသည် ။
သူရောက်လာသည့်အခါတိုင်းတွင် အွန်လိုင်းပေါ်တွင် ပြော၍ မ၀နိုင်သော မြန်မာ့နိုင်ငံရေးအကြောင်းများကို အားပါးတရဆိုသလို အမြင်ချင်းဖလှယ် ဆွေးနွေးလေ့ရှိလေသည် ။ ယခုတစ်ခေါက်တွင် လည်း မြန်မာ့နိုင်ငံရေးအကြောင်း အစိုးရအဖွဲ့အသစ်အကြောင်း ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ အကြောင်းနှင့် ၄င်းတို့၏ သမိုင်းကြောင်းများကို အပြန်အလှန်ဆွေးနွေးကာ အမြင်ချင်း ဖလှယ် နေရာမှ မြန်မာ့နိုင်ငံရေး အတိုက်အခံများအကြောင်းသို့ ရောက်ရှိသွားသောအခါတွင်မူ ကျွန်ုပ်၏ တူတော်မောင်၏ မျက်နှာသည် တစ်မျိုးတမည်ပြောင်း၍ သွားလေသည် ။ တက်ကြွနေသော အရိပ်အရောင်များမှ စိတ်ပျက်သော အမူအရာသို့ တမဟုတ်ခြင်းပြောင်းလည်း သွားကာ အောက်ပါ တိုင်းပြောလေတော့သည်...
" ဆရာရယ်...ဒီအတိုက်အခံဆိုတဲ့လူတွေကို ကျွန်တော် တော်တော်စိတ်ပျက်မိတယ် ..အစိုးရဘာလုပ်လုပ်လိုက်ပြီးမကောင်းပြောနေတယ်ဆရာရယ် ဒီလူတွေကိုဘယ်လိုနားလည်ရမှန်း ကိုမသိတော့ပါဘူး.. အခုဆိုရင်အစိုးရသစ်လက်ထက်မှာ အပြောင်းအလဲတော်တော်များများ လုပ်နေ တာတွေ တွေ့ရတယ်မဟုတ်လားဆရာ..ပင်စင်လစာတွေတိုးပေးတယ် ၊ စီးပွားရေးဆိုင်ရာပြောင်းလဲ မှုတွေ ဆက်တိုက်ဆိုသလိုလုပ်လာတယ်..၊ ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးဆိုတာတွေလုပ်လာတယ် ၊ သတင်းလွတ် လပ်ခွင့်တွေအရင်ကထက်စာရင်မထင် ရလောက် အောင် တိုးတက်လာတယ် ၊ ဒေါ်အောင်ဆန်း စုကြည်နဲ့တွေ့ဆုံမှုတွေဖြစ်လာတယ် ၊ တစ်ချိန်တည်းမှာပဲ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့လည်း ပဏာမ ငြိမ်းချမ်းရေးရယူမှုတွေ ရလာတယ် ၊ ပြည်ပမှာအကြောင်းအမျိုးမျိုးနဲ့ရောက် ရှိနေတဲ့နိုင်ငံသားတွေကို သမ္မတကြီးကိုယ်တိုင်ပြန်လည်ဖိတ်ခေါ်နေ တယ် ထားပါတော့လေ..ခြုံပြောရရင် အကောင်းတွေဘက်ကိုပြောင်းလဲတိုးတက်မှုတွေအများကြီး သိသိသာသာ ရှိနေပါလျှက် မြင်နေရပါလျှက်နဲ့ အပျက်ဘက်ကနေပဲပြောနေကြ တုန်း ရေးနေကြတုန်းပဲဆရာ စိတ်ပျက်စရာပါပဲ "

တူတော်မောင်၏ စကားအဆုံးတွင် ကျွန်ုပ်သည် သူ၏မျက်နှာကိုစေ့စေ့ကြည့်ရင်း ပြုံးမိလေသည် ..တဆက်တည်းဆိုသလိုပင် သူက " ဘာပြုံးတာလဲဆရာ" ဟုမေးလာသဖြင့်....

" ဒါစိတ်ပျက်စရာမဟုတ်ဘူးကွ...ချဲလင့်(Challenge) လုပ်တာလို့ခေါ်တယ် ၊ မြန်မာ့နိုင်ငံရေးကိုချဲလင့် လုပ်နေတာ ၊ တစ်နည်းပြောရရင် စိန်ခေါ်နေတာပေါ့ကွာ...ဒီလိုချဲလင့်တွေရှိနေလို့လဲ အသက်မရှိတဲ့ တို့မြန်မာ့နိုင်ငံရေး ကြီးကအသက် ၀င်နေတာ....စိတ်ပျက်စရာမဟုတ်ဘူး ချဲလင့်.." ဟုပြောရလေသည် ။


 ကျွန်ုပ်စကားဆုံးသည်နှင့် တူတော်မောင်က ဆရာပြောတာကျွန်တော်သိပ်မရှင်းဘူးဆရာ.. အဖျက်လုပ်နေတာနဲ့ ချဲလင့် ကဘာဆိုင်လို့လဲ ဟု  မေးလာပြန်လေသည် ။

" မောင်ရင်ရှင်းအောင်ပုံပြင်လေးတစ်ခုပြောပြမယ် .. ဟိုးရှေးရှေးတုန်းက တရုတ်ပြည်မှာ ဂျုံစိုက်တဲ့လယ်သမားတစ်ဦနဲ့ တန်ခိုးရှင်တစ်ဦးဟာ မထင်မှတ်ပဲ မိတ်ဆွေတွေဖြစ်သွားကြတယ် ၊ ဒီတော့ ဂျုံစိုက်လယ်သမားကြီးက ခင်ဗျားဟာ တန်ခိုးရှင်သာဖြစ်နေတာ ဂျုံတော့စိုက်တတ်ဟန်မတူဘူး.. တကယ်လို့များ ကျုပ်ဂျုံစိုက်တဲ့ ကိစ္စတွေမှာ ခင်ဗျားတန်ခိုးနဲ့ပေါင်းလိုက်မယ်ဆိုရင် တော်တော်အကျိုး ရှိမယ်လို့ပြောလိုက်တယ် ။ ဒီတော့တန်ခိုးရှင်က ' ကောင်းပါပြီ ကျုပ်ခင်ဗျားကိုကူညီပါ့မယ်' လို့ပြန်ပြောလိုက်တယ် ။ အဲဒီနောက် လယ်သမားကြီးကတန်ခိုးရှင်ကို သူ့ဂျုံစိုက်ခင်းမှာ တစ်နှစ်လုံးခေါ်ထားပြီး မိုးလေးနည်းနည်းရွာတာနဲ့' ကဲ..တန်ခိုးရှင် ဒီမိုးတွေဆက်ရွာရင်ဂျုံခင်းတွေပျက်မယ် မိုးတိတ်အောင်လုပ်ပေး ' လို့ခိုင်းတော့တာပဲ ၊ တန်ခိုးရှင်က မိုးတိတ်အောင်လုပ်ပေးလိုက်တယ် ။ လေလေးနည်းနည်းတိုက်လာရင်လဲ ဒီလိုပဲ ' တန်ခိုးရှင်ကြီးလုပ်ပါဦး ဒီလေက ဂျုံအနှံတွေကို ပျက်စီးစေတယ် လေတိုက်တာရပ်အောင်လုပ်ပေးပါ ' လို့ ခိုင်းပြန်တယ် တန်ခိုးရှင်ကလဲလေမတိုက်အောင်လုပ်ပေးလိုက်ပြန်တယ် ၊ ဒီလိုပဲ လယ်သမားကြီးဟာ နေပူရင်အပင်ညှိုးမယ် မိုးအုံ့အောင်လုပ်ပေး ၊ ရေများရင်နည်းအောင်လုပ်ပေး ၊ စာကလေးတွေလာရင် မလာအောင်လုပ်ပေး ၊ မိုးခြိမ်းရင်လဲအသီးတွေဆုပ်ကုန်မယ် မခြိမ်းအာင်လုပ်ပေး ဆိုပြီးအမျိုးမျိုးခိုင်းတယ် တန်ခိုးရှင်ကလည်း အကုန်လုပ်ပေးတယ်  ၊ ဂျုံပင်ကြီးတွေကလဲ ဖွံ့ဖြိုးပြီးသိပ်ကောင်းလာတာပေါ့ ..အဲဒီအခါမှာ လယ်သမားကြီးက တန်ခိုးရှင်ကို ကဲတွေ့လားကျုပ်ရဲ့ဂျုံခင်းကြီးကိုကြည့်စမ်းပါဦး ကျုပ်ရဲ့ဂျုံစိုက်တဲ့ပညာနဲ့ ခင်ဗျားရဲ့တန်ခိုး ပေါင်းလိုက်တဲ့ အခါ ဘယ်လောက်ကောင်းလဲ လို့ပြောရှာတယ် ဒါပေမယ့် ဂျုံပင်တွေကိုရိတ်သိမ်းတဲ့အခါ ဂျုံအနှံတွေဟာ အဆံမပါဘူး ၊ ဟောင်းလောင်းတွေဖြစ်နေတယ် ၊ ဒီတော့မှ လယ်သမားဟာ အထိတ်တလန့်နဲ့ တန်ခိုးရှင်ကို ဘယ်လိုဖြစ်ကုန်တာလဲလို့မေးတယ် ၊ တန်ခိုးရှင်က ' ဒီလိုရှိတယ် မိတ်ဆွေရ မိုးတွေတအားရွာတာတို့ ၊ လေတိုက်တာတို့ ၊ မိုးခြိမ်းတာတို့ ၊ နေပူတာတို့ စာကလေးတွေလာတာတို့ဟာ သာမန်ကြည့်လိုက်ရင် ဂျုံပင်တွေအတွက် အနှောက်အယှက်တွေ ၊အဖျက်တွေလို့ထင်ရတယ် ၊ တကယ်တော့ နှောက်ယှက်နေတာမဟုတ်ဘူး ချဲလင့်လုပ်နေတာ ၊ စိန်ခေါ်နေတာ ၊ ဂျုံပင်ဟာ ဒီစိန်ခေါ်မှုတွေ၊ ခြိမ်းခြောက်မှုတွေ ကိုရုံးကန်ရင်းကနေ မြေကြီးထဲမှာရှိတဲ့ သြဇာဓါတ်တွေကို အနှံထဲရောက်အောင်လုပ်ပေးနေတာ၊ ဒီလိုရုန်းကန်နေရတာကိုက သူ့အလုပ်လေ..ဒါကိုမောင်ရင်က အကုန်အဆင်ပြေအောင်သွားလုပ်ပေးလိုက်တော့ ဂျုံပင်ဟာမရုန်းကန်ရတော့ဘူး ၊ ရုန်းလဲမရုန်းကန် တတ်တော့ဘူး ခွန်အားမရှိတဲ့လူ လေဖြတ်တဲ့လူလိုဖြစ်သွားပြီးခုလိုအနှံမအောင်ဖြစ်ရတာ လို့ ပြန်ရှင်းပြတယ်..ပုံပြင်လေးကတော့ပါပဲမောင်ရင်ရာ... "

" လောကကြီးမှာလဲဒီလိုပါပဲ အဖြူရောင်ဟာကောင်းတယ် အမဲရောင်ဟာမကောင်းဘူး ဆိုပါတော့ ကျောက်သင်ပုန်းမှာမြေဖြူနဲ့ရေးတဲ့ကိစ္စမှာတော့နောက်ခံကမဲနေမှအဆင်ပြေတယ် ဘာလို့လဲ ဆိုတော့ မြေဖြူရဲ့အဖြူရောင်ကို ကျောက်သင်ပုန်းရဲ့အမဲရောင်က ချဲလင့်လုပ်ထားတာ မဟုတ်လား..နိုင်ငံရေးမှာလဲ ဒီလိုပဲမောင်ရင်ရ အစိုးရကိုချဲလင့်လုပ်တဲ့သူတွေရှိမှ အစိုးရဟာ ရုန်းကန်ရပြီး သူ့ရဲ့စွမ်းအားတွေ ထွက်လာတယ် ၊ ရုန်းကန် ရတဲ့အလေ့အကျင့်ရလာတယ် ၊ရင့်ကျက်လာစေတယ် ၊ ခွန်အားကိုဖြစ်စေတယ် ဒီခွန်အားတွေဟာ တိုင်းပြည်ဖွံ့ဖြိုးမှုအတွက် အားဖြစ်စေတယ်... ဒီတော့ဒီလူတွေကို ကျေးဇူးမတင်ရင်တောင် အစိုးရကို ခွန်အားဖြစ်စေ အရည်အချင်း တက်စေတဲ့ မောင်းနှင်အားတွေအဖြစ်မြင်ရမယ်  "  ဟုရှည်လျားစွာရှင်းပြရလေသည် ။

တူတော်မောင်လည်း ကျွန်ုပ်ရှင်းပြသည်ကို နားလည်သဘောပေါက်ကြောင်းပြောဆိုကာ Marks & Spencer ဆိုင်မှ ၀ယ်လာသည်ဆိုသော ချည်ထည်အင်္ကျီလေးတစ်ထည်ဖြင့် ကန်တော့ပြီး ဆရာလည်း လူပျိုကြီးဘ၀က မြန်မြန်လွတ်ပါစေဟု ဘာမဆိုင်ညာမဆိုင်ဆုတောင်းကာ ပြန်လည် ထွက်ခွာ သွားလေတော့သတည်း ။

ဒေါက်တာဆိတ်ဖွား

0 ဦးကဆွေးနွေးသွားပါတယ်..

Отправить комментарий