ကြီးဒေါ်စုသို့ ပေးစာ ...
(မြန်မာ့ဒီမိုကရေစီရေးအတွက် ရတက်မအေးဖြစ်နေကြသူများ ဤစာစု ရေးသားသူ၏ အာဘော်ကို
ဖတ်ရှုသုံးသပ်ဆင်ခြင်နိုင်ရန် zizawa.wordpress.com မှ ကူးယူဖော်ပြပါသည်)

“မတရားတဲ့ အမိန့်အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြ” ကြွေးကြော်သံကို အာပေါင်အာရင်းသန်သန် ကြွေး ကြော်ခဲ့ပြီးသကာလ အနှစ်နှစ်ဆယ်မျှကြာသောအခါ ဒီချုပ်ခမျာ ပါတီမသေရေးအတွက် ဘာမဆိုလုပ်မယ်ဆို တဲ့ အဆင့်ကို ရောက်နေပါပကောလား။ ဘာမဆိုလုပ်မယ်ဆိုတဲ့ စကားက ကြောက်ဖို့ကောင်းပါတယ်လေ။ နောက်ပြီး ဒါက ကိုယ့် Own Tune ဖြစ်နေတယ်။ ဘာမဆို လုပ်မလုပ်တော့ မသိသေးဘူး။ ဒါပေမယ့် ဇော် ဇော့်ဘောပွဲဆီသွားပြီး ဘောပွဲလက်ချာတော့ သွားယူပြီးသွားပြီ။ ဟိုး လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်ကျော်က ဘီဘီစီ က ဦးအောင်မြင့်ထွန်းက ဗိုလ်စောမောင် န၀တနဲ့ ဒီချုပ်အနေအထားနဲ့ ပတ်သက်ပြီး “ဒီတော့ ဘောလုံးက ခု ဘယ်ဘက်မှာလဲ” လို့ မေးတော့ “ကျမက ဘောလုံးအကြောင်း နားမလည်ဘူး” ဆိုပြီး ဘုကလန့် ပြန်ဖြေဖူး တာ အမှတ်ရမိတယ်။ ခု ဇော်ဇော့်ဆီက ဘောလက်ချာ လာယူတော့မှပဲ ဒေါ်စုနှယ် ဘောစည်းကမ်း နားလည် ဖို့ ဘာ့ကြောင့် နှစ်နှစ်ဆယ်စောင့်ရသလဲဆိုပြီး မေးခွန်းထုတ်မိတယ်။

ခုထိတော့ ဘာမဆို လုပ်တဲ့အဆင့်တော့ မရောက်သေးပါဘူး။ ဒါပေမယ့် ဟိုဟာ ကောင်းနိုး၊ ဒီဟာ ကောင်းနိုး လုပ်မိလုပ်ရာ လုပ်နေပုံရတာတော့ အသေအချာပဲ။ ဧည့်သည်ကို စစ်မှန်တဲ့စေတနာနဲ့ ဧည့်ခံချင်ပေမယ့် ဟင်း မချက်တတ်တော့ ဟိုဟာလေး ခပ်လိုက်၊ ဒီဟာလေး ခပ်လိုက်နဲ့ နောက်ဆုံး ဟင်းအိုးပျက်ကိန်းဆိုက်မယ့်ပုံ မြင်နေမိတယ်။ ကဲပါလေ … စကားတန်ဆာဆင်နေတာတွေကို အသာထားပြီး ပြောချင်တာပြောပါမယ်။ ပြော ချင်တာထက် မေးချင်တာလို့ ပြောရင် ပိုမှန်မယ်။

နေပြည်တော်စစ်အုပ်စုက သူတို့ရည်မှန်းတဲ့ အနာဂတ်မြန်မာ့နိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီချုပ်ကို နေရာပေးဖို့ လုံးဝစိတ်ကူးမရှိပါဘူး။ ၂၀၀၈ ဖွဲ့စည်းပုံမှာ စစ်အုပ်စုက သူတို့သဘောထားအစစ်အမှန်ကို အတိ အလင်း ထုတ်ဖော်အသိပေးပြီးသားပဲ။ နိုင်ငံတကာက ဖိအားလည်း ခုထက် ကိုယ့်ဘက်မှာ ပိုပြတ်ပြတ်သား သားရှိနေချိန်၊ နောက် ဘုန်းကြီးတွေ အသေခံ လမ်းပေါ်ထွက်လာပြီး သူတို့လုပ်ဆောင်နေတာကို ကန့်ကွက် အရေးဆိုတုန်းကတောင် မမှုခဲ့တဲ့ စစ်အုပ်စုက ကနေ့လို ယန်းကီးတွေ ရွှေလမ်းငွေလမ်းဖောက်ဖို့ အားသန်နေ ချိန်၊ ဒီချုပ်တောင် တရားဝင်ပါတီအဖွဲ့အစည်းအဖြစ် မရပ်တည်နိုင်တော့တဲ့အချိန်၊ ကျားသနားမှ နွားချမ်းသာရ မယ့်ဘ၀ကို ရောက်နေချိန်မှာ သူတို့စစ်အုပ်စု လက်တဆုပ်စာကောင်းစားရေး ဖွဲ့စည်းပုံကို ပြင်ပေးဖို့ ချော့မော့ တောင်းဆိုတာကို အရေးစိုက်မယ်လို့ ဘာ့ကြောင့် ယုံကြည်ရသလဲ။

တကယ်တော့ စစ်အုပ်စုက အနာဂတ်နိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည်ကို နေရာပေးရင်တောင် သူတို့ရဲ့ စစ်ကျွန်သက်ရှည်ရေးစီမံကိန်းမှာ အဖြည့်ခံအဖြစ် အသုံးတည့်လိုတည့်ငြား သုံးဖို့လောက်သာ စဉ်းစားတာပဲ။ အစကတော့ စစ်အုပ်စုက နေ၀င်းမောင်တို့လို ချေးထုပ်တွေ၊ တတိယအုပ်စုလို့ နာမည်ပေးထားတဲ့ အင်အားစု တွေကို ဟန်ပြအတိုက်အခံအဖြစ် တင်ပြီး ဒီမိုကရေစီအင်ထုရေးစီမံကိန်းကို ဖော်ဖို့ကြိုးစားကြည့်တယ်။ ဒါပေ မယ့် ပြည်သူလူထုက ဒီကောင်တွေကို လုံးဝနေရာအယူမခံဘူး။ ဒီတော့ တတိယအုပ်စုတွေနေရာကို ဒေါ်စုကို အစားထိုးလို့ ရလိုရငြား ကြိုးစားကြည့်တဲ့ အမေရိကန်တို့ အီးယူတို့လည်း တဘက်က ဒီမိုကရေစီ အတင်း အော်နေပြီး တဘက်က လူထုချဉ်တဲ့ကောင်တွေကို တင်ဖို့ စီမံကိန်းကို လက်လျှော့လိုက်ပုံရတယ်။ ဒီတတိယ အုပ်စု အတိုက်အခံအတုကို ပြည်သူလူထုအများစုကြီးက ပြတ်ပြတ်သားသား ဆန့်ကျင်ပြနိုင်တာမို့ ပြည်သူလူ ထုက တာဝန်ကျေတယ်။

အတိုက်အခံအတုလို့ လူထုမြင်နေတဲ့အုပ်စုနဲ့ စခန်းသွားလို့မရတော့ လူထုက သူတို့ကို တကယ်ကိုယ်စားပြု တယ်လို့ သတ်မှတ်ထားတဲ့၊ သွားမရှိတဲ့ ကျားဘ၀ရောက်နေတဲ့၊ ပါတီမဖျက်ရင် တော်ပါပြီ ဘာလုပ်ရ လုပ်ရ လုပ်ပါ့မယ်လို့ ပါးစပ်က ထုတ်မပြောပေမယ့် လက်တွေ့မှာ ဒီပုံစံအတိုင်း သွားနေတဲ့ ဒေါ်စုနဲ့ ဒီချုပ်ကို စစ်အုပ် စုက သူတို့စီမံကိန်းအတွက် အသုံးတည့်မယ်လို့ တွက်မိနိုင်စရာရှိတယ်။ ငါးကြင်းဆီနဲ့ ငါးကြင်းကြော်တယ်ပဲ ခေါ်ခေါ်၊ ဒေါ်စု ပြောနေတဲ့ ဒီမိုကရေစီအင်ထုရေးစီမံကိန်း ပီပြင်အောင် ဒေါ်စုနဲ့ ဒီချုပ်ကို ရက်ရက်စက်စက် ၀င်အသုံးတော်ခံခိုင်းတာပဲ။ အဖြည့်ခံဘ၀နဲ့ လှုပ်ရှားနေရတာကို တိုင်းပြည်နဲ့လူမျိုးအတွက် တခုခုလုပ်နေတာ ပါလို့ ပြောနေတာဟာ (တိုင်းပြည်အတွက် အသုံးချခံရတယ်ဆိုရင် ခံမှာပဲဆိုတဲ့ သဘောရောက်တဲ့ အပြော ပြောခဲ့တယ်မလား) တကယ်ကို အဲသလို ယုံကြည်လို့ ပြောနေသလား၊ ဒါမှမဟုတ် ကိုယ့်လုပ်ရပ်ကို ကိုယ် တတ်နိုင်သမျှ ကြိုးစားတရားထူထောင်နေတာလား။

ခုဆိုရင် ဒေါ်အောင်ဆန်းစုကြည် လွတ်တာ တနှစ်ပြည့်တော့မယ်။ ဒီတနှစ်အတွင်းမှာ ဒီချုပ်ဘက်က ဘယ်လို အကျိုးအမြတ်တွေ ထွက်ခဲ့သလဲ၊ ဘာတွေ ပေးဆပ်လိုက်ရလဲဆိုတာ ပြန်ကြည့်ဖို့ ကောင်းတယ်။ စစ်အုပ်စုက ပိုတောင်အခြေကျလာ၊ ကိုယ်က သူတို့လိုသလို ကစားပေးနေရတဲ့အဖြစ်ကနေ တက်မလာဘဲ တဘက်မှာ ကိုယ့်ကို တင်းပြည့်ကျပ်ပြည့် ထောက်ခံတဲ့သူတွေဆီက ထောက်ခံမှုက အရင်ကလောက် မပြတ်သားတော့ တာသာ အဖတ်တင်ကျန်ရစ်တယ်။ တခုတော့ရှိတယ်၊ ဗမာတွေထဲမှာ ဒီချုပ်ကို မျက်စိမှိတ်ထောက်ခံရုံ၊ အမေ စု ဘာလုပ်လုပ် ထောက်ခံတယ် ပြောရုံနဲ့ ကိုယ့်ရဲ့ နိုင်ငံရေးတာဝန်ကျေပြီလို့ ခံယူထားတဲ့ လူတွေတော့ ရှိ တယ်။ ဦးနှောက်အလုပ်လုပ်ပုံမရတဲ့ ကိုယ်လက်ခံထားတဲ့ အရာတခုကို သတ္တိရှိရှိ မစစ်ကြောရဲတဲ့ ဒါမှမဟုတ် ဒါမျိုးစစ်ကြောရမှာ ပျင်းတဲ့ လူစားမျိုးတွေဆီကတော့ ထက်ထက်မိုးဦးကို ထောက်ခံသလို ထောက်ခံမှုမျိုး ဆက်ရနေဦးမှာပဲ။

ဗမာပြည်မှာ လူတချို့အတွက်က နိုင်ငံရေးတာဝန်ကျေမကျေကို စစ်တမ်းကောက်တဲ့အခါ box-ticking လုပ် သလိုလုပ်ပြီး သတ်မှတ်နေသူတွေ အများကြီးပဲ။ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတယ်၊ တရုတ်ကို ဆဲ တယ်၊ ခြေလေးချောင်း ကောင်းတယ်၊ ခြေနှစ်ချောင်း မကောင်းဘူး၊ အမေရိကန် ဘာလုပ်လုပ် ကောင်းတယ်၊ တရုတ် ဘာလုပ်လုပ် မကောင်းဘူးလို့ လှေနံဓားထစ်မှတ်ပြီး အမေစု၊ အမေစုနဲ့ အော်နေရရင်ကို ကိုယ့်နိုင်ငံ ရေးတာဝန်ကျေပြီလို့ ခံယူထားသူတွေ အများကြီးပါ။

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က ပြည်သူလူထုကို သူဘာလုပ်လုပ် သူ့ကို ထောက်ခံမယ့် ပရိသတ်အဖြစ် သာ အလိုရှိတယ်ဆိုရင်တော့ သူနဲ့ ထိုက်တန်တဲ့ ပြည်သူလူထုကိုပဲ ရမှာပဲ။ ဒီလိုပြောတာ ဒေါ်အောင်ဆန်းစု ကြည်ကို စုံကန်ဖို့ ပြောတာမဟုတ်ဘူး။ ကနေ့အချိန်အထိ သူ့ကို ဗမာပြည်သူလူထုရဲ့ ခေါင်းဆောင်အဖြစ် သတ်မှတ်ထားဆဲပဲ။ သူဟာ ဗမာပြည်သူလူထုအပေါ် စေတနာရှိတယ်ဆိုတာကိုလည်း ယုံပါတယ်။ ပြည်သူ လူထုကို ရဲဘော်ရဲဘက်အချင်းချင်း သစ္စာဖောက်မယ့် လူမဟုတ်ဘူးဆိုတာလည်း ယုံတယ်။ နောက် သူတ ယောက်တည်း လုပ်လို့မရဘူး၊ ဒီမိုကရေစီ တကယ်လိုချင်သူတွေအားလုံး ၀ိုင်းလုပ်မှ ရမယ်လို့ ပြောတာကို လည်း သဘောတူတယ်။ ဒါပေမယ့် တဘက်မှာ သူ့ဘက်က ပြည်သူလူထု ကိုးစားလောက်တဲ့ ဉာဏ်အမြော် အမြင်နဲ့ ပြည့်စုံတဲ့ ခေါင်းဆောင်ပီသအောင် နေပြဖို့ အရေးကြီးတယ်။

ဇော်ဇော့်ဘောလုံးပွဲ သွားကြည့်ဖို့ ဘယ်လို စဉ်းစားဆုံးဖြတ်တယ်ဆိုတာ နားလည်လို့မရဘူး။ သူ့ဘက်က ဘယ်လိုမျှော်လင့်ချက်တွေနဲ့ သွားလဲဆိုတာ သူပဲသိမှာပဲ။ စစ်အုပ်စုနဲ့ အဓိပ္ပာယ်ရှိရှိ ဆွေးနွေးနိုင်ဖို့နဲ့ ဇော်ဇော့် ဆီသွားအသုံးတော်ခံတာ ဘယ်လိုဆက်စပ်မှုရှိလဲဆိုတာ မေးဖို့ကောင်းတယ်။ ဒီလိုသွားတာကို သူ့ကိုထောက် ခံတဲ့ ပြည်သူလူထုစိတ်ထဲ ဘယ်လိုရှိမလဲဆိုတာ စဉ်းစားရဲ့လား။ ဆီနိတ်တာခင်ရွှေက သူ့မြရိပ်ညိုမှာ အနှိပ် သမလေးတွေကို ဘယ်သို့ဘယ်ပုံ အလုပ်အကိုင် ဖန်တီပေးနေတယ်ဆိုတာကို လာကြည့်လှည့်ပါဆို သွား ကြည့်ဦးမှာလားဆိုတာ မေးပါရစေ (ဒေါ်စုကိုယ်တိုင် အထေ့အငေါ့လေးတွေ သုံးတတ်တော့ ကိုယ့်ကို အဲသ လို ထေ့လုံးငေါ့လုံးလေးတွေနဲ့ မေးလာရင်လည်း ဗွေမယူလောက်ဘူးလို့ ထင်ပါတယ်)။ နောက် ဒေါ်စုကို ဝေ ဖန်တယ်ဆိုတာ နိုင်ငံရေးခေါင်းဆောင်လို့ သဘောထားလို့ ဝေဖန်တာပဲ။ မက်ဒေါနားလို မြင်ရင် ခုလို ဝေဖန်စ ရာ မရှိပါဘူး။

ပါတီတည်မြဲဖို့ အရေးကြီးတယ်ဆိုတာကို လက်ခံသဘောတူပါတယ်။ ဒါပေမယ့် အန်အယ်လ်ဒီဟာ ဘယ်လို values တွေကို ကိုယ်စားပြုထားသလဲဆိုတာ မေးပါရစေ။ အဲဒီ values တွေ ပျောက်ပြီးသကာလ ဒီ values တွေကို ကိုယ်စားပြုထားတဲ့အဖွဲ့ကြီး ဆက်ရှိနေတယ်ဆိုတာ အဓိပ္ပာယ်ရောရှိပါသေးရဲ့လား (တကယ်က တီ တီစု၊ တီတီစု သားတို့မသိလို့ မေးပါရစေ၊ လွတ်လပ်မှုအတွက် လွတ်လပ်မှုကို စတေးမလား၊ အဲသလို စတေး တာ မှန်သလားလို့ မေးချင်ပါတယ်။ ဒါပေမယ့် ဒီမေးခွန်းက မလိုအပ်ဘဲ မက်တာဖစ်ဆစ်ကယ် ဖြစ်တော့ ဖီ လော်ဆော်ဖီ သောက်မြင်ကပ်တဲ့ ပရိသတ်ကို ထောက်ချင့်ပြီး မမေးတော့ပါဘူး)၊ လှေခွက်ချည်းကျန် အလံမ လှဲစတမ်း တိုက်မယ်ဆိုတဲ့ စိတ်ဓာတ်ကိုတော့ လေးစားပါတယ်။ ဒါပေမယ့် တိုက်တင်းနစ် အရွယ်အစားရှိခဲ့တဲ့ သင်္ဘောကြီးကနေ လှေခွက်ပဲကျန်တဲ့ဘ၀ ရောက်သွားရတာမှာ မာလိန်မှူးတွေကို ပေးချင်တဲ့ အကြံကတော့ မက်ခီယာဗယ်လီကို ပြန်သာဖတ်ပါလေလို့ပဲ ဖြစ်ပါတယ်။

ဒေါ်စုက ပြည်သူလူထုဆီက သူတို့ဘာလုပ်လုပ် ထောက်ခံတာမျိုးသာ လိုချင်ပုံရပါတယ်။ တကယ်တမ်းမှာ သူတို့အားကိုးပုံရတာက အနောက်အုပ်စုကပေးတဲ့ ဖိအားပဲ။ အဲဒီဖိအားနဲ့ ဒီမိုကရေစီတကယ်ရမယ်လို့ ယုံခဲ့ပုံ ရတယ်။ ဒါ ကျုပ်အမြင်ပါ။ မှားချင်လည်း မှားနိုင်ပါတယ်။ ဒါပေမယ့် ခု သူအားကိုးခဲ့တဲ့ ယန်းကီးတို့ကိုယ်တိုင် က သူ့အတွက် ရွေးစရာလမ်းကြောင်းတွေကို တခုပြီးတခု ပိတ်နေတော့ ခမျာ လုပ်မိလုပ်ရာ လုပ်သလိုဖြစ်နေ ပြီ။ နေပြည်တော်စစ်အုပ်စုက အရပ်သားအစိုးရ နာမည်ခံရုံခံတာကို ယန်းကီးတို့ မသိဘဲ ဘယ်နေမလဲ။ ဒါပေ မယ့် စစ်အုပ်စုနဲ့ အတင်းလုံးချင်တော့ တိုင်းပြည်ထဲ တကယ့်အပြောင်းအလဲတွေ ဖြစ်နေတဲ့ပမာ ဒေါ်စုကိုပါ သူတို့အကဲဖြတ်ချက်ကို အတင်းအကျပ် လက်ခံခိုင်းပုံပေါက်နေတယ်။ ဒီတော့ ဒီချုပ်အနေနဲ့ ဒါကို လက်ခံ မယ်၊ လက်မခံဘူးဆိုတာ ပြတ်ပြတ်သားသားတခုခုပြောပါ မေးလာရင် ဘယ်လိုဖြေမှာလဲဆိုတာလည်း သိချင် ပါတယ်။

ကဲ ဒီလောက်ပါပဲ ဂျီးဒေါ်စုရေ …

ဝတုတ်

0 ဦးကဆွေးနွေးသွားပါတယ်..

Отправить комментарий