သြဂုတ်လ ၃၀ ရက်နေ့က ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကထန်ယန် - ဖားကန့် ကားလမ်းမပေါ်မှာ ရှိတဲ့ အင်းတော် ချောင်းတံတားကို ကေအိုင်အေက ဗုံးခွဲ ဖျက်ဆီးပြီးတဲ့နောက် တံတားကျိုး သွားတာကြောင့် ကားတစ်စီး ချောင်းထဲကျပြီး လူတစ်ယောက်သေ၊ ငါးဦး ပျောက်ဆုံး နေတယ်လို့ စက်တင်ဘာ ၃ ရက်နေ့ထုတ် အစိုးရ သတင်းစာတွေမှာ ဖော်ပြထားပါတယ်။
အဲဒီ တံတားကို ကေအိုင်အေ မိုင်းသုံးလုံးနဲ့ ဖောက်ခွဲခဲ့တဲ့ အတွက် တံတား ညွှတ်သွားခဲ့ကြောင်း၊ အဲဒါကို ယာယီ ပြုပြင်ပြီး ခရီးသည်တင် ကားတစ်စီး ဖြတ်ကူး နေချိန်မှာ တံတား ကျိုးသွားပြီး ပေ ၂၀ လောက် နက်တဲ့ ချောင်းထဲ ကျသွားတဲ့ အတွက် အခုလို သေဆုံး ပျောက်ဆုံး ခဲ့ရကြောင်း ဖော်ပြထားပါတယ်။
ဇွန်လဆန်း အပစ်အခတ် ရပ်စဲရေး ပျက်ပြားသွားချိန်က စပြီး ကေအိုင်အေ အဖွဲ့ဟာ စစ်ဘက် ပစ်မှတ်ထက် အရပ်သားတွေ အသုံးပြုနေတဲ့ ကားလမ်း၊ ရထားလမ်း တံတားများကို ဦးစားပေးဖျက်ဆီးတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ သြဂုတ်လ ၁၂ ရက်နေ့မှာ လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာတော့ ----
ကေအိုင်အေဘက်က ဇွန် ၉ ရက်နဲ့ ဇွန် ၁၈ ရက်နေ့ အတွင်းမှာ ဖောက်ခွဲ ဖျက်ဆီးမှု ၄၉ ကြိမ်လုပ်ခဲ့ တဲ့ အတွက် တံတား ၃၉ စင်း ပျက်စီးခဲ့ရပြီး အဲဒီထဲက ၁၅ စင်းဟာ ယာဉ်သွားလို့ မရအောင် ပျက်စီးခဲ့တယ်။ အဲဒါအပြင် တပ်မတော် တပ်ဖွဲ့တွေကို တိုက်ခိုက်မှု ၂၁ ကြိမ် လုပ်ခဲ့တဲ့ အတွက် စစ်သည်တွေ သေဆုံး ဒဏ်ရာရရုံမက ပြည်သူနှစ်ဦး သေဆုံးပြီး ငါးဦး ဒဏ်ရာ ရခဲ့ပါတယ်။
ဇွန်လ ၁၉ ရက်နေ့ကနေ ဇွန်လ ၃၀ ရက်နေ့ကြားမှာ ကေအိုင်အေ အနေနဲ့ ကားလမ်း၊ ရထားလမ်း တံတား ၂၅ စင်းကို ဖောက်ခွဲ ဖျက်ဆီးခဲ့ပြီး အရပ်သား နှစ်ဦးကို သတ်ဖြတ်၊ နှစ်ဦး ဒဏ်ရာရပြီး ၃၈ ဦးကို ဖမ်းဆီး သွားခဲ့တယ်။ တပ်မတော် တပ်ဖွဲ့တွေ အပေါ် တိုက်ခိုက်မှု ၂၅ ကြိမ် လုပ်ခဲ့တယ်။
ဇူလိုင်လ ၁ ရက်နေ့နဲ့ သြဂုတ်လ ၈ ရက် ကြားမှာလည်း ကားလမ်း၊ ရထားလမ်း တံတား၂၉ ခုကို ဖျက်ဆီးခဲ့ပြီး တပ်မတော် တပ်ဖွဲ့တွေကို တိုက်ခိုက်မှု ၈၄ ကြိမ်၊ မိုင်းထောင် တိုက်ခိုက်မှု ၃၈ ကြိမ် လုပ်ခဲ့တယ်။ နောက်ပြီး ကေအိုင်အေ တပ်ဖွဲ့များရဲ့ တိုက်ခိုက် ဖမ်းဆီးမှုများကြောင့် အရပ်သား ၁၄ ဦးသေ၊ ၂၂ ဦး ဒဏ်ရာရပြီး ၁၂၀ ဦး အဖမ်းခံခဲ့ရတယ်။
သြဂုတ်လ ၂ ရက်နေ့မှာ နှစ်ဘက် ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံနေတုံးမှာပဲ တာပိန် ရေအား လျှပ်စစ် စက်ရုံမှာ လေအေးပေးစက် ပျက်တာ ပြင်ပြီး ပြန်လာတဲ့ ကားကို ၀ိုင်းပစ်လို့ ရဲတစ်ဦး၊ ပြည်သူ ၇ ဦး သေဆုံးခဲ့ရတယ် ဆိုပြီး ပြန်ကြားရေး ၀န်ကြီးက ရှင်းလင်း ပြောကြား သွားခဲ့ပါတယ်။
စက်တင်ဘာ ၂ ရက်နေ့ထုတ် သတင်းစာမှာလည်း ကချင်ပြည်နယ် ဒေါ်ဖုန်းယန် မြို့နယ်ခွဲထဲက အောက်တာဆိုင် ကျေးရွာ၊ အထက်တာဆိုင် ကျေးရွာ၊ တိမ်းမကြိုင် ကျေးရွာနဲ့ မိုင်းမ ကျေးရွာတွေမှာ ကေအိုင်အေက တစ်အိမ် တစ်ယောက် စစ်မှုထမ်း ရမယ်၊ စစ်မှုမထမ်းရင် ရွာမှာ နေခွင့် မပြုဘူးလို့ အမိန့်ထုတ်ပြီး အဓမ္မလူသစ် စုဆောင်းနေကြာင်း ဖော်ပြထားပါတယ်။

0 ဦးကဆွေးနွေးသွားပါတယ်..

Отправить комментарий