စက်တင်ဘာလ ၂၀ ရက်နေ့က ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့ Peace Palace တတိယထပ် Nuon Srei အစည်းအဝေး ခန်းမ၌ ကျင်းပသည့် (၃၂) ကြိမ်မြောက် အာဆီယံ ပါလီမန်များ ဆိုင်ရာ အထွေထွေညီလာခံ ဖွင့်ပွဲ အခမ်းအနားသို့ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ပြည်ထောင်စု လွှတ်တော်နာယက ဦးခင်အောင်မြင့် တက်ရောက်ခဲ့ပြီး၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံအား ASEAN INTER-PARLIAMENTARY ASSEMBLY (AIPA) တင်းပြည့်အဖွဲ့ဝင်နိုင်ငံအဖြစ် လက်ခံခဲ့မှုနှင့် ပတ်သက်ပြီး လွှတ်တော် နာယကမှ မိန့်ခွန်း ပြောကြား ခဲ့ပါသည်။ မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ်က အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့၌ ကျင်းပခဲ့သည့် (၁၈) ကြိမ်မြောက် အာဆီယံ ပါလီမန်များ အဖွဲ့ AIPO ၏ အထွေထွေ ညီလာခံတွင် အထူးလေ့လာသူ ကိုယ်စားလှယ် နိုင်ငံအဖြစ် လည်းကောင်း တက်ရောက်ခဲ့ရာမှ ၂၀၀၀ ပြည့်နှစ်(၂၁) ကြိမ်မြောက် AIPO အထွေထွေ ညီလာခံမှ စ၍ အမြဲတမ်း အထူးလေ့လာသူ ကိုယ်စားလှယ် နိုင်ငံအဖြစ် တက်ရောက်ခွင့် ရရှိခဲ့သည်။ ယခု ၂၀၁၁ ခုနှစ်တွင် ကျင်းပသည့် (၃၂) ကြိမ်မြောက် AIPA တွင် မြန်မာနိုင်ငံအား တင်းပြည့်အဖွဲ့ဝင် နိုင်ငံအဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။ ထိုသို့ တင်းပြည့်အဖွဲ့ဝင်အဖြစ် မြန်မာနိုင်ငံအား အသိအမှတ် ပြုခြင်းသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ လှုပ်ရှားမှု နည်းလမ်းနှင့် ကြိုးပမ်းဆောင်ရွက် မှုများအား အသိအမှတ် ပြုလိုက်ခြင်းဟုလည်း ဆိုရမည်ဖြစ်သည်။
မြန်မာနိုင်ငံသည် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ နိုင်ငံတော် သစ်တစ်ရပ် ပေါ်ထွန်းလာရေး အတွက် နိုင်ငံတော် ရှေ့ဆက်သွားမည့် မူဝါဒ လမ်းစဉ် (၇) ရပ်နှင့် အညီ စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက် ခဲ့ခြင်းဖြစ်သည်။ ထိုမှတစ်ဆင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေရေးဆွဲခြင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းကို ပြည်လုံးကျွတ် ဆန္ဒခံယူပွဲများ ကျင်းပပြုလုပ်ခြင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် အညီ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများ ကျင်းပခြင်း၊ ရွေးကောက်ပွဲတွင် အနိုင်ရရှိသော ကိုယ်စားလှယ်များဖြင့် လွှတ်တော် အစည်းဝေးများ ကျင်းပခြင်းတို့ကို တစ်ဆင့်ပြီး တစ်ဆင့် ဟန်ချက်ညီညီ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။ ထိုမှတစ်ဆင့် လွတ်တော်မှ ဖွဲ့စည်းပေးသော အစိုးရအဖွဲ့နှင့် အာဏာပိုင် အဖွဲ့အစည်းများဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံကို တည်ဆောက် နေခြင်းလည်း ဖြစ်ပါသည်။ အခက်အခဲ အတားအဆီးများ ကြားထဲမှ မြန်မာနိုင်ငံ၏ ကြိုးပမ်းမှုများကို ယခုကဲ့သို့ တင်းပြည့်အဖွဲ့ဝင် နိုင်ငံအဖြစ် လက်ခံလိုက်ခြင်းက သက်သေ ထူနေပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံ အနေဖြင့် တင်းပြည့် အဖွဲ့ဝင်ဖြစ်သည့်နှင့် အားလျော်စွာ AIPA အဖွဲ့၏ လှုပ်ရှား ဆောင်ရွက် မှုများတွင် တက်ကြွစွာ ပါဝင် ဆင်နွှဲ သွားမည်ဖြစ်ပြီး၊ အာဆီယံ ဒေသတွင်း တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးတို့ အတွက် အာဆီယံအဖွဲ့ဝင် နိုင်ငံများနှင့် ရင်းနှီးချစ်ကြည်စွာ ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ပါတော့သည်။

0 ဦးကဆွေးနွေးသွားပါတယ်..

Отправить комментарий