မြန်မာနိုင်ငံတွင် အစိုးရသစ် တာဝန်စယူချိန်၌ နိုင်ငံတော် သမ္မတဦးသိန်းစိန်က “စတုတ္ထ မဏ္ဍိုင်ဖြစ်တဲ့ စာနယ်ဇင်း များရဲ့ အခန်းကဏ္ဍကို အလေးထားဖို့ လိုအပ်ပါတယ်။ စာနယ်ဇင်းများက တစ်ဆင့် ပြည်သူတွေ သိသင့်တဲ့ အချက် များကို အသိပေးသွားဖို့ လိုသလို စာနယ်ဇင်းများက အပြုသဘောဆောင် အကြံပြုချက်များကိုလည်း အလေးထားဖို့ လိုအပ်မှာဖြစ်ပါတယ်” လို့ ထည့်သွင်း ပြောကြားသွား ခဲ့သည်။
ထို့ကြောင့် အစိုးရသစ် လက်ထက်တွင် မီဒီယာ လောကအတွင်း မီဒီယာလွတ်လပ်ခွင့် တစ်ချို့ အရင်ကနှင့်မတူ ရရှိလာခဲ့ပြီ ဖြစ်သည်။ “မီဒီယာဟူသည် ကြည့်ရှု၊ ဖတ်ရှု၊ ကြာသိမည့် ပရိသတ်အား အဖြစ်မှန်ကို တိတိကျကျ သိစေရန် အတွက် အပြုသဘောဆောင်သည့် ရေးသား ပြောဆိုမှုမျိုး ဖြစ်ပြီး ဆင်ခြင်းသုံးသပ် နိုင်စေရန် အတွက် ” ရည်ရွယ်ခြင်း ဖြစ်သည်။ မီဒီယာဟူသည် ကြည့်မြင်၊ ဖတ်ရ၊ှု နားဆင်သူ ကိုယ်တိုင်က အဖြစ်မှန်အား ကိုယ်တိုင် ဆင်ခြင်သုံးသပ်၍ နားလည် သဘောပေါက်စေမှသာ မီဒီယာ၏ အနှစ်သာရ အစစ်ကို ရရှိမည် ဖြစ်သည်။ သို့သော် မီဒီယာ လွတ်လပ်ခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ရေးသားခွင့် စသည် တို့ကို ကိုင်စွဲပြီး ရရှိလာသည့် အခွင့်အရေး ပေါ်တွင် အမြတ်ထုတ်၊ လက်ဝါးကြီးအုပ်၍ အခြား ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်း များ၏ ကြိုးကိုင်မှု နောက်တွင်မှ ရေးသား၊ ထုတ်ဖော်၊ အသံလွှင့်ကြမည်ဆိုလျှင် ကိုယ်တိုင် မီဒီယာ လွတ်လပ်ခွင့်ဟု ဟစ်ကြွေးနေသည့်တိုင် ထိုသူများကိုယ်၌ မိမိ၏ စိတ်၊ သဘောအတိုင်း လွတ်လပ်စွာ အပြု သဘောဖြင့် ဆောင်ရွက်နေခြင်း မဟုတ်သည်ကို တွေ့ရမည်ဖြစ်သည်။ နေရာတကာ အပြု သဘောဆောင်သည့် အမြင်ဖြင့် ပြုမူ ဆောင်ရွက်သူများသည် အပြု သဘောဆောင်သူများ အကောင်းမြင်သမားများ ဖြစ်လာကြပြီး နေရာတကာ အဆိုးမြင် ဝါဒဖြင့် တိုက်ခိုက်ပြုမူ နေသူများမှာ အလိုလိုပင် အဆိုးမြင်ဝါဒီ သမားများ ဖြစ်လာကြမှာ မလွဲပေ။
အစိုးရနှင့် ပြည်သူလူထု အကြား ပေါင်းကူးတံတား သဖွယ်ဖြစ်သော မီဒီယာသည် ပြည်သူတို့၏ မြောက်မြားစွာသော ရင်ဖွင့်သံများ၊ ဟစ်ကြွေးစရာများအား ထုတ်ဖော်ရေးသားတင်ပြလိုသည်မှာ အပြစ်မဟုတ်သော်လည်း ကြိုးကိုင် ခြယ်လှယ်မှု များ၏ နောက်ကွယ်မှ အရာရာကို အဆိုးမြင်ဝါဒဖြင့် အပြစ်တင်းဆို၍ ရရှိလာသော မီဒီယာလွတ်လပ်ခွင့် အခွင့်အရေးကိုမှ အားမရပဲ သောက်လေ သောက်လေ ငတ်မပြေ ဆိုသကဲ့သို့ အာသာ ငမ်ငမ်းဖြင့် ထပ်မံလိုချင် နေကြသေးသောသူ များပြားလာသည်ကို မျက်မှောက် ကာလတွင် တွေ့မြင်နေရသည်။
မီဒီယာ ကျန်းမာရေး ကောင်းမှ တိုင်းပြည် ကျန်းမာရေး ကောင်းမယ်” ဟု ပြောနေကြပြန်သည်။ ဟုတ်ပါသည်… ခေတ်နှင့်အညီ၊ စနစ်နှင့်အညီ လျော့ပေါ့လာသော မီဒီယာ၏ ကျန်းမာရေး ကောင်းမွန်မှု၊ မကောင်းမွန်မှုဟူသည် “ကျန်းမာခြင်း အစ တစ်ကိုယ်ရေသန့်ရှင်းရေးက” ဆိုသကဲ့သို့ မိမိကိုင်တိုင်က ကြိုးလှယ်ချုပ်ကိုင်မှု ကင်းသော တစ်ကိုယ်ရေ ကျန်းမာရေး တည်း ဟူသော အခြေခံ ပင်ကိုယ်ကျန်းမာရေး ကောင်းမွန်ပါ၏လားဟု မေးလိုက်ချင် သေးသည်။ အဆိုးမြင်ဝါဒကို လက်ကိုင် ထားပြီး မီဒီယာ ဆိုတာလွတ်လပ်စွာ ထုတ်ဖော်ရေးသား ပြောဆိုခွင့်ရှိမှ ဟု အော်ဟစ်နေမည် ဆိုပါက ကိုယ်တိုင်က ကိုယ့်မျက်ချေး ကိုယ်မမြင်ဘဲ သူများမျက်ချေးသာ မြင်ပြီး အပြစ်တင် ဝေဖန်မှုများ ပြုလုပ်နေခြင်းသာ ဖြစ်ပေတော့မည်။ ဒီမိုကရေစီ ရရှိလာပြီ၊ အရပ်သားအစိုးရ တက်လာပြီဆိုပြီး မီဒီယာကို မိမိတို့ သဘောအတိုင်း ရေးချင်ရာ ရေးမည်၊ ပြောချင်ရာ ပြောမည်ဆိုပါက အားသာချက်နည်းပြီး အားနည်းချက်များသော မီဒီယာသာ ဖြစ်သွားပေလိမ့်မည်။ ဥပမာ ပေးဦးအံ့၊ ကမ္ဘာပေါ်တွင် ဒီမိုကရေစီ လွတ်လပ်ခွင့်၊ မီဒီယာလွတ်လပ်ခွင့် ရှိလှပါသည်ဆိုသည့် အနောက်နိုင်ငံကြီးများပင် မီဒီယာ လွတ်လပ်ခွင့် ဟူသည့်အထဲမှ ဝိကီလိခ်က လျို့ဝှက်ချက်များကို ဖော်ထုတ်ခဲ့၍ ကမ္ဘာ့မီဒီယာလောကကြီးပင် လှုပ်ခါသွားခဲ့ သေးသည်။ ထိုကိစ္စအား အားပေးထောက်ခံသူများ ရှိသကဲ့သို့ ရှုံ့ချသူများလည်း ရှိနေသည်။ ကောင်းသည် ဆိုးသည် ဟူသည်ကိုတော့ ဖတ်ရှုသူ၏ ဆင်ခြင် ဆုံးဖြတ်နိုင်စွမ်း ဖြင့်သာ တိုင်းတာရပေတော့မည်။
အခုတလောပင် ကြားနေရသေးသည်၊ ဘာဖြစ်သည်နှင့် သမ္မတဆီ စာရေးတင်လိုက်မည်၊ ညာဖြစ်သည်နှင့် သမ္မတဆီကို တိုင်ကြားစာပို့မည် စသည်ဖြင့် ရရှိလာသော ဒီမိုကရေစီနှင့် မီဒီယာလွတ်လပ်ခွင့်ကို အလွဲသုံးစား ပြုချင်သူများ များပြားနေသည်ကို တွေ့နေရသည်။ “ဆည်ဝက ဗျိုင်းများ” ကဲ့သို့ ပေါ်ပေါက်လာသည့် အခွင့်အရေး ဟူသမျှကို လက်လွတ်မခံပဲ စောင့်ဆိုင်းနေကြသည်။ မီဒီယာအနေဖြင့် လွတ်လပ်စွာ ဝေဖန်ခွင့်ရှိပါသည်။ သို့သော် ဒီမိုကရေစီနှင့် သတင်းလွတ်လပ်ခွင့်ဟူသည် ရိုင်းပျစွာ၊ ရေးသားပြောဆိုခွင့် မဟုတ်သည်ကို သတိပြုသင့်လှသည်။ မိမိနိုင်ငံ၏ ပကတိ လက်ရှိ အနေအထားအား အခြားနိုင်ငံများ၏ ကျင့်သုံးမှုနှင့် နှိုင်းယှဉ်ပြီး ရလိုမှုကို ရှေ့တန်းတင် နေမည်ဆိုလျှင် “ယနေ့မှ ဘောလုံး စတင်ကစားသော ဘောလုံးအသင်း တစ်သင်းအား ကမ္ဘာ့အကောင်းဆုံး ဘရာဇီးအသင်း၏ ဘောလုံးကစားကွက်နှင့် ကစားစေခြင်း” ဆိုသကဲ့သို့ အိုးနှင့်ဆန် တန်မတန်၊ ဝန်နှင့်အား မျှမမျှ ဆိုသည်ကိုလည်း စဉ်းစားဆင်ခြင် ကြည့်စေလိုသည်။ “တစ်နေ့တစ်နေ့ မည်သူ့ကို မီဒီယာနည်းလမ်းဖြင့် ဒုက္ခပေးရင် ကောင်းမလဲ ဟူသော အတွေးများ စဉ်းစားနေမည့်အစား အပြုသဘော ဆောင်သော ဆောင်ရွက်မှုများဖြင့် ဆောင်ရွက်မည် ဆိုလျှင် နိုင်ငံနှင့် လူမျိုးအကျိုးအတွက် အတ္တမဖက်သော ကူညီဖေးမမှု ဖြစ်မည်မှာ အမှန်ပင်ဖြစ်သည်။
မည်သို့ပင် ဖြစ်စေကာမူ စစ်မှန်ပြီး စည်းကမ်းပြည့်ဝသော ဒီမိုကရေစီလမ်ကြောင်းပေါ်တွင် စတင် လျှောက်လှမ်း နေသော မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတော် တည်ဆောက်ရေးတွင် အစိုးရသာမက စတုတ္ထမဏ္ဍိုင်ဖြစ်သော မီဒီယာများ ကလည်း တိုးတက်နေသော နည်းပညာများကို အသုံးချ၍ မှန်ကန်တိကျသော သတင်းများကိုသာ အပြုသဘောဆောင်ပြီး ဖော်ပြနိုင်မှသာ မီဒီယာ လွတ်လပ်ခွင့်မှသည် နိုင်ငံနှင့်လူမျိုး အကျိုးစီးပွားအတွက် ဆိုးကျိုးများ သက်ရောက်မှု မရှိသော မြန်မာ့ မီဒီယာလောကကို မြှင့်တင်နိုင်မည် ဖြစ်ပေသည်။ ထို့အပြင် မီဒီယာ လောကသားများ အနေဖြင့်လည်း မိမိတို့ တင်ပြ ထုတ်လွှင့်သော အချက်အလက် သတင်းများနှင့် နည်းလမ်း အသွယ်သွယ်သော မီဒီယာ တင်ဆက်မှုများသည် ပြည်သူ့အကျိုး နိုင်ငံအကျိုးကို ရှေ့ရှုသော ရည်ရွယ်ချက် ကောင်းဖြစ်ရန် လိုအပ်သည်။ မီဒီယာကို အသုံးချပြီး ပြည်သူနှင့် လက်ရှိ နိုင်ငံရေး အခြေအနေများကို ခုတုံးလုပ်၍ မိမိ အကျိုးအမြတ်ထွက်ရေးနှင့် ထင်ပေါ်ကျော်ကြားရေးကို အာရုံထား လုပ်ဆောင်ကြမည် ဆိုလျှင် မြန်မာနိုင်ငံ၏ စတုတ္ထမဏ္ဍိုင်သည် ပြည်သူနှင့် နိုင်ငံ၏ အဆိပ်သာ ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် နုနယ်မှုမှသည် ရင့်ကျက်မှု အတွက် ထိန်းကြောင်းမှု၊ တည့်မတ်ပေးမှုများသည် မီဒီယာမဏ္ဍိုင်အား အရောင်တင်ပေးခြင်းနှင့် ကူညီပေးနေခြင်း တစ်နည်းအားဖြင့် ပြည်သူများနှင့် နိုင်ငံတော်အတွက် စေတနာထား ဆောင်ရွက်ပေးနေခြင်း ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။

0 ဦးကဆွေးနွေးသွားပါတယ်..

Отправить комментарий