ယနေ့ သီတင်းကျွတ်လပြည့်နေ့မှာပဲ မြန်မာနိုင်ငံတွင်းမှာရှိတဲ့ အကျဉ်းထောင် အသီးသီးကနေ ပစ်မှုကျူးလွန်ကာ အကျဉ်းကျနေတဲ့ အကျဉ်းသားပေါင်း ၆၃၅၉ ဦးကို နိုင်ငံတော် သမ္မတ အမိန့်နဲ့ လွှတ်ပေးလိုက်ပြီ ဖြစ်ပါတယ်။ ဒါဟာ သမ္မတကြီး ဦးသိန်းစိန်လက်ထပ်မှာ ဒုတိယအကြိမ် လွှတ်တာဖြစ်ပြီး မေလ ၁၆ ရက်နေ့က ၁၄၅၇၈ ယောက် လွှတ်ပေးခဲ့ပြီး ဖြစ်ပါတယ်။

အကျဉ်းသားများ လွှတ်ပေးသည့် ကိစ္စနဲ့ ပတ်သက်ပြီး ကုလသမ္မဂ္ဂနဲ့ ကမ္ဘာက ကြိုဆိုခဲ့ကြပါတယ်။ နိုင်ငံတော်သမ္မတ အကြံပေးပုဂ္ဂိုလ်တစ်ဦးကတော့ အကျဉ်းထောင်ထဲမှာ အကျဉ်းသား မရှိလေ ကောင်းလေ ဟု ပြောကြားခဲ့ဖူးပါတယ်။

ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူ ဆိုသူများလည်း ဒီနေ့ လွတ်တဲ့အထဲမှာ ပါလားတာ တွေ့ရပါတယ်။ ဘာကို ယုံကြည်လို့ အကျဉ်းကျလဲဆိုတာကိုတော့ မေးမြန်းချိန်မှာ ပြန်လည် ဖြေကြားခြင်းမရှိပါဘူး။

ယုံကြည်ချက်ကြောင့် အကျဉ်းကျသူ ဆိုသူများမှာ ဒီနှစ် အတွင်းမှာ အတော် နာမည် ကြီးလာသော စကားလုံး ဖြစ်ပါတယ်။ အစိုးရ ဆန့်ကျင်သူများအနေနဲ့ နိုင်ငံတော် အစိုးရအဖွဲ့မှာ အခြေခံဥပဒေ ရေးဆွဲချိန်မှာ အခြေခံဥပဒေကို ဆန့်ကျင်ကန့်ကွက်တာ၊ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ် ကျခံစဉ်မှာ ချက်ချင်းလွှတ်ခိုင်းတာတွေ၊ မြစ်ဆုံ စီမံကိန်း လုပ်ဆောင်နေချိန်မှာ ကန့်ကွက်တာတွေ လုပ်ခဲ့ကြပေမယ့်လည်း အခုချိန်ခါမှာ မြစ်ဆုံ စီမံကိန်းကိုလည်း အစိုးရက ယာယီရပ်ဆိုင်းထားပြီး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံ ဆွေးနွေးပြီး ဖြစ်လို့ ဆန္ဒပြစရာ ခေါင်းစဉ် ပျောက်ခဲ့ကြပါတယ်။ ဒါကြောင့် ယုံကြည်ချက်ကြောင့် အကျဉ်းကျသူ များ ချက်ချင်းလွှတ် ကောင်းစဉ်နဲ့ လှုပ်ရှားလာကြပါတယ်။

ဒါပေမယ့်လည်း အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က အဲဒီ အကျဉ်းသားတွေကို ဂရုစိုက်တာ မတွေ့ရပါဘူး။ အကျဉ်းကျခံနေရတဲ့ အကျဉ်းသားတွေကို တစ်ခါမှ ထောင်ဝင်စာ သွားတွေ့တာ မရှိပါဘူး။ အကျဉ်းမကျပဲ အိမ်မှာ ကျန်ခဲ့တဲ့ မိသားစုတွေကိုတော့ အားပေးပါတယ်တဲ့။

အချို့ကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဲဒီ လုပ်ရပ်ကို ထောက်ခံကြပါတယ်။ ယုံကြည်ချက်ကြောင့် အကျဥ်းကျသူ ဆိုသူများမှာ နိုင်ငံတော်အတွက် လုပ်မယ်၊ ပြည်သူအတွက် အနစ်နာခံမယ်၊ ပေးဆပ်မယ် လို့ ကြွေးကြော်ကာ လုပ်ချင်တာ လုပ်ရဲသူများဖြစ်သည်။ လုပ်ချင်တာ လုပ်လို့ လိုက်ဖမ်းချိန်မှာ မပြေးပဲ ထောင်ကျလည်း ကျေကျေနပ်နပ် ခံမယ် ဆိုသူများလည်းဖြစ်သည်။

ထောက်ကျခံတဲ့လူကတောင် ကျေကျေနပ်နပ်ခံနေချိန်မှာ အပြင်က လူများက မကျေမနပ်ဖြစ်နေစရာ အကြောင်းမရှိပေ။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဝါရင့် နိုင်ငံရေး သမားတစ်ဦးက "အဲဒီ ထောင်ကျတဲ့ လူတွေဆိုတာ တုံးတဲ့လူတွေ၊ ထောင်ကျလည်း ကျေနပ်တယ် ဆိုတဲ့ လူတွေလေ... သူတို့အတွက် ဘေးကနေ ဘာမှ မကျနပ်စရာ အကြောင်းမရှိဘူး... ဘာမှလည်း ထောင်ဝင်စာ တွေ့ဖို့မလိုဘူး... အန်တီစု လုပ်တာ မှန်တယ်... ထောင်ကျတဲ့လူကို သွားမတွေ့ဘူး... အိမ်မှာ ကျန်နေတဲ့လူကို အားပေးတယ်.... ဒါ လုပ်သင့်တာပဲ... ထောင်ကျနေတဲ့လူတွေကို သွားလည်းတွေ့စရာမလိုဘူး၊ လွှတ်လည်း လွှတ်စရာမလိုဘူး.." လို့ ပြောပါတယ်။

ဒါ့အပြင် ထောင်မကျခံချင်ရင် အစောကြီးကတည်းက ထွက်ပြေးလို့ရကြောင်းနဲ့ အခု နိုင်ငံကြားမှာ ထောင်ကျမှာ ကြောက်လို့ ထွက်ပြေးခဲ့ကြတဲ့လူတွေ အများကြီး ရှိကြောင်း သူက ဆက်ပြောပါတယ်။ "ပြေးလို့ရနေတာပဲ ပြေးပေါ့... သူတို့ဘာသူ -င်ယားပြီး အဖမ်းခံတာ နည်းတောင် နည်းသေးတယ်၊ အခုနိုင်ငံခြားမှာနေပြီး ရှေ့ဆုံးက အော်နေတဲ့ သူရဲကောင်းအားလုံးက ထောင်ကျမှာ ကြောက်ပြီး ထွက်ပြေးလာတဲ့လူတွေချည်းပဲ..." လို့ ဆက်ပြောပါတယ်။

အခု ထောင်က လွှတ်လိုက်တဲ့အချိန်မှာ အချို့က အတိုင်းမသိ ဝမ်းသာပြီး ငိုကြွေးကြပါတယ်။ မိသားစုနဲ့ တွေ့ပြီး ကြည်နူးကြပါတယ်။ ဒါပေမယ့် အချို့ကတော့ ဝမ်းမသာနိုင်၊ မကျေနပ်နိုင် ဖြစ်ကြပြန်ပါတယ်။ အဲဒီလူတွေနဲ့ ပတ်သက်ပြီး လွတ်မြောက်လာတဲ့ အကျဉ်းသား တစ်ဦးက " ကျွန်တော်ဆိုရင် လွတ်ဖို့ နှစ်တွေ အများကြီး ကျန်သေးတယ်။ ခုချိန်မှာ ဘယ်လိုခံစားရလဲဆိုတာ ကျွန်တော့်ကိုယ်ကျွန်တော်တောင် ပြောမပြတတ်ဘူး။ မိသားစုနဲ့တွေ့ချိန်မှာ မျက်ရည်တွေ အလိုလိုကျလာတာ၊ ဝမ်းသာလွန်းလို့... ထောင်က ထွက်တဲ့နေ့ဆိုတာ ဘဝ မှာ အပျော်ဆုံး နေ့တွေထဲက တစ်နေ့ဖြစ်ပါတယ်။ ထောင်က ထွက်တာ ဘယ်လောက် ပျော်စရာကောင်းလဲ ဆိုတာ ထောင်ကျဖူးပြီး ထွက်လာသူ အားလုံး သိပါတယ်... အဲဒါကိုမှ ဝမ်းမသာနိုင်ဘူး... မကျေနပ်ဘူး.. ထောင်ကိုလွမ်းတယ်.. ကျန်ခဲ့တဲ့လူတွေကို ကိုယ်ချင်းစာတယ်ဆို ပြန်ဝင်ပေါ့..." လို့ တိုက်တွန်း ပြောဆိုပါတယ်။




ထောင်ထဲဝင်ချင်ရင် ဒုစရိတ်မှုတစ်ခုခုကို ချက်ချင်းလုပ်ပြီး ကိုယ်တိုင် သွားရောက် အဖမ်းခံသင့်ကြောင်းလည်း သူကပဲ အကြံပေးထားပါတယ်။ နိုင်ငံရေးအကဲခက်တစ်ဦးကတော့ ဒီနေ့လွတ်တဲ့ အထဲမှာ လေပစ်တဲ့လူတွေ ပါလားကြောင်း အခုလို ပြောပါတယ်။ "ဒီတစ်ခါ လွတ်တဲ့အထဲမှာ လေသမားတွေ ပိုများလာတယ်ဗျ... အလုပ်လက်ကြောတင်းအောင်မလုပ်ဖူးဘူး.. လေတော့ ပစ်နေတဲ့လူတွေ ပါတယ်... နားထောင်လို့တော့ ကောင်းတာပေါ့... နားထောင်ရတဲ့လူတွေကလည်း အားပေးတာပေါ့.. ဒါပေမယ့် နိုင်ငံ့အရေးနဲ့ ပြည်သူ့အကျိုးလုပ်တာဆိုတာ ပါးစပ်နဲ့ လေပစ်နေလို့ကတော့... လေပဲအဖက်တင်မယ်..." လို့ပြောပါတယ်။

" စကားများများပြောတဲ့လူကို အထင်မကြီးနဲ့ လို့ ပညာရှင်တွေလည်း ပြောခဲ့ဖူးပါတယ်.... မြန်မာ့အတိုက်အခံလောကမှာ လက်ကြောမတင်းတဲ့ လေသမားတွေများခဲ့လို့၊ အစိုးရကို မဝေဖန် အကြံမပေးပဲ လှောင်ပြောင် သရော်တာတွေ များခဲ့လို့၊ အရည်အချင်းမရှိတဲ့လူတွေ စုပြီး ရည်မှန်းချက် တိတိကျကျ မရှိလို့ အနှစ် ၂၀ ကျော် ကြိုးစားသမျှ ဘာမှဖြစ်မလာတာ.. " လို့ သူကပဲ ဆက်ပြီး သုံးသပ်ပြသွားပါတယ်။

ပြီးခဲ့တဲ့ ဗြိတိန်အဓိကရုန်း တုန်းက ဖမ်းဆီးခံနေရတဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူများနဲ့ ပြီးခဲ့တဲ့ အပတ် အမေရိကန်မှာ ယုံကြည်ချက်ကြောင့် တံတားပေါ်မှာ ဆန္ဒပြပြီး အဖမ်းခံနေရသူများကတော့ ပြန်လွတ်မလာသေးပါဘူး။ ကုလသမ္မဂ္ဂနဲ့ နိုင်ငံတကာကလည်း မစိုးရိမ်သေးပါဘူး။

မူရင်းလင့်    http://myanmarexpress.blogspot.com/2011/10/blog-post_12.html

0 ဦးကဆွေးနွေးသွားပါတယ်..

Отправить комментарий