Occupy Oakland Movement invaded by Police

oakland8
ဥက္ကလံ သပိတ်စခန်းကို ရဲတွေက အကြမ်းဖက်ဖြိုခွင်းပြီ
oakland6
နိုင်ငံတကာသာဂိ၊ အောက်တိုဘာ ၂၇၊ ၂၀၁၁
အောက်တိုဘာ ၂၅ နံနက်မှာ အရင်းရှင်ဆန့်ကျင်ရေး မြို့သိမ်းသပိတ်တိုက်ပွဲ (Occupy Movement) လှုပ်ရှားမှုထဲက တခုဖြစ်တဲ့ ကယ်လီဖိုးနီးယား၊ ဆန်ဖရန်ဘေး အရှေ့ဖက်ကမ်း၊ ဥက္ကလံသပိတ်စခန်းကို ရဲတွေက  (ရဲဝန်ထမ်းပေါင်း ၆၀၀ ကျော်နဲ့) အကြမ်းဖက်ပြီး ဖြိုခွဲလိုက်ပါတယ်။
oakland7 
အဲသည် ရဲတွေရဲ့ အကြမ်းဖက်တဲ့ဖြိုခွင်းမှုကို လူ ၁ထောင်ကျော်က  စုဝေးတန်ပြန် ကန့်ကွက်ချီတက်တာကိုလည်း ညသန်းခေါင်ယံမှာ ရဲတွေက မျက်ရည်ယိုဗုံးတွေ၊ ရော်ဘာနဲ့ “ပဲထုပ်”ကျည်ဆံတွေပစ်ပြီး နှိမ်နှင်းလိုက်ပါတယ်။ လူ ၁၀၀ ကျော်လောက် အဖမ်းခံထားရတယ်လို့ သိရပါတယ်။ 
oakland
အမေရိကန်ပြည်တ၀ှမ်းမှာ (http://occupytogether.org ) လူငယ်တွေ ကျောင်းသားတွေ လူလတ်တန်းစားတွေ တက်ကြွလှုပ်ရှားသူတွေက အရင်းရှင်တွေရဲ့ လက်ဝါးကြီးအုပ် ဖိနှိပ်ချယ်လှယ်မှုတွေ၊ နိုင်ငံရေးမှာ ၀င်ရောက် စွက်ဖက်နေတာတွေကို ဆန့်ကျင် ကန့်ကွက်တဲ့အနေနဲ့ မြို့တွေရဲ့ ဘဏ်တွေ၊ မြို့လယ်ခေါင် စီးပွားရေးအချက်အခြာတွေမှာ ၀င်ရောက်သိမ်းပိုက်ပြီး သပိတ်စခန်းတွေ ဖွင့် ဆန္ဒပြနေကြတာဖြစ်ပါတယ်။ အဓိကတော့ စက်တင်ဘာ ၁၇ နယူးယောက် အစုရှယ်ယာဖောက်ကားရာ ဒိုင်ချုပ်ကြီးဖြစ်တဲ့ Wall Street မှာ Occupy Wall street လှုပ်ရှားမှုနဲ့ စတင်ခဲ့ပြီး ယခုအချိန်မှာ အမေရိကန်သာမက ကမ္ဘာ့အရင်းရှင်နိုင်ငံအသီးသီးကို ပျံ့နှံ့သွားပြီ ဖြစ်ပါတယ်။
oakland3
ဥက္ကလံ မြို့တော်လူကြီးတွေက သပိတ်စခန်းကလူတွေက ညစ်ပတ်တယ်၊ စည်းကမ်းမရှိဘူး၊ မူးယစ်ဆေးသုံးတယ်၊ ကျန်းမာရေထိခိုက်တယ် စတဲ့ အကြောင်းပြချက်တွေနဲ့ သပိတ်စခန်းတွေကို ဖယ်ရှားဖို့ ကြိုးစားနေတာ ဖြစ်ပေမယ့် တကယ်တမ်း ရဲတွေကိုသုံးပြီး အကြမ်းဖက် ဖယ်ရှားချိန်မှာတော့ သူတို့သပိတ်သမားလူနည်းစုရဲ့ သပိတ်စခန်းဟာ အခြားလူအများစုရဲ့ စီးပွားရေးတွေ၊ လူမှုရေးတွေ ထိခိုက်လို့ ဖြစ်တယ်၊ စောစောကတည်းက သူတို့ကို ရှင်းလင်းပစ်သင့်တာလို့ ပြောဆိုတဲ့အထိကို အစွန်းထွက်သွားတာ တွေ့ရပါတယ်။ ဒါကြောင့် အခုအချိန်မှာ ဥက္ကလံသပိတ်စခန်းကို ပြန်လည် ဖွင့်လှစ်တပ်စွဲဖို့ ဥက္ကလံသပိတ်သမားတွေက ပြန်လည် စုဝေးနေကြတယ်။ ပြန်လည် ချီတက် လှုံဆော်နေကြပြီ ဖြစ်ပါတယ်။ အလုပ်သမားတွေ ပရိသတ်တွေကိုယ်တိုင်က အခုလို သပိတ်စခန်းဖွင့်သူ လူငယ်တွေ ကျောင်းသားတွေကို ဘယ်လိုမှ အာဃာတထားခြင်း၊ စိတ်အနှောက်အယှက်ဖြစ်ခြင်း မရှိဘူးလို့ အများစုက ဆန္ဒပေးထားပြီး ဖြစ်ပါတယ်။
oakland5
ကယ်လီဖိုးနီးယားပြည်နယ်လို လွတ်လပ်ခွင့်နဲ့ ကိုယ်ပိုင်အခွင့်အရေးကို အလွန်တန်ဖိုးထားတဲ့ နေရာမှာ ယခုလို ဥက္ကလံမြို့က ရဲတွေရဲ့ အကြမ်းဖက်ဖြေရှင်းမှုဟာ အလွန် ရှက်စရာပဲလို့ ပြောနေကြပါတယ်။ အဲသည်က ရဲတွေကိုယ်တိုင်ဟာ လွန်ခဲ့တဲ့ လအနည်းငယ်ကပဲ အစိုးရဘတ်ဂျက်မရှိလို့ အလုပ်ပြုတ်လုနီးနီး ဒုက္ခရောက်နေတဲ့ ၀န်ထမ်းတွေပဲ ဖြစ်ပါတယ်။ သူတို့ဟာ ၁ % သော အရင်းရှင်ကြီးများထဲမှာမပါဝင်ဘဲ ၉၉% သော ပစ္စည်းမဲ့လူတန်းစားထဲမှာ ပါသော်လည်းပဲ အစိုးရနဲ့ အရင်းရှင်ကြီးတွေရဲ့ လက်ကိုင်တုတ်ဖြစ်နေကြတာဟာ အလွန်ရုပ်ဆိုးတဲ့ကိစ္စပဲ ဖြစ်ပါတယ။်  ရဲတွေကို အကြမ်းဖက်ဖို့ အမိန့်ပေးတဲ့ မြို့တော်အုပ်ချုပ်ရေးကောင်စီဝင်တွေကိုယ်တိုင်ကလည်း လူအများစုရဲ့ ငြိမ်းချမ်းစွာ စုဝေးဆန္ဒပြနေမှု၊ အားလုံးရင်ဆိုင်နေရတဲ့ စီးပွားရေးအကြပ်အတည်းပြသနာတွေကို ဥပက္ခာပြုပြီး မတရားအာဏာအလွဲသုံးတာဖြစ်ပါတယ်။ အာဏာပိုင်တွေဟာ သပိတ်မှောက်သူတွေနဲ့ တွေ့ဆုံဆွေးနွေး ညှိနှိုင်းခြင်း (Dialogue)  လုံးဝ မလုပ်ဘဲ အကြမ်းဖက်ဖြေရှင်းခဲ့တယ်လို့ အစွပ်စွဲခံထားရပါတယ်။
 oakland4
ကယ်လီဖိုးနီးယားရဲ့ အခြားမြို့ကြီးတွေဖြစ်တဲ့ လော့စ်အိန်ဂျလိစ်၊ ဆန်ဟိုဇေးနဲ့ ဆန်ဖရန်စစ္စကိုနေရာတွေမှာ ပစ္စည်းမဲ့တွေရဲ့ (၉၉%) တွေရဲ့ သပိတ်စခန်းတွေကို အကြိမ်ကြိမ် ညှိနှိုင်းဆွေးနွေးမှုတွေနဲ့ အာဏာပိုင်တွေက  ခွင်ြ့ပုထားပါတယ်။ ညအိပ်သပိတ်စခန်းတွေဟာ ဥပဒေနဲ့ ညိစွန်းပေမယ့် မြို့တော်စည်ပင်နဲ့ ရဲတွေက မျက်နှာလွှဲထားပါတယ်။ အကြမ်းဖက်ပြီး ဖမ်းဆီး ဖြေရှင်းနေတဲ့ အကျည်းတန်တဲ့ မြို့တွေကတော့ ဆန်ဒီရေဂိုး၊ ဆက္ကရမ္မန်တို နဲ့ အခု ဥက္ကလံမြို့တွေ ဖြစ်ပါတယ်။
oakland2
ဖမ်းဆီးခံထားရတဲ့သူတွေကို အာမခံငွေ ၁ သောင်း နဲ့ ပြန်လွှတ်ပေးတယ်လို့ သိရပါတယ်။ မြန်မာပြည်မှာလိုတော့ ထောက်လှမ်းရေးတွေ ရဲတွေက နှိပ်စက်ညှင်းပမ်း ချူုပ်နှောင် အစဖျောက်တာ၊ ခုံရုံးမတင်ဘဲ ထောင်ချတာ လုပ်လို့မရပါဘူး။ အမှုမစွဲတင်နိုင်ရင် ၂၄ နာရီ ချုပ်ပြီး ပြန်လွှတ်ပေးရပါတယ်။ အမှုစွဲနိုင်ရင်တော့ အာမခံနဲ့ လွှတ်ပြီး တရားရုံးမှာ ကြားနာရပါတယ်။ တရားရုံးမှာလည်း ဆန္ဒပြသူများဖက်က အခမဲ့လိုက်ပေးမယ့် ရှေ့နေတွေ ရှိပါတယ်။
မည်သို့ပင်ဖြစ်စေ  
ဥက္ကလံမြို့က ရဲတွေရဲ့ အကြမ်းဖက်ဖြေရှင်းမှုဟာ မြန်မာတွေအတွက် ရွှေဝါရောင်တော်လှန်ရေးကို ပြန်မြင်ယောင်စေပြီး အနောက်က လူတွေကတော့ ဆီးရီးယား၊ ယီမင်၊ အီရန်၊ အီဂျစ်၊ လစ်ဗျားနဲ့ တူနီးရှားက  အကြမ်းဖက် နှိမ်နှင်းမှုတွေကို သတိရစေပါတယ်။ အမေရိကန်ပြည်ထောင်စုမှာလို့ ပြောဖို့အတွက် ဓာတ်ပုံတွေမှာ စာတန်းတွဲထိုးထားမှ ဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။
(Photos – www.occupytogether.org) 

0 ဦးကဆွေးနွေးသွားပါတယ်..

Отправить комментарий