''မိုးနဲ့နွားသိုး အစိုးမရ''ဆိုတဲ့ ဆိုရိုးစကား ရှိပါတယ်။ ငယ်ငယ်တုန်းက မိုးလေး တစ်ဖြောက်နှစ်ဖြောက် ရွာပြီဆိုတိုင်း နေပူပူမှာ လှန်းထားတဲ့ တိုလီမုတ်စလေးတွေ အပြေးအလွှား သိမ်းဆည်းရင်း ဒီဆိုရိုးစကားကို အဘွား ရွတ်လေ့ရှိတာ ပြန်သတိရ မိပါတယ်။ မှန်ပါတယ်။ နွားသိုးကမှ ထိန်းနိုင်ရင်၊ ထိန်းတတ်ရင် အစိုးရကောင်း ရနိုင်ပါလိမ့်မယ်။ မိုးကတော့ ဘယ်လိုမှ အစိုးမရနိုင်တာ အမှန်ပါပဲ။ မိုးဆိုတာ လိုအပ်နေတဲ့ အချိန်မှာ လိုအပ်သလောက်သာ ရွာမယ်ဆိုရင် မိတ်ဆွေဖြစ်သော်လည်း မလိုအပ်တဲ့အချိန်မှာ အတိုင်းအဆမဲ့ ပြင်းပြင်းထန်ထန် ရွာသွန်းမယ် ဆိုရင်တော့ ကြမ်းတမ်းရက်စက်တဲ့ သဘာဝဘေး အန္တရာယ်ဆိုးကြီး ဖြစ်သွားတော့တာပါပဲ။
တကယ်တော့ သဘာဝဘေး အန္တရာယ်ဆိုတာ လွန်ဆန်လို့၊ ရှောင်လွှဲလို့မရနိုင်တဲ့ သဘာဝဖြစ်စဉ်သာ ဖြစ်ပါတယ်။ ကမ္ဘာဦး အစကတည်းက စပြီး ဒေသတိုင်း၊ နိုင်ငံတိုင်း၊ နေရာတိုင်းမှာ တစ်ချိန်မဟုတ် တစ်ချိန်တော့ သဘာဝဘေး အန္တရာယ်ဆိုတာနဲ့ ရင်ဆိုင် ကြုံတွေ့ခဲ့ ရတာချည်းပါပဲ။ ငလျင်လှုပ်ခြင်း၊ မုန်တိုင်းတိုက်ခြင်း၊ ရေကြီးခြင်း၊ မီးတောင်ပေါက်ကွဲခြင်း စသဖြင့် လူတို့ မဖိတ်ခေါ်ပါဘဲလျက် သူ့အလိုလို ရောက်လာ တတ်တဲ့ သဘာဝဘေးအန္တရာယ်တွေက များပြားလှပါတယ်။ အခုလည်း မကွေးတိုင်း ဒေသကြီး ပခုက္ကူ၊ မြိုင်၊ ပေါက်၊ ဆိပ်ဖြူမြို့နယ်တွေမှာ မမျှော်လင့်ဘဲ ရေကြီးမှုတွေကြုံ တွေ့ခဲ့ရပြီး ဒေသခံတွေရဲ့ အသက်အိုးအိမ်စည်းစိမ် ဆုံးရှုံးပျက်စီးမှုတွေနဲ့ ရင်ဆိုင်ခဲ့ ရပါတယ်။ တကယ့်ကို မမျှော်လင့်တဲ့ အနေအထားမှာ အလစ်အငိုက် ဝင်ရောက်လာတဲ့ သဘာဝဘေးဆိုး တစ်ခုပါပဲ။
အောက်တိုဘာ ၁၉ ရက်နေ့မှာ ရခိုင်ကမ်းရိုးတန်း မြောက်ပိုင်း မောင်တောမြို့ကို မုန်တိုင်းဝင်နိုင်ခြေ ရှိတဲ့အတွက် တီဗွီ၊ ရေဒီယို၊ သတင်းစာများကနေ မုန်တိုင်း သတင်း ထုတ်ပြန်ချက်တွေနဲ့အတူ မုန်တိုင်း တိုက်ခတ်နေချိန် ဆောင်ရွက်ရန် အချက်တွေ၊ မုန်တိုင်း ကျရောက်ပြီးနောက် ဆောင်ရွက်ရန် အချက်တွေကို ကျယ်ကျယ်ပြန့်ပြန့် ထုတ်ပြန်သတိပေး ဆောင်ရွက်ခဲ့ပါတယ်။ သို့သော် တကယ်တမ်း မုန်တိုင်းဝင်ချိန်မှာ မျှော်မှန်းထားတဲ့ ရခိုင်ကမ်းရိုးတန်း မြောက်ပိုင်း ဒေသတွေမှာ အခြေအနေ ဆိုးဆိုး ရွားရွားမရှိခဲ့ဘဲ မုန်တိုင်းကြောင့် အောက်တိုဘာ ၁၉၊ ၂ဝ ရက်တွေမှာ မိုးသည်း ထန်စွာ ရွာသွန်းခဲ့ပြီး ယောချောင်း၊ ကျောချောင်း၊ ယမားချောင်း၊ မြိုင်ချောင်းနဲ့ ရွှေချောင်းတို့ကနေ တောင်ကျရေတွေ ဒလဟော ထိုးဆင်းလာတဲ့အတွက် စောစောက ပြောသလို ပခုက္ကူ၊ မြိုင်၊ ပေါက်၊ ဆိပ်ဖြူမြို့နယ်တွေမှာ လူအသေအပျောက် ၁ဝ၆ ဦး၊ တံတားကြီးငယ် ခုနစ်စင်း၊ အိမ်ခြေ ၂ဝ၂၃ လုံး၊ ဘုန်းတော်ကြီးကျောင်း ငါးကျောင်း၊ တိရစ္ဆာန်မျိုးစုံ ကောင်ရေ ၂၄ဝဝ ကျော်နဲ့ သီးနှံစိုက်ခင်း ဧက ၃ဝဝဝ ကျော် ပျက်စီး ဆုံးရှုံးခဲ့ရပါတယ်။ ဒေသခံတွေရဲ့ အဆိုအရ နှစ် ၁ဝဝ ကျော်အတွင်း တစ်ကြိမ်မျှ မဖြစ်ခဲ့ဖူးတဲ့ ရေဘေးနဲ့ ရင်ဆိုင်ခဲ့ရတာပါပဲ။
သို့သော် ကျွန်တော်တို့နိုင်ငံမှာ ၂ဝဝ၈ ခုနှစ် နာဂစ်မုန်တိုင်းကြီးနဲ့  ရင်ဆိုင်ရပြီး ကတည်းက သဘာဝဘေးနဲ့ ပတ်သက်လို့ ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်း အတွေ့အကြုံကောင်းတွေကို ပိုင်ဆိုင်ခဲ့ပြီး ဖြစ်ပါတယ်။ အသက်ပေါင်း ၁၃ဝဝဝဝ ကျော်နဲ့ အိုးအိမ်ပေါင်းများစွာ ပျက်စီးခဲ့ရတဲ့ နာဂစ်သဘာဝဘေးကို အစိုးရ၊ ပြည်သူနဲ့ တပ်မတော်တို့ ပူးပေါင်းလက်တွဲပြီး အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့ သလို အစစ ပုံမှန်အတိုင်းဖြစ်အောင် အချိန်တိုအတွင်း ပြန်လည်ထူထောင် ဆောင်ရွက် ပေးနိုင်ခဲ့ပြီးဖြစ်ပါတယ်။ အဲဒီတုန်းက မြေအုတ်တို့ပြိုလဲရာမှာ ကျောက်အုတ်တို့ဖြင့် အစားထိုးတည်ဆောက် နိုင်ရမယ်ဆိုတဲ့ ခံယူချက်မျိုးနဲ့ ကြိုးပမ်းစွမ်းဆောင် အောင်မြင်ခဲ့ကြတာဟာ သမိုင်းမှာ မော်ကွန်းတင်ရမယ့် အောင်မြင်မှုမျိုး ဖြစ်ပါတယ်။ အလားတူ ဂီရိမုန်တိုင်း ဘေးတုန်းကလည်း အချိန်တိုအတွင်း အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ဒါကြောင့် အဲဒီ သဘာဝဘေးတွေနဲ့ နှိုင်းယှဉ်ရင် အခု ရေကြီးမှုဖြစ်စဉ်ဟာ ဘာမှ မပြောပလောက်ပါဘူး။ သို့သော် နိုင်ငံတော်ရဲ့ အပိုင်းက အလေးထားမှု၊ တာဝန်ယူမှု၊ အားပေး ကူညီ စောင့်ရှောက်မှုတွေ ကတော့ ယခင် သဘာဝဘေး ဖြစ်စဉ်များထက် မပိုရင်သာနေမယ်၊ မလျော့ခဲ့တာတော့ အမှန်ပါပဲ။
ယခု ပခုက္ကူ ရေကြီးမှုဖြစ်စဉ်နဲ့ စပ်လျဉ်းပြီး ပထမအဆင့် အနေနဲ့ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်တွေကနေ အရေးပေါ် ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆောင်ရွက်ပေးခဲ့ပါတယ်။ ဒုတိယအဆင့်အနေနဲ့ ဒုတိယ သမ္မတ ကိုယ်တိုင် လာရောက်ပြီး အားပေးစကား ပြောကြားမှုတွေ၊ ကူညီထောက်ပံ့မှုတွေ ဆောင်ရွက်ရင်း မှန်ကန်တိကျတဲ့ စာရင်းဇယားတွေ ရရှိအောင် ကောက်ယူစေခဲ့ပါတယ်။
တတိယအဆင့် အနေနဲ့တော့ နိုင်ငံတော် သမ္မတကြီး ကိုယ်တိုင် လာရောက်ပြီး ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာ ချထားရေး လုပ်ငန်းတွေ ထိထိရောက်ရောက် ဖြစ်အောင် ဆောင်ရွက်ပေးရင်း ကူညီ ထောက်ပံ့မှုတွေကို အလုံးအရင်းနဲ့ ပံ့ပိုးပေးခဲ့ပါတယ်။ နိုင်ငံတော် သမ္မတကြီးရဲ့ ခရီးစဉ်အတွင်းမှာ ပြည်ထောင်စု ဝန်ကြီးတွေ၊ တာဝန်ရှိသူတွေ အပြင် အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေး စတဲ့ အဖွဲ့တွေက တာဝန်ရှိ သူတွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေ၊ အလှူရှင်တွေကိုပါ စုံလင်အောင် ခေါ်ဆောင်လာခဲ့ပြီး ရေဘေးသင့်ဒေသရဲ့ လိုအပ်ချက်တွေကို ချက်ချင်းလက်ငင်း ဖြည့်ဆည်း ပံ့ပိုးပေးနိုင်အောင် ဆောင်ရွက်ပေးခဲ့တာကို တွေ့ရပါတယ်။
နိုင်ငံတော် အနေနဲ့ ရေဘေးသင့် ပြည်သူများရဲ့ စားဝတ်နေရေးအတွက် ကြိုတင် တွက်ချက်စဉ်းစားပြီး အဘက်ဘက်က အဆင်ပြေအောင် ဆောင်ရွက်ပေးနိုင်ခဲ့ ပါတယ်။ လတ်တလော စားရေးနဲ့ဝတ်ရေး၊ ကျန်းမာရေး ကိစ္စတွေကို အဆင်ပြေအောင် ဖြေရှင်း ဆောင်ရွက်ပေးခဲ့ပြီး နေရေးကိစ္စကိုတော့ အချိန်အနည်းငယ် ယူပြီး ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ နောက်နောင် ကာလတွေမှာ ယခုလို လွယ်လင့်တကူ ရေဘေးဒုက္ခ မကျရောက်စေဖို့အတွက် လုံခြုံစိတ်ချရတဲ့ နေရာများမှာသာ အခြေစိုက် နေထိုင်စေဖို့ အတွက်လည်း စီစဉ်ဆောင် ရွက်ပေးခဲ့ပါတယ်။ ပျက်စီးခဲ့တဲ့ စာသင်ကျောင်းတွေကို ပြန်လည် တည်ဆောက်ပေးမှာ ဖြစ်တဲ့အပြင် ကျောင်းသား ကျောင်းသူများအတွက် စာအုပ်၊ ခဲတံမှအစ ကျောင်းသုံးစာရေးကိရိယာများ ပြည့်စုံအောင် ကူညီဆောင်ရွက် ပေးသွားမယ်လို့လည်း သိရပါတယ်။ ကျန်းမာရေးအတွက် သန့်ရှင်းတဲ့ သောက်သုံးရေရရှိရေးနဲ့ ရောဂါဘယ မဖြစ်ပွားစေရေး ကိုလည်း တာဝန်ယူ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။
ယခုလို နိုင်ငံတော်အပိုင်းက အဘက်ဘက်က ပံ့ပိုးကူညီ ဆောင်ရွက်ပေးနေ သလို ကာယကံရှင်များ ဘက်ကလည်း လွယ်လွယ်ရ လွယ်လွယ်သုံးဘဝနဲ့ ရောင့်ရဲ မနေကြဘဲ ကိုယ့်အားကိုယ်ကိုးပြီး ရေရှည်ရပ် တည်နိုင်အောင် ကြိုးပမ်းကြရမှာ ဖြစ်ကြောင်း၊ ယခင်ကထက် ပိုမိုအလုပ်ကို ကြိုးစားပြီး မိမိဘဝကို ခိုင်မာ တိုးတက်လာအောင် တိုးမြှင့်ပြုပြင် ဆောင်ရွက်သွားကြရမှာ ဖြစ်ကြောင်း အားပေးမှာကြားခဲ့တဲ့ နိုင်ငံတော် သမ္မတကြီးရဲ့ သြဝါဒ စကားဟာလည်း အမှန်တကယ်ပဲ လေးစားမှတ်သား လိုက်နာသင့်လှပါတယ်။ စကားမှာပါတဲ့ စေတနာနဲ့ မေတ္တာတရားတွေကြောင့် ဒေသခံ ပြည်သူတွေရဲ့ အမှန်တကယ် အကျိုးစီးပွားကို ဆောင်ကြဉ်းပေးနိုင်မှာ အသေအချာပဲ ဖြစ်ပါတယ်။
နိုင်ငံတော် သမ္မတကြီး ကိုယ်တိုင်က ရေဘေးသင့် သေဆုံးသူများအတွက်ရော ရေကြီးနစ်မြုပ် ပျက်စီးခဲ့တဲ့ အိမ်ထောင်စုများ အတွက်ပါ မြို့နယ် လေးမြို့နယ်လုံးမှာ ငွေကျပ်သန်းပေါင်းများစွာ လှူဒါန်းထောက် ပံ့ပေးခဲ့သလို အတူလိုက်ပါလာတဲ့ ပြည်ထောင်စုဝန်ကြီးများနဲ့ ဝန်ကြီးဌာနများ၊ NGO များ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ အလှူရှင်များ၊ ဒေသတွင်းက ကုန်သည်ကြီးများနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များ၊ မြို့မိမြို့ဖများ အားလုံးကလည်း ရေဘေးသင့် ပြည်သူများအတွက် ဆန်၊ ဆီ၊ ဆား၊ ပဲနဲ့ စားသောက်ကုန်များ၊ အဝတ်အထည်၊ အိမ်ထောင်သုံးပစ္စည်း၊ ကျောင်းသုံးပစ္စည်း၊ သွပ်၊ အိမ်ရိုက်သံ၊ မိုဘိုင်းလ်တယ်လီဖုန်း၊ ငွေကြေး စသဖြင့် အဘက်ဘက်က ပြည့်စုံအောင် ထောက်ပံ့ လှူဒါန်းခဲ့ကြ ပါတယ်။ ပခုက္ကူမြို့နယ် အတွက် ငွေနဲ့ပစ္စည်းတန်ဖိုး စုစုပေါင်း ငွေကျပ် ၃၅၆ ဒသမ ၁၉၉ သန်း၊ မြိုင်မြို့နယ်အတွက် ငွေကျပ် ၄၁ ဒသမ ၄၂၉ သန်း၊ ပေါက် မြို့နယ်အတွက် ငွေကျပ် ၇၇ ဒသမ ၅၃ သန်း၊ ဆိပ်ဖြူမြို့နယ် အတွက် ငွေကျပ် ၁၄၅ ဒသမ ၃၁၇ သန်း လှူဒါန်းထောက်ပံ့ ပေးအပ်ခဲ့ကြပါတယ်။ ဒါ့အပြင် ပခုက္ကူခရိုင် အတွင်းရှိ ပခုက္ကူ၊ မြိုင်၊ ပေါက်နဲ့ ဆိပ်ဖြူမြို့နယ်များမှ ရေမျောပျက်စီးခဲ့တဲ့ နေအိမ်များ ပြန်လည် ဆောက်လုပ်ဖို့အတွက် ထူးကုမ္ပဏီ၊ IBTC ကုမ္ပဏီ၊ CB ဘဏ်၊ ရွှေသံလွင် ကုမ္ပဏီ၊ IGE ကုမ္ပဏီနဲ့ ရွှေတောင် ကုမ္ပဏီတို့က ငွေကျပ် သန်း ၂ဝဝ စီ ထည့်ဝင်ပြီးစုစုပေါင်း ငွေကျပ် သန်း ၁၂ဝဝ လှူဒါန်းခဲ့တာ ကိုလည်း ဝမ်းမြောက်နုမော် သာဓုခေါ်ဖွယ် တွေ့ရှိရပါတယ်။
တကယ်တော့ ပခုက္ကူ၊ မြိုင်၊ ပေါက်နဲ့ ဆိပ်ဖြူ ဒေသတွေမှာ ရှည်လျားလှတဲ့ နှစ်ကာလများစွာ အတွင်း တစ်ကြိမ်တစ်ခါမျှ မကြုံဖူးခဲ့တဲ့ ရေဘေးပြဿနာနဲ့ ရင်ဆိုင်ခဲ့ ရတာဖြစ်ပါတယ်။ မကြုံစဖူး ထူးထူးကဲကဲဖြစ်စဉ်မျိုး ဖြစ်တဲ့အတွက် ဒေသခံပြည်သူတွေ အထိတ်တလန့်ဖြစ်ကြမှာ အမှန်ပါပဲ။ ဒါကြောင့်လည်း နိုင်ငံတော် သမ္မတကြီး ကိုယ်တိုင် ကွင်းဆင်းကြည့်ရှု အားပေးပြီး လိုအပ်တာတွေကို ပံ့ပိုးဆောင်ရွက် ပေးခဲ့ခြင်းပဲ ဖြစ်ပါတယ်။ နိုင်ငံတော် အပိုင်းကရော ဌာနဆိုင်ရာ၊ NGO၊ ပုဂ္ဂလိက လုပ်ငန်းရှင်၊ အလှူရှင်များ အားလုံးကပါ ယခုလို အားတက်သရော ပံ့ပိုးဖြည့်ဆည်း ဆောင်ရွက်ပေး နေချိန်မှာ သက်ဆိုင်ရာခရိုင်၊ မြို့နယ်တွေက တာဝန်ရှိသူတွေ အနေနဲ့လည်း အောက်ခြေ အထိဆင်းပြီး ကြိုးပမ်း ဆောင်ရွက်ပေးမယ်ဆိုရင် ရေဘေးသင့် ပြည်သူများရဲ့ဘဝဟာ အမြန်ဆုံး ပြန်လည်ထူထောင် တည်ဆောက်လာနိုင်မှာ ဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ ထောက်ပံ့ငွေ နဲ့ အလှူရှင်များရဲ့လှူဒါန်းမှုအစုစုကို အမှန်တကယ် ထိခိုက်နစ်နာ ဆုံးရှုံးခဲ့တဲ့ ဒေသခံပြည်သူများ လက်ဝယ်သို့ အမှန်ကန်ဆုံးနဲ့ အမြန်ဆုံး ရောက်ရှိအောင် ဆောင်ရွက် ပေးနိုင်ကြမယ်ဆိုရင် အတိုင်းထက်အလွန် တံခွန်နဲ့ကုက္ကားဆိုသလို အင်မတန်ပဲ အကျိုးများမှာဖြစ်ပါတယ်။
ရေဘေးကြောင့် ပျက်စီးသွားတဲ့ သီးနှံတွေ အမြန်ဆုံး ပြန်လည်အစားထိုး စိုက်ပျိုးနိုင်ဖို့ အတွက်လည်း နိုင်ငံတော်အပိုင်းက ဆောင်းသီးနှံ အချိန်မီ စိုက်ပျိုးနိုင်အောင် ဖြည့်ဆည်းဆောင်ရွက် ပေးသွားမယ်လို့ သိရပါတယ်။ ဒါ့အပြင် ဆိပ်ဖြူနဲ့ ပေါက်မြို့နယ် အတွင်း လမ်းပန်းဆက်သွယ်ရေး ယာယီ ပြတ်တောက်သွားတဲ့ ကျေးရွာအချို့ကိုလည်း နိုင်ငံတော် သမ္မတကြီးရဲ့ အစီအစဉ်အရ တပ်မတော်(လေ) ရဟတ်ယာဉ်များဖြင့် ရိက္ခာ၊ အဝတ်အထည်နဲ့ အခြားပစ္စည်းများ ချပေးနေတယ်လို့ သိရပါတယ်။ ကျေးရွာဖွံ့ဖြိုးရေး၊ ပြန်လည်ထူထောင်ရေး ကိစ္စများအတွက် တပ်မတော်သားများက ကွင်းဆင်းပြီး ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးနေတဲ့ သတင်းတွေကိုလည်း ကြားသိရပါတယ်။ ဒါ့အပြင် ပျက်စီးသွားတဲ့ လမ်းတွေ၊ တံတားတွေ ပြန်လည်ပြင်ဆင် ဆောင်ရွက်နေသလို ရွှေချောင်း တံတားကိုလည်း သံကူကွန်ကရစ် တံတားအသစ်အဖြစ် တည်ဆောက် မယ်လို့ သိရပါတယ်။ အင်မတန် ဝမ်းမြောက် ဂုဏ်ယူစရာကောင်းတဲ့ သတင်း တွေပါပဲ။
ဘာပဲပြောပြော အစိုးရနဲ့ ပြည်သူဆိုတာ မိဘနဲ့ သားသမီးများသာ ဖြစ်ပါတယ်။ ဒါကြောင့် သားသမီးဖြစ်တဲ့ ပြည်သူတွေ ဒုက္ခရောက်နေချိန်မှာ မိဘအရာမြောက်တဲ့ နိုင်ငံတော် သမ္မတကြီးနဲ့ လူကြီးများကိုယ်တိုင် ကွင်းဆင်းပြီး ပြည်သူရဲ့ဒုက္ခကို ကိုယ့်ဒုက္ခလို ထပ်တူမျှဝေ ခံစားပေးရင်း နွေးနွေးထွေးထွေးနဲ့ အားပေးကူညီ ပံ့ပိုး ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့တဲ့ ပုံရိပ်တွေဟာ ကရုဏာရသနဲ့ ဟဒယပီတိကို ပြိုင်တူ ပေးစွမ်းနိုင်ခဲ့တာ အမှန်ပါပဲ။ ပြည်သူက ရွေးချယ်တင်မြှောက်ခဲ့တဲ့ ပြည်သူ့အစိုးရပီပီ ပြည်သူများအကြားမှာ တရင်းတနှီး ထိတွေ့အားပေး ပံ့ပိုးဖြည့်ဆည်း စောင့်ရှောက် ပေးနေပုံတွေကို MRTV ဖန်သားပြင်မှာ မြင်တွေ့ရတော့ အစိုးရနဲ့ ပြည်သူဆိုတဲ့ အဖြစ်မှန်နဲ့ ဘယ်ပန်းချီရေး မမီနိုင်တဲ့  မိဘမေတ္တာကို နားလည်ခံစားမိပြီး ရင်ထဲမှာ နွေးထွေးသွားခဲ့ရ ပါတယ်။
နိုင်ငံတော် သမ္မတကြီး အနေနဲ့ များပြားလှတဲ့ နိုင်ငံ့တာဝန်များ အကြားကနေ ရေဘေးသင့် ပြည်သူတွေကို ကိုယ်တိုင် တွေ့ဆုံအားပေး ပံ့ပိုးဆောင်ရွက် ပေးလိုတဲ့ မိဘသဖွယ် အရင်းခံ စိတ်ဓာတ်မျိုးနဲ့ အချိန်ယူပြီး မရောက်ရောက်အောင် သွားရောက်ခဲ့ခြင်း ဖြစ်တယ်လို့ နားလည် သဘောပေါက် မိပါတယ်။ ဒါ့အပြင် အတွေ့ အကြုံရင့်ကျက်ပြီး အမြော်အမြင် ကြီးမားသူပီပီ ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင် ရေးလုပ်ငန်းများ အတွက် ထိရောက်ကောင်းမွန်တဲ့၊ အမှန်တကယ် လိုအပ်တဲ့ လမ်းညွှန် ပံ့ပိုး ဆောင်ရွက်မှုတွေကိုလည်း ဆုံးဖြတ်ချမှတ် ပေးနိုင်ခဲ့ပါတယ်။ ဒေသအတွက်ရော၊ ဒေသခံပြည်သူများ အတွက်ပါ ထူးခြားပြီး အကျိုးကျေးဇူး ကြီးမားလှတဲ့ ခရီးစဉ် တစ်ရပ်ပဲ ဖြစ်ပါတယ်။
ဒီခရီးစဉ်ကို လိုက်ပါခွင့်ရတဲ့ ကျွန်တော့် အတွက်တော့ ပြောမပြနိုင် လောက်အောင် အကျိုးကျေးဇူး ကြီးမားလှသလို အခြေအနေအရ ကယ်ဆယ်ရေးစခန်းမှာ ရောက်ရှိနေကြပေမယ့် အပြုံးမပျက်ဘဲ တက်ကြွရှင်သန်နေတဲ့ ဒေသခံပြည်သူတွေရဲ့ အားမာန်များအတွက် အထူးပဲ လှိုက်လှဲဝမ်းသာ ပီတိဖြာခဲ့ရပါတယ်။ ပြည်တွင်းပြည်ပ မီဒီယာမျိုးစုံက တစ်ဖက်သတ် ပြောနေကြသလို ကူရာမဲ့၊ ကယ်ရာမဲ့ အတိဒုက္ခ ရောက်နေကြတဲ့ အနေအထားမျိုး မဟုတ်တဲ့အတွက်လည်း ပူပန်စိတ်တွေ ပပျောက်ပြီး စိတ်အေးခဲ့ရပါတယ်။ နိုင်ငံတော် သမ္မတကြီးနဲ့ ဒေသခံပြည်သူတွေ ရင်းရင်းနှီးနှီး နွေးနွေးထွေးထွေး လှိုက်လှိုက်လှဲလှဲ ပြောဆိုဆက်ဆံနေကြတဲ့ မြင်ကွင်းကို ကြည့်ရင်း နိုင်ငံတော်ရဲ့ လှပတဲ့အနာဂတ်ကို တွေ့မြင်နေရပြီလို့ ခံစားယုံကြည်မိပါတယ်။
သဘာဝဘေးကို လွန်ဆန်လို့၊ ရှောင်လွှဲလို့ မရနိုင်ဘူးဆိုတာ ကျွန်တော် ပြောခဲ့ပြီးပါပြီ။ သို့သော် တတ်နိုင်သမျှ ကာကွယ်လို့၊ ရှောင်ရှားလို့၊ ကြိုတင်ပြင်ဆင်လို့ ရနိုင်ပါတယ်။ အလားတူ ဖြစ်ပြီးတဲ့နောက်မှာ ကယ်ဆယ်ရေး လုပ်ငန်းတွေ၊ ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေနဲ့ အဘက်ဘက်က သက်သာရာရအောင် ပြန်လည်ကုစားကြရပါမယ်။ ယခုလည်း နိုင်ငံတော် သမ္မတကြီး ကိုယ်တိုင် ရေဘေးသင့် ပြည်သူတွေအတွက် အဘက်ဘက်က သက်သာရာရအောင် ကွင်းဆင်းကုသ ကုစားပေး နေခြင်းပဲဖြစ်ပါတယ်။ ပျက်ပြီးရင်ပြင် ရမှာပါ။ အသစ် တည်ဆောက်သင့်ရင်လည်း အသစ်တည်ဆောက် ကြရမှာပါ။ အဓိကကတော့ အပျက်အစီးပုံထဲမှာ ခေါင်းစိုက် မနေဘဲ ထကြွနိုးကြား အားမာန်အသစ်များနဲ့ ပြန်လည်ရုန်းထ ရှင်သန်တည်ဆောက် နိုင်ဖို့အရေးကြီး တာပါပဲ။ ဒါကို ဒေသခံပြည်သူတွေ သိမြင်နားလည် လက်ခံလာအောင် နိုင်ငံတော် သမ္မတကြီးက မီးမောင်းထိုးပြခဲ့ပါတယ်။ အထူးပဲ ကျေးဇူးတင်မိ ပါတယ်။
ပြည်တွင်းအားဟာ ပြည်တွင်းမှာပဲ ရှိပါတယ်။ နာဂစ်တို့၊ ဂီရိတို့ တုန်းကလည်း ပြည်တွင်းအားကိုပဲ အဓိကထားပြီး ပြန်လည် ရုန်းထရှင်သန် နိုင်ခဲ့တာ ဖြစ်ပါတယ်။ယခု လည်း အလားတူပါပဲ။ နိုင်ငံ တော်အပိုင်းက လဲနေသူ မကျန်ရအောင် ထူပေးနေပါပြီ။ စေတနာ၊ မေတ္တာနဲ့ ထူပေးနေချိန်မှာ ကာယကံရှင်က ထချင်စိတ်ရှိဖို့ပဲ လိုပါတယ်။ မိဘအရာဖြစ်တဲ့ နိုင်ငံတော် သမ္မတကြီးရဲ့ စေတနာ၊ မေတ္တာ၊အားပေး စောင့်ရှောက် လမ်းညွှန်မှုတွေနဲ့အတူ ဧရာမြစ် အနောက်ခြမ်း ပခုက္ကူ၊ မြိုင်၊ပေါက်၊ ဆိပ်ဖြူဒေသက ရေဘေးသင့် ပြည်သူများအားလုံး အချိန်တိုအတွင်း ပုံမှန်ဘဝများကို ပြန်လည်ထူထောင် တည်ဆောက် ရှင်သန်နိုင်ကြစေဖို့ ယုံကြည်မှု အပြည့်နဲ့ ဆန္ဒပြုပါတယ်။ ။
ကျော်ရဲမင်း
(၂၀၁၁ ခုနှစ် အောက်တိုဘာလ (၃၁) ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာ စာမျက်နှာ(၇) ဆောင်းပါးရှင်ကျော်ရဲလင်း၏ ဆောင်းပါးကို ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။)

0 ဦးကဆွေးနွေးသွားပါတယ်..

Отправить комментарий