ဒီကနေ့ နိုင်ငံရေး အခြေအနေကို လက်မခံနိုင်သေးသူ တွေကတော့ အာရပ်နွေဦးကို မြန်မာပြည်ကို တင်ပို့နိုင်ဖို့ ကြိုးစားနေကြတုန်းပဲ။ ဒါပေမယ့် အီဂျစ်လို၊ လစ်ဗျားလို ဖြစ်လာဖို့ ဆိုတာကတော့ အလှမ်းဝေးတယ်လို့ ဆိုရမှာပါ။ ဘာ့ကြောင့် မဖြစ်ရမှာလဲလို့ မေးလာရင်တော့
ပထမဆုံး အချက်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ နိုင်ငံရေးအရ ဆုံးဖြတ်မှု မှန်ကန်ခဲ့တဲ့ အတွက် ဖြစ်ပါတယ်။ ဒီလိုပြောတာကို ကြိုက်ချင်မှ ကြိုက်ပါမယ်။ ဒါပေမယ့် ဗိုလ်ချုပ်မှူးကြီး အနေနဲ့ အခြေခံ ဥပဒေအရ ပေါ်ပေါက်လာတဲ့ လွှတ်တော်နဲ့ အုပ်ချုပ်ရေး အဖွဲ့မှာသာ တစ်ချို့ ခန့်မှန်း ထားသလို ဆက်ပြီး အကြီးအကဲ တာဝန်ယူခဲ့မယ်၊ ဒါမှမဟုတ် အသစ်ပေါ်လာတဲ့ အစိုးရကို နောက်ကွယ်ကနေ ဆက်ပြီး ကြိုးကိုင်ကာ အရင် မူဝါဒတွေ အတိုင်းပဲ ဆက်ပြီး သွားနေမယ် ဆိုရင်တော့ လူထုအနေနဲ့ အပြောင်းအလဲတွေကို နအဖ ဆွဲတဲ့ အခြေခံဥပဒေ ဘောင်ထဲကနေ လုပ်လို့ မရနိုင် တော့ဘူးလို့ ယူဆသွားမှာ ဖြစ်ပါတယ်။ အဲဒီလို ထွက်ပေါက်ပိတ်တဲ့ စိတ်ခံစားမှုမျိုး ဖြစ်လာရင်တော့ လူထု အုံကြွမှုကြီး ဖြစ်လာ နိုင်တာပေါ့။
ဒါပေမယ့် အတိုက်အခံတွေ တွက်ဆနေတာနဲ့ ပြောင်းပြန်ဖြစ်အောင် ဗိုလ်ချုပ်မှူးကြီးက လုပ်ပြ သွားခဲ့ပါတယ်။ လီကွမ်းယူက နိုင်ငံရေး ခေါင်းဆောင် တစ်ဦးအတွက် အရေးအကြီးဆုံး အချက်က ဘယ်အချိန်မှာ ဇာတ်ခုံပေါ်က ဆင်းပေးရမယ် ဆိုတာကို သိဖို့ပဲလို့ ပြောပါတယ်။ အဲဒါက ဗြိတိန်နိုင်ငံမှာ မာဂရက်သက်ချာ သုံးကြိမ်မြောက် သက်တမ်းအတွက် ဝန်ကြီးချုပ် လုပ်ခဲ့ပြီးနောက် လူကြိုက်နည်းကာ သက်တမ်း အပြည့် မနေရပဲ ရာထူးက နှုတ်ထွက်ပေးရတဲ့ အဖြစ်နဲ့ ပတ်သက်ပြီး ပြောခဲ့တာ ဖြစ်ပေမယ့် သမိုင်း သင်ခန်းစာ တွေကို လေ့လာရင် နိုင်ငံခေါင်းဆောင် အားလုံးအတွက် မှန်တယ်လို့ ပြောရမှာပါ။
အခုလည်း ဗိုလ်ချုပ်မှူးကြီး အနေနဲ့ သူ့လုံခြုံရေးကို အာမခံနိုင်ဖို့နဲ့ တပ်မတော်ရဲ့ အခန်းကဏ္ဍကို တစ်စုံတစ်ရာ အရေးပါတဲ့ အခန်းကရှိအောင် ထိန်းထားနိုင်ဖို့ ဆိုတာ အာဏာကို လုံးဝ ချုပ်ကိုင်ထားတဲ့ နည်းလမ်းနဲ့ လုပ်လို့မရဘူး ဆိုတာကို မြင်ခဲ့ပြီး တဆင့်ပြီးတဆင့် ပြောင်းနိုင်ဖို့ အတွက် လုပ်သွားခဲ့တာ ဖြစ်ပါတယ်။ တနည်းအားဖြင့် Timing မှန်မှန် ရွေးသွားခဲ့တာ ဖြစ်ပါတယ်။ နောက်ပြီး သူ့ကို မကြိုက်ရင်တောင် အသိအမှတ် ပြုသင့်တဲ့ အချက်က မြန်မာနိုင်ငံမှာ လွတ်လပ်ရေး ရပြီးထဲက ပထမဆုံး အကြိမ် အဖြစ်နဲ့ ခေါင်းဆောင် တစ်ဦးက တစ်ဦး၊ စနစ်တစ်ခုက တစ်ခုကို အခြေခံ ဥပဒေအရ အေးအေးချမ်းချမ်းနဲ့ အာဏာလွှဲပြောင်း ပေးသွားခဲ့တယ် ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ တကယ်လို့ ဒေါ်အောင်ဆန်းစုကြည် တို့သာ ပါတီ မှတ်ပုံတင်ပြီး နိုင်ငံရေး ဖြစ်စဉ်ထဲမှာ ပြန်ပါလာပြီ ဆိုရင်တော့ သမ္မတ ဦးသိန်းစိန်ကိုသာ မကပဲ သမ္မတ ဦးသိန်းစိန်နဲ့ လက်ရှိခေါင်းဆောင်တွေကို လွတ်လွတ်လပ်လပ် လုပ်နိုင်အောင် လွှဲပေးခဲ့တဲ့ ဦးသန်းရွှေရဲ့ အခန်းကဏ္ဍ ကိုလည်း အသိအမှတ် ပြုရမှာ ဖြစ်ပါတယ်။
ဒုတိယအချက် အဖြစ် အသိအမှတ် ပြုရမယ့် သူတွေကတော့ အနောက် နိုင်ငံကရော၊ အင်န်အယ်လ်ဒီ ခေါင်းဆောင်တဲ့ အတိုက်အခံ များကပါ ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့ ပြောနေတဲ့ အချိန်မှာ လက်ရှိ အခြေခံဥပဒေ ဘောင်ထဲကို ဝင်ပြီး အပြောင်းအလဲတွေ လုပ်တာက လက်ရှိ အခြေအနေ အရ အဖြစ်နိုင်ဆုံး လမ်းကြောင်းပဲ၊ နိုင်ငံရေး ဆိုတာ ဖြစ်ချင်တာထက် ဖြစ်နိုင်တာကို လုပ်တာပဲလို့ မှန်မှန်ကန်ကန် သုံးသပ်ခဲ့တဲ့ နိုင်ငံရေး သမားများ၊ ဒီအယူအဆကို လူထုကို ရနိုင်သမျှ ချပြခဲ့တဲ့ မီဒီယာသမားများပဲ ဖြစ်ပါတယ်။ တကယ်တော့ ဒီလူတွေ အားလုံးဟာ နအဖ အောက်ဆွဲတွေ ဆိုပြီး တံဆိပ်အမျိုးမျိုး တပ်ခံရ၊ သစ္စာဖောက်အဖြစ် အပြောခံခဲ့ရတဲ့ ကြားက ရပ်တည်ခဲ့ရ သူတွေပါ။ (စကားချပ်။ အဲ မီဒီယာသမား ဆိုတဲ့ အထဲမှာ အစိုးရနဲ့ မပတ်သက်ဘဲ တကယ်ယုံကြည်လို့ ပြောဆိုခဲ့တဲ့ သူတွေကို ဆိုလိုတာပါ။ ပြန်ကြားရေးဝန်ကြီးဌာနကို ဖားပြီး ရွေးကောက်ပွဲကို လှုံ့ဆော် ပေးခဲ့သူတွေမပါပါဘူး။) အခုဖြစ်လာတဲ့ အပြောင်းအလဲ များက ဒီလူတွေ ဆုံးဖြတ်ချက် မှန်တယ်လို့ သက်သေပြခဲ့ပြီ ဖြစ်ပါတယ်။ သူတို့ဟာလည်း မှတ်တမ်း တင်ရမယ့် သူရဲကောင်းများ ဖြစ်ပါတယ်။ အခုလည်း ဒီလူတွေဟာ လွှတ်တော်တွင်း၊ လွှတ်တော် ပြင်ပကနေ လူထုရဲ့ လိုအပ်ချက် တွေကို နည်းမျိုးစုံနဲ့ ထုတ်ဖော်နေပြီး အရင်တုန်းကထက် စာရင် သူတို့ အသံကို လူထုကရော၊ အစိုးရပါ အလေးထားလာပြီ ဆိုတာကို တွေ့ရမှာ ဖြစ်ပါတယ်။
တတိယ အချက်ကတော့ လွှတ်တော်များရဲ့ အခန်းကဏ္ဍ ဖြစ်ပါတယ်။ ရွေးကောက်ပွဲ အပြီး ကြံ့ဖွံ့ပါတီက ပြည်ထောင်စု အဆင့် လွှတ်တော်နှစ်ခုမှာ ၈၀% ကျော်နိုင်ခဲ့တော့ လွှတ်တော်တွေဟာ လမ်းစဉ်ပါတီခေတ် လွှတ်တော်လိုပဲ အစိုးရ ပြောသမျှ အတည်ပြု ပေးခဲ့တဲ့ ရာဘာတံဆိပ်တုံးလွှတ်တော် ဖြစ်မှာပဲလို့ ပြောခဲ့ ကြတယ်။ တကယ် လက်တွေ့မှာတော့ လွှတ်တော် ဥက္ကဌ အဖြစ် တာဝန် ယူနေရတဲ့ ဦးရွှေမန်းနဲ့ ဦးခင်အောင်မြင့်တို့ဟာ လွှတ်တော်တွေကို အတိုင်းအတာ တစ်ခုအထိ အသက်ဝင်အောင်၊ အစိုးရ အုပ်ချုပ်ရေး ယန္တရားကို ထိန်းကျောင်းတဲ့ ယန္တရား ဖြစ်လာအောင် လုပ်ပြ သွားခဲ့ပါတယ်။ ဘာပဲပြောပြော လွှတ်တော်မှာ ပြောရေးဆိုခွင့် များလာတာနဲ့ အမျှ လူတွေက လွှတ်တော်နိုင်ငံရေးကို ပိုပြီး ယုံကြည်မှု ရှိလာမှာ ဖြစ်ပါတယ်။ အဲဒီလို မြင်လာရင် နိုင်ငံရေးအရ ပိုနိုးကြားလာပြီး နောက်လာမယ့် ရွေးကောက်ပွဲ များမှာ ကိုယ်စားလှယ်လောင်း တွေကို မဲပေးတဲ့ နေရာမှာ ပိုပြီး စိစိစစ်စစ် လုပ်လာမှာ သေချာပါတယ်။ အဲဒါဆိုရင် ကြိုတင်မဲကို လာတောင်းရင် ပြီးပြီးရော ပေးလိုက်တာမျိုးတွေ အတော် လျော့သွားမှာ ဖြစ်ပါတယ်။
နောက်ဆုံးနဲ့ အရေးအကြီးဆုံး အချက်ကတော့ သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည် ကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေးကို တည်ဆောက်နိုင်ခြင်းပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်နှစ်ဆယ်လုံးမှာ စစ်တပ်ဘက်က ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေး ဇာတ်ခုံပေါ်က ဖယ်ရှားနိုင်ဖို့ ကြိုးစားခဲ့ ပြီးတဲ့နောက် ဒါဟာ မဖြစ်နိုင်ဘူး ဆိုတဲ့ အရှိတရားကို လက်ခံလိုက်သလို ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ကလည်း လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြောင်းသွားအောင်၊ ဒါမှမဟုတ် ပျက်ပြယ် သွားအောင် အပြင်ဘက်ကနေ လုပ်နေလို့ မရနိုင်တော့ဘူး၊ ရခဲ့ရင်တောင် ဒါဟာ နာကျဉ်မှုတွေ အများကြီးနဲ့ ဖြစ်လိမ့်မယ် ဆိုတာကို လက်ခံလိုက်ပုံ ရပါတယ်။ ဒီပြောင်းလဲမှု နှစ်ခုကြောင့် အခုလို သင့်မြတ်ရေးလမ်းပေါ် စရောက်လာပြီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က မြန်မာနိုင်ငံမှာ အာရပ်နွေဦးလို လုပ်ဖို့ မလိုဘူး ဆိုတဲ့ သဘောထားကို ထုတ်ပြောလာတာ ဖြစ်ပါတယ်။
အဲဒီ အချက်လေးချက်ဟာ ငြိမ်းချမ်းစွာ အသွင် ကူးပြောင်းရေးအတွက် ပွင့်နေတဲ့ တံခါးများလို့ ဆိုရမှာပါ။ ဒီတံခါးများ ပွင့်နေ သရွေ့တော့ အာရပ်နွေဦးဟာ မြန်မာပြည် ရောက်လာမှာ မဟုတ်ပါဘူး။

0 ဦးကဆွေးနွေးသွားပါတယ်..

Отправить комментарий