တွေ့လားဗျာ .. တစ်တိုင်းပြည်လုံးကချစ်တာလည်းမပြောနဲ့ ၊ သူ့ကာရိုက်တာကိုရဘို့  နေနေသာသာ အပုံတစ်ရာပုံတစ်ပုံမှီတဲ့သူတွေ့ရင်ဘဲ  သူ့ကိုလူတော်လို့ပြောရမယ် 


ဗိုလ်ချုပ်အကြောင်းရိုက်မယ့်ရုပ်ရှင်
 
ခုတစ်လော လူပြောသူပြောများနေတဲ့အထဲမှာ ဗိုလ်ချုပ်အကြောင်း ရုပ်ရှင်ရိုက်ကြမည့်သတင်းသည် ထိပ်တန်းကပါလေ၏ ။ ဗိုလ်ချုပ်အကြောင်း သည် တစ်နည်းဆိုသော မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းပင် ဖြစ်သည် ။မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းမှ ဗိုလ်ချုပ်အောင်ဆန်း၏ အခန်းကဏ္ဍကို ရိုက်ကြတော့မည် ။ ကောင်းပါသည် ၊ ကြိုဆိုပါသည် ။

ဒီတစ်ခါ ခင်ဗျားတို့အလှည့်

ထူးခြားသည်က အရင်ကဒီလိုကားမျိုးကို အစိုးရက ဦးစီးပြီးရိုက်လေ့ရှိပါသည် ။ ထိုသို့ရိုက်လိုက်လေတိုင်း အစိုးရနှင့်ဆန့်ကျင်ဘက်အသွင်ဆောင်သူတို့က အမြဲတမ်းလိုလို ကန့်ကွက်မှုနှင့် ကြုံရလေသည် ။ အပြစ်ပြောကြလေသည် ။ ဒီတစ်ခါတော့ အပြစ်ပြောသူများက ဦးဆောင်ရိုက်မည့်အလှည့်ဖြစ်လေသည် ။ ကြည့်ကောင်းမည့်ပွဲတစ်ပွဲဖြစ်ပါသည် ။

တို့ဗိုလ်ချုပ်က ဇာတ်လိုက် သူတို့က ဗီလိန်

ဗိုလ်ချုပ်အကြောင်းရိုက်မည်ဆိုတော့ ဒီကားရဲ့အဓိကဇာတ်ကောင် ဟာ ကျွန်တော်တို့ မြန်မာတစ်မျိုးသား လုံးရဲ့ ဟီးရိုးကြီး ဗိုလ်ချုပ်အောင်ဆန်းပေါ့ ... ၊ ကောင်းလိုက်တာဗျာ ၊ ဒါပေမယ့် စိတ်ဝင်စားဘို့ကောင်းတာက ဗိုလ်ချုပ်ကို ခုလိုတစ်မျိုးသားလုံး ၊ တစ်တိုင်းတစ်ပြည်လုံးက ချစ်ခင်လေးစားလာအောင် တစ်နည်းအားဖြင့် ဗိုလ်ချုပ်ကိုနိုင်ငံကျော်ဇာတ်လိုက်ကြီး ဖြစ်အောင် တွန်းပို့ပေးရမယ့် တစ်ဘက်ဗီလိန်တွေက ဒီနေ့ဒီမိုကရေစီဘိုးအေ နိုင်ငံကြီးတွေဖြစ်နေတယ် ။ ဟာ..ဟ ကြည့်လို့ကောင်းလာပြီဗျာ ။  

ဇာတ်လမ်းသိပြီးသားရုပ်ရှင်

ဒီဇာတ်ကားရဲ့ အဓိကကျောရိုးက ဘာဖြစ်မလဲဆိုရင် ဗမာတွေ ကိုယ့်ထီးကိုယ့်နန်းနဲ့နေနေတာကို မဟုတ်တဲ့အကြောင်းပြချက်တွေနဲ့ အင်္ဂလိပ်က စစ်ပွဲ ၃ကြိမ်ဆင်နွှဲပြီး မတရားသိမ်းပိုက်ခဲ့ကြတယ် ။ မြန်မာတွေကို ဖိနှိပ်အုပ်ချုပ်ခဲ့ကြတယ် ၊ လူရာမသွင်းခဲ့ကြဘူး ၊ ဒီနေ့ခေတ်စကားနဲ့ ပြောရရင် လူ့အခွင့်အရေးတွေ အကြီးအကျယ်ချိုးဖေါက်ခဲ့ကြတယ် ၊ စစ်ရာဇ၀တ်မှုတွေ တစ်ပုံတစ်ပင် ကျူးလွန်ခဲ့ကြတယ် ၊ ဒါကြောင့် မြန်မာတစ်မျိုးသားလုံးက မကျေမနပ်ဖြစ်ပြီး သူ့နယ်အလိုက် အုံကြွခဲ့ကြတယ် ၊ အင်္ဂလိပ်က ဖိနှိပ်ဖြိုခွဲခဲ့တယ် ၊ တိုင်းရင်းသားခေါင်းဆောင်တွေကို ကြိုးပေးသတ်ခဲ့ကြတယ် ၊ ဒီနေ့လိုပြောရရင် ယုံကြည်ချက်ကြောင့် နိုင်ငံရေးလှုပ်ရှားသူတွေကို လက်နက်တွေနဲ့ နှိမ်နင်း သတ်ဖြတ်ခဲ့တယ် ၊ မြန်မာတွေသူတို့လက်ချက်နဲ့ အမြောက်အများသေခဲ့တယ် ။ တစ်ချိန်တည်းမှာပဲ နတ်မောက်နယ်မှာ လူငယ်လေးတစ်ဦးမွေးလာတယ် ၊ သူဟာငယ်ဘ၀ထဲက မဟုတ်မခံသူဖြစ်တယ် ၊ နယ်ချဲ့အစိုးရကို နည်းနည်းမှမကြိုက်ဘူး မျိုးချစ်စိတ်အလွန်ရှိသူဖြစ်တယ်  နောက်ပိုင်းမှာ ရန်ကုန်တက္ကသိုလ်ကျောင်း သားမောင်အောင်ဆန်း ၊ နောက်သခင်အောင်ဆန်း အဲဒီကနေ နောက်ဆုံးဗိုလ်ချုပ်အောင်ဆန်းဖြစ်လာပြီး ဘ၀တစ်လျောက်လုံးမှာ နယ်ချဲ့အစိုးရကို နည်းမျိုးစုံနဲ့ တော်လှန်ခဲ့တယ် ၊ဒီကြားထဲမှာ ဖက်ဆစ်ဂျပန်ဝင်လာတာရှိတယ် ၊ဒါကိုလဲသူပဲခေါင်းဆောင်ပြီးမောင်းထုတ်လိုက်ရတယ် ၊  နောက်ဆုံးမှာ အင်္ဂလိပ်က လွတ်လပ်ရေးပေးမယ်လုပ်တယ်  ၊ဒီမှာတစ်ခါ တောင်တန်းဒေသတွေကို ချန်ထားဘို့ ကလိမ်ကကျစ်လုပ်ပြန်တယ် ၊ ဒါနဲ့ပင်လုံညီလာခံကိုလုပ်ရပြန်တယ် ၊ နောက်ဆုံးမှာမှလွတ်လပ်ရေးရတယ် ၊ မရခင်လေးမှာပဲ အင်္ဂလိပ်က တစ်ဖက်လှည့်နဲ့လုပ်ကြံလိုက်လို့ ဗိုလ်ချုပ်နဲ့တစ်ကွ အာဇာနည်ခေါင်းဆောင်ကြီးတွေ ကျဆုံးခဲ့ရတယ် ဒါပေမယ့်နောက်ဆုံးမှာ ဗိုလ်ချုပ်ရဲ့ ကြိုးစားမှုအသီးအပွင့်အဖြစ် မြန်မာပြည်ကြီး လွတ်လပ်ရေးရသွားလေသတည်း ဆိုတာမျိုးဖြစ်တယ် ။

အထက်မြန်မာပြည်က မြန်မာတွေကိုဖမ်းပြီး ဗြိတိသျှအစိုးရပိုင် ဧရာဝတီသင်္ဘောနဲ့ အောက်ပြည်ကိုပို့နေတဲ့ပုံ





 သူတို့သမိုင်းအမဲစက် အထိမခံကြ

ဒီနေ့ဒီမိုကရေစီထွန်းကားပါတယ်ဆိုတဲ့နိုင်ငံကြီးတွေက သူတို့အကောင်း သူများမကောင်းရိုက်ရင် လက်ခံတယ် ၊ သူတို့မကောင်း သူများအကောင်းရိုက်ရင် လုံးဝလက်မခံပါဘူး ၊ ရိုက်လည်းမရိုက်ရပါဘူး ၊ ရိုက်တဲ့လူကိုလည်း သွားမကူရပါဘူး ၊ သံရုံးတွေကိုက အပြင်းအထန်ကန့်ကွက်ပါတယ် ၊ ဥပမာတစ်ခုအနေနဲ့ ၊ သူ့ကျွန်မခံပြီရိုက်တုန်းက အင်္ဂလိပ်တွေအခန်းကသရုပ်ဆောင်ဘို့ သက်ဆိုင်ရာက ပြည်တွင်းမှာရှိတဲ့ အင်္ဂလိပ်လူမျိုးတစ်ချို့ကို အကူအညီသွားတောင်းဘူးပါတယ် ၊ ကာယကံရှင်တွေကကူညီပေမယ့် သက်ဆိုင်ရာသံရုံးက နောက်ကလိုက်ပြီးကန့်ကွက်တဲ့အတွက် ပျက်သွားရပါတယ် ၊အဲဒီတုန်းက ဒါရိုက်တာလုပ်ခဲ့သူကြီးတွေ သက်ရှိထင်ရှားရှိပါသေးတယ် ။သမိုင်းကို အမှန်အတိုင်းရိုက်မယ် ဆိုရင် ဒီမိုကရေစီနိုင်ငံတွေကလည်း လက်မခံပါဘူး ဒါကြောင့်လဲ အမေရိကန်နဲ့အီရတ်ဖြစ်ခဲ့တဲ့ ကန္တာရမုန်တိုင်းစစ်ပွဲနောက်ခံ ကားတွေကိုကြည့် အမေရိကန်အကောင်း အီရတ်မကောင်းတွေချည်းပဲ အမှန်က သူတို့ကသွားကျူးကျော်တာ ၊ ထားလိုက်တော့ နောက်တစ်ခုကြည့် အမေရိကန်နဲ့ ဗီယက်နမ်စစ်ပွဲနောက်ခံကားတွေကြည့် အမေရိကန်အကောင်း ဗီယက်နမ်တွေမကောင်း သူတို့အနိုင် ဗီယက်နမ်တွေရှုံးတွေပဲကြည့်နေရတယ် တစ်ကယ်က သူတို့ကဗီယက်နမ်တွေကို သွားကျူးကျော်တာ ၊ ဗီယက်နမ်မြေမှာစိုက်လို့ပျိုးလို့မရအောင် ဓါတုဗေဒဆေးတွေကြဲချခဲ့တာ ဗီယက်နမ်လူမျိုးတွေကိုအမျိုးစုံနှိပ်စက်ခဲ့ကြတာ နောက် ဗီယက်ကောင်းတပ်တွေက နည်းပေါင်းစုံနဲ့ ပြန်တိုက်လို့ သူတို့ရှုံးသွားတာ ဒါပေမယ့် ရုပ်ရှင်မှာတော့ ပြောင်းပြန်ပဲကြည့်နေရတယ် ။ ဒါဘာကိုပြနေသလဲဆိုရင် မီဒီယာအင်အားကြီးတဲ့ သူတွေက ပြောင်လိမ်ပြောင်စားလုပ်ထားတာကို ငယ်တဲ့သူတွေခံနေရတယ်ဆိုတာပြနေတာပါဘဲ ။ မြန်မာထဲက နှာခေါင်းချွန်တဲ့သူတွေကို ရွေးပြီး " မောင်မင်းတို့ ...." ဆိုပြီး အင်္ဂလိပ်အဖြစ်သရုပ်ဆောင်ခိုင်းတဲ့ခေတ်က ကုန်ပါပြီ ။ စိန်ခေါ်မှုက သရုပ်ဆောင်ရှာတဲ့နေရာမှာတင်စပါပြီ ။
ဒေါက်တာဆိတ်ဖွား

0 ဦးကဆွေးနွေးသွားပါတယ်..

Отправить комментарий