မြစ်ကြီးနား  မေ ၂
          ကချင်လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ဒီရက်ပိုင်းအတွင်း ပြည်သူလူထုတွေအပေါ်မှာ နိုင့်ထက်စီးနင်းလုပ်ရပ် တွေ ပိုမိုများပြားလာနေပါတယ်။ ဒီလိုဖြစ်လာရတဲ့အကြောင်းတွေမှာ KIA တပ်ဖွဲ့ဝင်တွေ အစုလိုက်အပြုံလိုက်အစိုးရ ထံအလင်းဝင်ရောက်မှုတွေရှိနေတာရယ်၊ အစိုးရနဲ့လုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေးအောင်မြင်မှုမရှိတာတွေကြောင့် အခုဆိုရင် KIA ဟာဒေသခံပြည်သူတွေအပေါ် ဖိနှိပ်မှုတွေပိုပြီးလုပ်ဆောင်နေတာဖြစ်တယ်လို့ လေ့လာသူတွေက ပြောဆိုနေ ပါတယ်။အစိုးရနဲ့ဆွေးနွေးပွဲတွေအောင်မြင်မှုမရတဲ့အတွက် ကချင်လူထုရဲ့စိတ်ထဲမှာ မချင့်မရဲခံစား နေရပါတယ်။ နှစ်ပေါင်း (၆၀)ကျော် တော်လှန်ရေးလုပ်နေတဲ့ ကရင်အမျိုးသားတွေတောင် ငြိမ်းချမ်းရေး အောင်မြင်အောင်လုပ်နိုင်ရက်နဲ့ကချင် ပြည်နယ်မှာ အောင်မြင်မှုမရတာဟာ KIO/KIA ခေါင်းဆောင်တွေကြောင့် ဆိုတာသိသာထင်ရှားနေပါတယ်။
          ဒါကြောင့်လဲ KIA တပ်ဖွဲ့ဝင်တွေ အခွင့်သင့်ရင်သင့်သလို အစိုးရထံအလင်းဝင်ရောက် နေကြတာဖြစ်ပါတယ်။ ကချင် တပ်တွေမှာအင်အားလျော့နဲနေမှုတွေ ဖြည့်ဆည်းဖို့ အဓမ္မလူသစ်စုဆောင်းတာတွေ လုပ်ဆောင်နေရပါတယ်။ ငွေကြေးရရှိဖို့ အတွက်လဲကုမ္ပဏီတွေ၊လုပ်ငန်းရှင်တွေနဲ့ ခရီးသွားလာနေတဲ့သူတွေဆီကနေ မရရတဲ့နည်းနဲ့ လုယက် တောင်းခံနေရပါတယ်။ ဒီခြားထဲမှာ KIAဆိုတာနဲ့ ပြည်သူတွေဖိန့်ဖိန့်တုန်အောင် ကြောက်နေဖို့ မိုင်းထောင်ဖောက်ခွဲမှုတွေ ပိုပြီးလုပ်နေပါတယ်။ အရင်တုန်းကလူသစ်စုတာ၊ ငွေတောင်းတာ၊ မိုင်းခွဲတာ၊ ခြုံခိုတိုက်တာလောက်ပဲရှိခဲ့ပေမဲ့ အခုခါမှာတော့ ပြန်ပေးဆွဲတဲ့ လုပ်ငန်း၊ လူကုန်ကူးတဲ့လုပ်ငန်းတွေပါ တိုးချဲ့လုပ်နေပါတယ်။





အတင်းအဓမ္မလူသစ်စုပြီး မုဆန်ယန်မှာသင်တန်းပေးနေပုံ
          ဧပြီလ ၂၄ ရက်နေ့ကမြစ်ကြီးနားပူတာအိုလမ်းမှာသွားလာနေတဲ့ ဆိုင်ကယ်တွေ၊ကားတွေကိုရပ်ပြီးလူတွေဖမ်း၊ ငွေတွေယူလုပ်ခဲ့ပါတယ်။အဲဒီနေ့ကခရီးသွားတဲ့လူ(၄၅)ဦးကိုဖမ်းထားပြီး အဲဒီမှာပါတဲ့အသက်၁၈နဲ့၂၀ကြား ကောင်မ လေး(၅)ယောက်ကိုခေါ်သွားခဲ့ပါတယ်။ ဧပြီလ ၂၈ ရက်နေ့မှာ ၀ိုင်းမော်မြို့နယ်၊ ဆဒုံးမြို့နယ်ခွဲမှာရှိတဲ့ အုပ်ချုပ်ရေးမှူးရုံး ကို ကချင်တပ်ဖွဲ့တွေဝင် ပစ်လိုက်လို့ မြို့နယ်ခွဲအုပ်ချုပ်ရေးမှူး ဦးခင်မောင်စန်းနဲ့(၄)ဦးသေဆုံးသွားပါတယ်။ဝန်ထမ်း(၃)ဦး ကိုလဲဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ ဧပြီလ ၂၉ ရက်နေ့ကလဲ မိုးကောင်းမှာရှိတဲ့ ကားဂိတ်ကဂိတ်မှူးတွေကိုဖမ်းဆီး ခေါ်ဆောင်သွားပြီး ဂိတ်မှူးတွေကို ဂိတ်တစ်ဂိတ်ကို(၈)သိန်း ပေးနိုင်တဲ့သူမှ ပြန်လွှတ်ပေးခဲ့ပါတယ်။အဲဒီနေ့မှာပဲ မိုးညှင်းမြို့နယ်၊ နန်းပေါင် ချောင်းဖျား ရွှေမှော်မှာအလုပ်လုပ်နေတဲ့လူငယ်(၃၀)ကျော်ကိုဖမ်းပြီးခေါ်ဆောင်သွားပြီး KIA တပ်ဖွဲ့ဝင် လုပ်ခိုင်းပါတယ်။
 





          ကချင်ဒေသခံတွေသွားလာမှုခက်ခဲပြီး ကုန်ဈေးနှုန်းတွေကြီးမြင့်နေရင် အစိုးရအပေါ်မကောင်းမြင်လာကြမှာ ဖြစ်ပါတယ်။ အဲဒီလိုဖြစ်အောင် ကချင်လက်နက်ကိုင်တွေအနေနဲ့ ဧပြီ ၂၉ ရက်နေ့က နန့်စီးအောင်နဲ့မြစ်ကြီးနားအကြား မှာ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့လို့ မန္တလေး မြစ်ကြီးနားရထားမှာပါလာတဲ့သူတွေ တော်တော်လေးသေသွားပါတယ်။ မေလ ၁ ရက်နေ့မှာလဲ ဆားမှော်ဘူတာနဲ့ ၁မိုင်အကွာမှာ မီးရထားသံလမ်းကို (၂)ကြိမ်တိုင်တိုင်မိုင်းခွဲဖျက်ဆီးခဲ့ပါတယ်။ အဲဒီနေရာတစ်ဝိုက်မှာ မပေါက်ကွဲသေးတဲ့ မိုင်းတွေလဲရှာတွေ့ခဲ့ပါသေးတယ်။
 





         
ကချင်လက်နက်ကိုင်တွေအနေနဲ့ ကချင်ပြည်နယ်နေရာအနှံ့မှာ အဖျက်လုပ်ငန်းတွေပိုပြီး လုပ်ဆောင်နိုင်ဖို့အ တွက် မော်တော်ဆိုင်ကယ်တွေနဲ့ ခရီးသည်ဟန်ဆောင်ပြီး လက်နက်ငယ်တွေပို့ဆောင်နေပါတယ်။ မေလ၁ရက်နေ့က မန်စီမြို့နယ် မဲခေါင်ရွာအနီးမှာ မော်တော်ဆိုင်ကယ်တစ်စီးကို စစ်ဆေးတဲ့အခါ ရပ်မပြေးဘဲမောင်းထွက်သွားတဲ့အတွက် လိုက်လံဖမ်းဆီးခဲ့ရပါတယ်။အဲဒီမှာ ပစ္စတိုသေနတ်၂လက်၊ကျည် (၁၁)တောင့်၊တရုတ်ဖုန်း(၁)လုံး၊မိုင်းနဲ့ဆက်စပ်ပစ္စည်း တွေ သိမ်းဆည်းရမိခဲ့ပါတယ်။ မော်တော်ဆိုင်ကယ်မောင်းတဲ့သူဟာ KIAတပ်ဖွဲ့က တပ်ကြပ်ကြီးဘရန်ဂျာဖြစ်ပြီး KIA ဗဟိုက ခေါင်းဆောင်တွေရဲ့စေခိုင်းချက်နဲ့ မြို့ပေါ်နေ ပြည်သူလူထုအား မိုင်းထောင်ပေါက်ခွဲရန် လုပ်နေတယ်ဆိုတာ လက်တွေ့သာဓကတစ်ခုဘဲလို့ဒေသခံတွေကပြောပါတယ်။


          KIA အနေနဲ့ အစိုးရတပ်တွေအပေါ်မှာတိုက်ပွဲကြီးတွေ ဖန်တီးတိုက်ခိုက်ဖို့ပြင်ဆင်နေသလို ဒေသခံပြည်သူတွေ အပေါ်မှာလဲ အကြောက်တရားနဲ့အနိုင်ကျင့် လုပ်ဆောင်နေပါတယ်။အစိုးရကြောင့် ဒုက္ခသည်တွေများလာတယ်ဆိုတဲ့ အဖြစ်မျိုးဖြစ်လာအောင် ရွာတွေမှာရှိနေတဲ့ ဒေသခံတွေကို ပြောင်းရွှေ့ခိုင်းနေပါတယ်။ ကဆုန်းခကျေးရွာမှာနေတဲ့ အိမ်ထောင်စု(၁၁)စု လူဦးရေ(၇၄)ဦးကို နမ္မတီးမှာသွားရောက်နေထိုင်ခိုင်းခဲ့ပါတယ်။ အလားတူ အခြားရွာ တော်တော် များများကိုလဲ အတင်းအကြပ်ပြောင်းရွှေ့ခိုင်းနေပါတယ်။ ရွာတွေကနေလစဉ် မပေးမနေရ ပေးနေရတဲ့ငွေကိုလဲ ရွာသားတွေရဲ့ သဘောဆန္ခအတိုင်းပေးတာဖြစ်တယ်လို့ KIA ကပြောခိုင်းထားပါတယ်။
          KIA တပ်မဟာ(၂)က တပ်မဟာမှူးဒါရှီဘရနန်က သူ့ရဲ့အောက်မှာရှိတဲ့တပ်တွေအနေနဲ့ တနိုင်း-နမ္မတီးကားလမ်းနဲ့ယင်းနယ်မြေအတွင်းမှာ လှုပ်ရှးနေတဲ့ အစိုးရတပ်တွေကို အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ဖို့ ညွန်ကြားထားတဲ့အတွက် KIA ငယ်သားတွေအနေနဲ့ စစ်မတိုက်ဘဲ အစိုးရထံမှာလက်နက်ချဖို့ပြင်ဆင်နေပါတယ်။ ခုခါမှာတော့ ချီဗွေရေအားလျှပ်စစ်မှာလုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသားတွေလဲ KIAရဲ့နှိပ်စက်မှုဒဏ်မခံနိုင်လို့ တရုတ်ပြည်ဘက်ကိုပြန်လည်ရွှေ့ပြောင်းနေကြပါတယ်။





KIAအကြမ်းဖက်အဖွဲ့အနေနဲ့ အစိုးရနဲ့ငြိမ်းချမ်းရေးဟန်ပြလုပ်ပြီး အမြတ်ထုတ်ဖို့ကြိုးစားခဲ့ပေမယ့် နိုင်ငံတော် သမ္မတကိုယ်တိုင်က အစစအရာရာလိုက်လျောမှုတွေကြောင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲပျက်ပြားနေတာဟာ KIA ကြောင့်ဆိုတာ သိသာထင်ရှားနေပါတယ်။ဒါပေမဲ့KIAဘက်ကတော့ အစိုးရကြောင့် ငြိမ်းချမ်းရေးပျက်ရတာလို့ သတင်းလွှင့်ထားပြီး ကချင်ပြည်နယ်မှာရှိနေတဲ့ အစိုးရ၀န်ထမ်းတွေကို ဖမ်းဆီးသတ်ဖြတ်မှုတွေလုပ်ဆောင်နေပါတယ်။ ကချင်ပြည်နယ်တည်ငြိမ်မှုမရှိအောင် မိုင်းထောင်ဖျက်ဆီးမှုတွေ အရင်ကလိုပဲ ပြန်လုပ်နေပါတယ်။
ဒီလိုမျိုးလုပ်နေတာတွေဟာ ပြည်သူအပေါ်သက်သက်မဲ့ လက်နက်အားကိုးအနိုင်ကျင့်နေတာဖြစ်ပါတယ်။KIA အကြမ်းဖက်အဖွဲ့အနေနဲ့ ၀န်ထမ်းတွေကိုသတ်၊ ရွာသားတွေဖမ်း၊ မိန်းမလေးတွေကို မုဒိန်းကျင့်၊ ကိုယ့်လူမျိုး အချင်းချင်းဖြစ်တဲ့ အင်အားနည်းတဲ့ နယ်ခြားစောင့်တပ်တွေကိုတိုက်ခိုက်၊ ရထားလမ်း ကားလမ်းတွေကို မိုင်းထောင်လုပ်နေမဲ့အစား အစိုးရတပ် စခန်းရှိတဲ့နေရာတွေကိုသွားပြီး သူပစ်ကိုယ်ပစ်တိုက်ခိုက်တာဟာ KIAအတွက်အသင့်တော်ဆုံး လုပ်ရပ်တစ်ခု ဖြစ်ပါ လိမ့်မယ်။ အစိုးရဘက်က တဖက်သတ် အပစ်ရပ်ထားတဲ့အပေါ်မှာ အခွင့်ကောင်းယူပြီး ထင်တိုင်းကြဲနေတဲ့ KIA ကြောင့် ကချင်ပြည်နယ်လူထုတစ်ရပ်လုံးက တစ်နေ့တစ်ခြား မခံမရပ်နိုင်ဖြစ်နေကြတယ်လို့ သိရှိရပါတယ်။

0 ဦးကဆွေးနွေးသွားပါတယ်..

Отправить комментарий