ကေအိုင်အေအဖွဲ့၏ တပ်မဟာ(၃)လက်အောက်ခံ တပ်ရင်း(၁၅)နှင့် ဘွန်ဆင်(န်) BumSen စခန်းမှ စတင်ကာ ၂၀၁၁ခုနှစ်၊ ဇွန်လ(၉)ရက်နေ့တွင် မြန်မာအစိုးရတပ်များနှင့် KIA အဖွဲ့များ ကချင်ပြည်နယ်အတွင်း စစ်ပွဲများ စတင်ဖြစ်ပွားခဲ့ကြပါတယ်။ ကချင်ပြည်နယ်အတွင်း ဒေသတည်ငြိမ်အေးချမ်းရေး ဆောင်ရွက်နိုင်ရန် အတွက် (၁၆-၆-၂၀၁၁) ရက်နေ့တွင် လိုင်ဇာမြို့၌ ပထမဆုံးအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြ ပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေး မှုများအား တွေ့ဆုံဆွေးနွေးခြင်း(၃)ကြိမ်၊ စာဖြင့် အပြန်အလှန် ဆက်သွယ်ပေးပို့ ခြင်း (၂၁) ကြိမ်ကျော် ပြုလုပ်ခဲ့ကြရာ နိုင်ငံတော်အစိုးရအနေဖြင့် KIOအဖွဲ့(ညှိနှိုင်းရေးအဖွဲ့)၏ တောင်းဆိုချက် များအား အတတ်နိုင်ဆုံးလိုက်လျောပေးခဲ့သော်လည်း KIO အဖွဲ့အနေဖြင့် ပြင်ဆင်ချက်များ ထပ်မံပြုလုပ်ခြင်း၊ တစ်ဆင့်ပြီးတစ်ဆင့် ထပ်မံဖြည့်စွက်ပြောင်းလဲ အကြောင်းပြန်စာများပေးပို့ကာ ငြိမ်းချမ်းရေးရယူရန် ရှောင်လွှဲ လာခဲ့ကြပါသည်။

ယခုအချိန်သည် ကချင်လွတ်မြောက်ရေး တပ်ဖွဲ့(KIA)အဖွဲ့ အနေဖြင့် နိုင်ငံတော် အစိုးရနှင့်ငြိမ်း ချမ်းရေး ဆွေးနွေးမှု များပြုလုပ်ကာ ပြည်နယ်ဖွံ့ဖြိုး တိုးတက်ကောင်းစားရေးအား အစိုးရနှင့် လက်တွဲပြုလုပ်ရန် အကောင်း ဆုံးအချိန်ပင် ဖြစ်ပါသည်။ နိုင်ငံတော်အစိုးရအနေဖြင့် အခြားတိုင်းရင်းသား လက်နက် ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေး ကမ်းလှမ်းမှုများပြုလုပ် ကာ ဆွေးနွေး ပွဲများဖြင့် အနှစ်(၆၀)ကျော် လက်နက်ကိုင်တော်လှန်ခဲ့သော KNU ကရင်အမျိုးသားအစည်းအရုံးနှင့် ပြီးခဲ့သော ဇန်န၀ါရီလ (၁၂)ရက်နေ့တွင်၎င်း ၊ ဇန်န၀ါရီလ(၁၆)ရက်နေ့တွင် ရှမ်းပြည်တပ်မတော်တောင်ပိုင်း(SSA(s)) အဖွဲ့တို့နှင့် သဘောတူ လက်မှတ်ရေးထိုးကာ ဇန်န၀ါရီလ(၆)ရက်နေ့ တွင် (CNF) ချင်းအမျိုးသားတပ်ဦးနှင့် သဘောတူ လက်မှတ်ရေးထိုးခဲ့ပါသည်။ 

(ALP) ရခိုင်လွတ်မြောက်ရေးပါတီအား ဇန်န၀ါရီလ ၊ (၂၃)ရက်နေ့တွင် အစိုးရဘက်မှ ပြည်ထောင်စု အဆင့်ငြိမ်းချမ်းရေးဆွေးနွေးရန် ကမ်းလှမ်းခဲ့ပြီး ရခိုင် လွတ်မြောက်ရေး ပါတီဘက်မှလည်း ကြိုဆိုကြောင်းနှင့် မကြာခင် ငြိမ်းချမ်းရေး အကြောင်းပြန်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ PNLO(ပအို့ဝ်အမျိုးသား လွတ်မြောက် ရေးအဖွဲ့ချုပ်)သည်လည်း အစိုးရနှင့်ဆွေးနွေးရန် အဖွဲ့ဝင်(၅)ဦးပါဝင်သော ငြိမ်းချမ်းရေးအဖွဲ့ကို ဖွဲ့စည်းထားပြီး ဖြစ်ကြောင်း ဥက္ကဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာမှ အတိအလင်းပြောကြားခဲ့ပြီး နိုင်ငံတော်သမ္မတ၏ ကိုယ်စားလှယ် ရထားဝန်ကြီး ဦးအောင်မင်းနှင့်  ဖေဖော်ဝါရီလ ထဲတွင် ဆွေးနွေးနိုင် ရန် ပြင် ဆင်နေပြီဖြစ် ပါသည်။ နိုင်ငံတော် အစိုးရအနေဖြင့် ငြိမ်းချမ်းရေး ရယူနိုင်ခြင်းမရှိသေးသည့် တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့(၁၁)ဖွဲ့လုံးနှင့် ထိတွေ့ ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ခဲ့ပြီး အဖွဲ့(၆)ဖွဲ့နှင့် အခြေခံသဘောတူညီမှုများကို လက်မှတ်ရေးထိုး ဆောင်ရွက်ခဲ့ ပါသည်။ 

ကျန်အဖွဲ့(၅)ဖွဲ့နှင့်လည်း ငြိမ်းချမ်းရေးဆွေးနွေးမှုများပြုလုပ်ကာ သဘောတူလက်မှတ်ရေးထိုး မှုများ ပြုလုပ်နေ ချိန်တွင် ကျွန်တော်တို့ ကချင်ဒေသခံပြည်သူများအတွက် ကချင်ပြည်နယ်အားကိုယ်စားပြုကာ တိုက်ပွဲ ၀င်နေသည်ဟု ကြွေးကြော်နေသော KIA အဖွဲ့အနေဖြင့် ဒေသခံပြည်သူလူထုများ၏ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ ပြည်နယ်ဖွံ့ဖြိုးတိုးတက်မှု ရပ်စဲဆုတ်ယုတ်နေသည်များအား မသိကျိုးကျွံပြုကာ ငြိမ်းချမ်းရေး ဆွေးနွေးမှုများ အား ရှောင်လွဲမှု အကြိမ်ကြိမ် ပြုလုပ်နေခဲ့ပါသည်။ ယခုနောက်ဆုံးအကြိမ် လိုင်ဇာမြို့၌ ဇန်န၀ါရီ (၁၈)ရက်နေ့ နှင့် (၁၉)ရက်နေ့တွင် ဆွေးနွေးပွဲပြုလုပ်ခဲ့သော်လည်း ငြိမ်းချမ်းရေးကို အဆုံးအဖြတ် ပေးနိုင်သော KIA ခေါင်းဆောင်ကြီးများမပါဝင်ဘဲ မြန်မာစစ်တပ်များ၏ ထိုးစစ်ဆင်မှုများ အား ခေတ္တရပ်တန့်စေလိုသော ရည်ရွယ်ချက်ဖြင့်သာ ငြိမ်းချမ်းရေးဆွေးနွေးမှုအား ဟန်ပြလုပ်ဆောင် ခဲ့ခြင်းဖြစ်ပါသည်။


ကချင်ပြည်နယ်အတွင်း ယခင်းအစိုးရတည်ဆောက်ပေးခဲ့သော လမ်းများ၊တံတားများကြောင့် ပြည်သူများ သွားလာမှုနှင့် ရောင်းဝယ်ဖောက်ကားရာတွင် လွယ်ကူအဆင်ပြေခဲ့ပါသည်။ သို့သော် မြန်မာအစိုးရစစ်တပ်နှင့် KIA အဖွဲ့တို့ တိုက်ပွဲများဖြစ်ပွားနေသည့်အချိန်မှစ၍ စစ်ရေး အကြောင်းပြချက်ဖြင့် လမ်းများ၊တံတားများအား ဖျက်ဆီး ပစ်ခြင်းသည် ပြည်နယ် အတွက် ကြီးမားသော ဆုံးရှုံးမှုများပင်ဖြစ်ပါသည်။ ကေအိုင်အေအဖွဲ့သည် ဇန်န၀ါရီလ(၁၇)ရက်နေ့အထိ တံတားမိုင်းခွဲသော အကြိမ်ပေါင်း (၁၁၃)ကြိမ်၊ ကားလမ်းမိုင်းခွဲသော အကြိမ်ပေါင်း (၁၅)ကြိမ်၊ မီးရထားလမ်းမိုင်းခွဲသော အကြိမ်ပေါင်း(၂၃)ကြိမ် ပြုလုပ်ခဲ့သည်ကို ပြည်နယ်အစိုးရ၏မှတ်တမ်းများ အရ သိရှိရပါသည်။

KIA အဖွဲ့၏ ဖောက်ခွဲဖျက်ဆီးမှုများအား သိရှိမြင်သာစေရန် တင်ပြရမည်ဆိုလျှင်-
          ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ (၁၈)ရက်နေ့တွင် မိုးကောင်းမြို့နယ်၊ ထိုးပူနှင့်ဆားမှော်အကြား မိုင်တိုင်အမှတ် ၆၇၈/၁၁ နှင့် ၁၂ ကြားတွင် ကေအိုင်အေအဖွဲ့မှ ရထားလမ်းအား မိုင်းထောင်ဖောက်ခွဲခဲ့ကြပါသည်။ KIA အဖွဲ့ သည် မြန်မာ  အစိုးရ   စစ်တပ်မှ ဖောက်ခွဲဖျက်ဆီးခြင်းဖြစ်သည်ဟု သတင်းအမှား များထုတ်လွှင့်ကာ ပြောဆိုခဲ့သော် လည်း ဖောက်ခွဲမှုကြောင့် ရထာလမ်းဘေးတွင် သေဆုံးနေသော  KIA ယူနီဖောင်းဝတ် စစ်သားနှစ်ဦးမှာ KIA အဖွဲ့၏ လုပ်ရပ်ဖြစ်ကြောင်း ပြည်သူများ မြင်တွေ့နိုင်ရန် ထာဝရဘုရားသခင်မှ ဒဏ်ခတ်ခဲ့ခြင်းပင်ဖြစ်ပါသည်။

ရထားလမ်းဘေးတွင် သေဆုံးနေသော
KIA ယူနီဖောင်းဝတ် စစ်သားနှစ်ဦး 
၂၀၁၁ ခုနှစ် ၊ နိုဝင်ဘာလ (၅)ရက်နေ့တွင် မိုးကောင်း- မန္တလေးသွား မီးရထားလမ်းအား KIA အဖွဲ့မှ မိုင်းထောင်ဖျက်ဆီးခဲ့ပါသည်။ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂမ်ရှောင်ကိုယ်တိုင်မှ “KIA တပ်တွေအနေနဲ့ မြန်မာအစိုးရ စစ်တပ်များအား စစ်ရေးအရှိန်မြင့်တင်ရုံမကဘဲ အရင်ကထက် ပြင်းထန်သော ဖောက်ခွဲ  ဖျက်ဆီးရေး  လုပ်ငန်းများ အား တိုးမြှင့်  လုပ်ဆောင်သွားရန်” ညွှန်ကြားချက် ထုတ်ပြန်ခဲ့ပါသည်။

 
KIA အဖွဲ့မှ မိုင်းထောင်ဖျက်ဆီးခဲ့သော မိုးကောင်း- မန္တလေးသွား မီးရထားလမ်း

မြန်မာအစိုးရစစ်တပ်များ သွားလာရာ လမ်းကြောင်းများတွင် ထိခိုက် ဆုံးရှုံးမှု များဖြစ်ပေါ်စေရန် မိုင်းထောင် ခြင်းများ ပြုလုပ်  ထား ရှိသော်လည်း အမှန် တကယ် ထိခိုက်သူများမှာ ပြည်နယ် အတွင်း ရိုးသားစွာ လုပ်ကိုင် စား သောက်နေကြသော ဒေသခံပြည်သူ များပင် ဖြစ်ပါ သည်။ (၂၆-၁၁-၂၀၁၁)ရက်နေ့တွင် ကာမိုင်း-မအူပင် (၆)မိုင် ဖြတ်လမ်းဘေးတွင် ကေအိုင်အေ အဖွဲ့မှ ထောင်ထားသော   မိုင်းအား နင်းမိ၍ ခြေထောက်ပြတ် သွားသော ရေကာတာကျေးရွာမှ မစန်းစန်းအား ပုံနှင့် တကွတွေ့မြင်နိုင် ပါသည်။ KIAအဖွဲ့မှ မဆင်မခြင် မိုင်းထောင်ဖောက်ခွဲမှုကြောင့် ဒေသခံ များမှာ တောင်ယာ  လုပ်ငန်းများအား ကောင်းမွန်စွာလုပ်ကိုင်နိုင်ခြင်းမရှိဘဲ စီးပွားရေးကျပ်တည်း နေခဲ့ရပါသည်။

 ကေအိုင်အေမှ ထောင်ထားသော မိုင်းနင်းမိ၍ ခြေထောက်ပြတ်သွားသော
ရေကာတာကျေးရွာမှ မစန်းစန်း

ဒါ့အပြင် KIA အဖွဲ့သည် (၁၆-၁၀-၂၀၁၁) ရက်နေ့တွင် လုံးခင်၊ဖားကန့်၊ဆိပ်မူ ရတနာမြေများတွင်ရှိသော ကုမ္ပဏီများ၊ ကုန်စုံဆိုင်များ၊ စက်သုံးဆီဆိုင်များအား လစဉ်ဆက်ကြေးကောက်ခံမှုများပြုလုပ်နေပြီး တစ်လလျှင် ကုမ္ပဏီများသည် သိန်း (၂၀၀) မှ သိန်း (၅၀၀)ထိ၊ ကုန်စုံဆိုင်များသည် (၅)သိန်းမှ (၁၀)သိန်းအထိ ၊စက်သုံးဆီ ဆိုင်များသည် (၁)သိန်းမှ (၅)သိန်းအထိ ကောက်ခံခဲ့ကြပါသည်။ ကချင်ပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများ အနေဖြင့် လူနေမှုဘ၀ရပ်တည်ရေးအတွက် ပုံစံအမျိုးမျိုးဖြင့် ရုန်းကန် လုပ်ကိုင် စားသောက်နေရချိန်တွင် KIA အဖွဲ့များအနေဖြင့် လက်နက်ကိုင်ကာ ဒေသခံပြည်သူများထံမှ ငွေကြေးကောက်ခံ ရှာဖွေနေကြပါသည်။ လက်လုပ်လက်စား မိသားစုများ အနေဖြင့် များစွာ ဆင်းရဲဒုက္ခရောက်ရ သည့်အပြင် KIAအဖွဲ့အား ဆက်ကြေးပေး ဆောင်ရသဖြင့် ဆင်းရဲတွင်း နစ်သထက်နစ်နေခဲ့ရပါသည်။

ဝိုင်းမော်-ကံပိုက်တီး သွားလမ်းပေါ်တွင် KIAတပ်ဖွဲ့မှ လူစီးယာဉ်များနှင့် ကုန်ပစ္စည်းတင်ဆောင်လာသော ကားများအား ငွေကြေးတောင်းခံခြင်းများပြုလုပ်ပြီး ကားလေးတစ်စီးလျှင် ငွေကျပ်(၁)သောင်းနှင့် ကုန်ကား တစ်စီးလျှင် (၁)သိန်း တောင်းခံသောကြောင့် ကုန်သည်များအနေဖြင့် ၄င်းတို့၏ကုန်ပစ္စည်းများ အရူံးမပေါ်စေရန် လမ်းခရီးတွင် ကုန်ကျသည့်ငွေကြေးအား ထည့်သွင်းရောင်းချသဖြင့် ကုန်ဈေးနှုန်းကြီးမြင့်မှုများဖြစ်ပေါ်လာခဲ့ ပါသည်။

KIAအဖွဲ့အနေဖြင့် ပြည်နယ်လွတ်မြောက်ရေးအကြောင်းပြကာ အစိုးရတပ်များအား စစ်ပွဲများဆင်နွှဲ ရာတွင် ကချင်ပြည်နယ် အတွင်းရှိ ကျေးရွာများမှ တစ်အိမ်တစ်ယောက် လူသစ်စုဆောင်းခံကြရပါသည်။ ညဘက် များတွင် ရွာများအားလာရောက်ကာ အတင်းအဓ္ဓမ လူသစ်စုခြင်းကြောင့် ရွာသားများသည် ညဘက်ရောက်လျင် တောင်ယာထဲသို့ သွားရောက်အိပ်ရပါသည်။ မလိုက်ပါက ကချင်လူမျိုး သစ္စာဖောက်ဟု စွပ်စွဲမှုများပြုလုပ်ကာ ပစ်သတ်ကြပါသည်။ ကချင်လူမျိုးကောင်းစားရေးဟု ဆိုသော်လည်း ကချင်လူမျိုးများ မှာ ကောင်းစားမလာဘဲ ယခုလိုဖြစ်ရပ်များကြုံတွေ့နေရကာ KIA အဖွဲ့၏ လက်နက်ကိုင်အုပ်ချုပ်မှုအောက်တွင်  ဆင်းရဲဒုက္ခမျိုးစုံခံစား နေကြရပါသည်။

မြန်မာအစိုးရနှင့် KIAအဖွဲ့တို့၏  တိုက်ပွဲများကြောင့် (၆)လအတွင်း မြန်မာ   အစိုးရ  ထိန်းချုပ်မှုအောက် နယ်မြေများတွင် ဒုက္ခသည် (၁၅၀၀၀)ကျော်နှင့် KIO ထိန်းချုပ်သည့်ဒေသများတွင် ဒုက္ခသည် (၃၀၀၀၀)ကျော် ရှိခဲ့ပါသည်။ KIO ထိန်းချုပ်ရေးဒေသများဖြစ်သော လိုင်ဇာဒေသတွင် (၁၃၀၀၀)ကျော်၊ မိုင်ဂျာယန်ဒေသတွင် (၁၁၀၀၀)ကျော် ၊ ဆဒုံးဒေသ(တရုတ်-မြန်မာနယ်စပ်)တွင် ဒုက္ခသည် (၆၀၀၀)ကျော်ရှိပါသည်။ လိုင်ဇာမြို့ အတွင်းရှိ ဒုက္ခသည်များမှာ စားဝတ်နေရေး အခက်အခဲ          များအား  KIO   အဖွဲ့ချုပ် မှ   ပြေ လည်အောင်ဖြေ  ရှင်းပေး နိုင်ခြင်း မရှိသည့်  အတွက်  တောင်းဆို  မှုများ ပြုလုပ်လျှက် ရှိပါသည်။ ကချင်ပြည်နယ် ၀န်ကြီးချုပ်မှ ဒုက္ခသည်များ အတွက် အထောက်အပံ့ပစ္စည်းများ ပေးအပ်ခဲ့သော်လည်း လက်ခံခဲ့ခြင်း မရှိသည့်အတွက် ဒုက္ခသည်များ၏ ဘ၀ကို ကြည့်ကောင်းကောင်းဖြင့် ကြည့်နေနိုင်သူများပင်ဖြစ်ပါသည်။

ဒုက္ခသည်များအား ပြည်တွင်း/ ပြည်ပ  အဖွဲ့အစည်း   များမှ    ငွေကြေးထောက်ပံ့မှုများ လုံလုံ လာက်လောက် ပြု လုပ်နေသော်          လည်း  ဒုက္ခသည်များ လက်ဝယ်သို့ အကူအညီများ အပြည့်အ၀ မရရှိ ခဲ့ကြပါ။ ကချင်လွတ်မြောက် ရေးအဖွဲ့ KIA ခေါင်းဆောင်များ၏ ချုပ်ချယ်ကွပ်ကဲမှုကြောင့် ဒုက္ခသည်များသည် အစားဆင်းရဲ၊အနေဆင်းရဲဖြင့် နေကြရပါသည်။ KIA ခေါင်းဆောင်ပိုင်းများအား ရသမျှစုဆောင်းပြီး အပွကြံနေကြ သူများဟုလည်း ပြောဆိုနေကြ ပါသည်။ လက်နက်အားကိုးဖြင့် အနိုင်ကျင့်ခံနေရသည့် အသိဥာဏ်နည်းပါးသော ဒုက္ခသည်များ၏ဘ၀ကို စာနာမိ ပါသည်။

 ကချင်ပြည်နယ် အတွင်းရှိ စစ်ဘေးဒုက္ခသည်များ

 (၁၇-၁-၂၀၁၂)တွင် KIA အဖွဲ့မှ သွားလာခွင့်ပိတ်ထားသော ကာမိုင်း-လုံးခင်-ဖားကန့် နှင့် ကံပိုက်တီး ကားလမ်းများအား ငြိမ်းချမ်းရေးဆွေးနွေးမှုကြောင့် ပြန်လည်ဖွင့်လှစ်ပေးခဲ့သဖြင့် ကုန်ပစ္စည်းသယ်ယူပို့ဆောင် မှုများမှာ ပုံမှန်အတိုင်းဖြစ်ပေါ်လာကာ စားသောက် ကုန်ပစ္စည်းဈေးနှုန်း များ ပြန်လည် ကျဆင်း သွားသဖြင့်  ဒေသခံပြည်သူများ အနေဖြင့် များစွာ ၀မ်းမြောက်နေကြပါသည်။

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIA)အတွင်းရှိ ခေါင်းဆောင်ကြီးများ အနေဖြင့် အာဏာ ယစ်မူးကာ လက်နက်နှင့်ငြိမ်းချမ်းရေး လဲလှယ်ခြင်းအား ရှောင်လွဲပြီး ၄င်းတို့၏အကျိုးစီးပွာအတွက်သာ လုပ်ဆောင်နေခဲ့ ကြပါသည်။ ကချင်ပြည်နယ်အတွင်းရှိ ဒေသခံများ၏ အကျပ်အတည်း ၊ အခက်အခဲ ၊ လူနေမှုဘ၀နိမ့်ကျနေခဲ့ ရသည့် ဒုက္ခဆိုးများအား အနည်းငယ်မျှပင် စောင်းငဲ့မကြည့်ဘဲ ငြိမ်းချမ်းရေးလိုလားသယောင်ပြုလုပ်နေပြီး မိမိတို့၏အတ္တများကိုသာ ဦးစားပေးနေသော ကချင်လွတ်မြောက်ရေးတပ်ဖွဲ့(KIA)၏ လုပ်ရပ်များသည် ကချင် ပြည်နယ်သားများအပေါ် ငဲ့ညှာမှုမရှိသည်မှာ ပေါ်လွင်နေပါသည်။ ၄င်းတို့၏ အကျိုးစီးပွားအတွက် အာဏာ ယစ်မူးကာ လက်နက်ကိုင်အုပ်ချုပ်မှုအား မစွန့်လွှတ်ချင်သော အဖွဲ့အစည်းတစ်ခုသာဖြစ်ကြောင်း ကျိန်းသေ သတ်မှတ်ရတော့မည်ပင်ဖြစ်ပါသည်။ ကချင်ပြည်သူ/ပြည်သားများအနေဖြင့် ငြိမ်းချမ်းရေးအား အမှန်တကယ် ရရှိရန် ၀မ်းသာအားရကြိုဆိုနေချိန်တွင် KIA ခေါင်းဆောင်များသည် ငြိမ်းချမ်းရေးကိုအယောင်ပြပြီး ကိုယ်ကျိုး စီးပွားကို ရသမျှယူနေဦးမည်ဆိုသည်ကို ကချင်ပြည်သူ/ပြည်သားများ အားလုံးကို သိစေချင်ပါသည်။


ငြိမ်းချမ်းစွာနေလိုသော ကချင်ပြည်သူလူထုကိုယ်စား ( ကချင်တိုင်းရင်းသားတစ်ဦး )
ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့။


ဖေဖော်ဝါရီလ ၉ ရက်နေ့က ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အဖွဲ့ခေါင်းဆောင် တောင်သာမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းနှင့် အဖွဲ့ဝင်များနှင့် ကရင်ပြည်နယ် ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့နှင့် KNU/ KNLA ငြိမ်းချမ်းရေး ကောင်စီ ဥက္ကဌ ဦးစောဌေးမောင်(ခ) ဦးထိန်မောင် ဦးဆောင်သော ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့တို့ နေပြည်တော်တွင် ငြိမ်းချမ်းရေး တွေ့ဆုံ ဆွေးနွေးပွဲကို ရင်းနှီး ပွင့်လင်းစွာ ပြုလုပ်ခဲ့ကြပြီး အောက်ပါ နှစ်ဦးနှစ်ဖက် သဘော တူညီချက် (၇)ချက်ကို လက်မှတ် ရေးထိုးကာ အပြန်အလှန် လဲလှယ်ခဲ့ကြသည် -

(၁)
တပ်မတော်နှင့် KNU/ KNLA ငြိမ်းချမ်းရေးကောင်စီ တို့အကြားလက်ရှိတည်ရှိနေသော ငြိမ်းချမ်းရေးကို ဆက်လက် ထိန်းသိမ်းမည်။
(၂)
KNU/ KNLA ငြိမ်းချမ်းရေး ကောင်စီဝင်များကို (မဲလ၊ ထို့ကော်ကိုး) နေရာတွင် အခြေပြု နေထိုင်ရန်
(၃)
နှစ်ဖက် အပြန်အလှန် ပြောဆို ဆက်ဆံ ဆွေးနွေးမှုများ ပြုလုပ် နိုင်ရန်အတွက် နှစ်ဖက် သဘောတူညီ သော နေရာများတွင် နှစ်ဖက် သဘော တူညီသော ပုဂ္ဂိုလ်များဖြင့် ဆက်ဆံရေးဌာန၊ စခန်းများကို ထူထောင်မည်။ ကုမ္ပဏီ၏ စီးပွားရေး၊ ဆက်ဆံရေးရုံးများကို ဘားအံ၊ မြ၀တီ၊ ဘုရားသုံးဆူ၊ ကော့ကရိတ်၊ မောတောင်၊ ကော့သောင်းတို့တွင် ထားရှိမည်။
(၄)
နှစ်ဖက် သဘော တူညီထားသော နယ်မြေ များမှအပ နယ်မြေ ကျော်လွန် လက်နက် ကိုင်ဆောင် သွားလာမှု များကို နှစ်ဖက် ကြိုတင် ညှိနှိုင်းပြီး ဆောင်ရွက်မည်။
(၅)
ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့နှင့် KNU/ KNLA ငြိမ်းချမ်းရေး ကောင်စီမှ အဆင့်မြင့် ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့တို့သည် နှစ်ဖက် သဘောတူညီေ သာနေရာ၊ သဘော တူညီသော အချိန်ကာလတွင် တွေ့ဆုံ၍ နယ်မြေ တည်ငြိမ် အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ တပ်ဖွဲ့ဝင် များ အခြေချနေထိုင်၊ လုပ်ကိုင် စားသောက် နိုင်ရေးနှင့် ထာဝရ ငြိမ်းချမ်းရေး ရရှိသည်အထိ ဆက်လက် ဆွေးနွေးရန် သဘောတူသည်။
(၆)
ပဏာမ ငြိမ်းချမ်းရေး ဆောင်ရွက် ပြီးသည့်နောက်တွင် တစ်ဖက်နိုင်ငံ၌ ရောက်ရှိနေသော တိုင်းရင်းသား တို့၏ ပြန်လည် ၀င်ရောက် အခြေချ နေထိုင်မည့် နေရာတွင် ၎င်းတို့၏ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ရေ၊ မီး အစရှိသည့် ဖွံ့ဖြိုးရေး လုပ်ငန်းများ အတွက် အလျင်အမြန် အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရေးအတွက် နိုင်ငံတော်မှ ခွင့်ပြု၍ ကိုယ်ထူ ကိုယ်ထ လုပ်ဆောင် ခွင့်ကို ပံ့ပိုးသွားမည်။
(၇)
KNU/ KNLA ငြိမ်းချမ်းရေး ကောင်စီမှ တင်ပြ ထားသော ငြိမ်းချမ်းရေး အဓိပ္ပာယ် ဖွင့်ဆိုချက် များအပေါ် မူအားဖြင့် သဘောတူ၍ နှစ်ဦးနှစ်ဖက်မှ ကြိုးပမ်းသွားမည် ဖြစ်ပါသည်ဟူ၍ ဖြစ်သည်။

ထို့ကြောင့် ဤသည်ကို ကြည့်ခြင်းအားဖြင့် ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်သည် ဒီမိုကရေစီ စနစ်သို့ အသွင်ကူး ပြောင်းပြီးသည့် အချိန်မှစပြီး ထင်သာ မြင်သာသော ပြုပြင် ပြောင်းလဲမှု များနှင့်အတူ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် အပစ်အခတ် ရပ်စဲပြီး ငြိမ်းချမ်းရေး ရယူနိုင်ခဲ့မှု များမှာလည်း နိုင်ငံတော် တည်ငြိမ် အေးချမ်းခြင်းရဲ့ အသီးအပွင့် များရရှိ ခံစားရစေရန် အတွက် နိုင်ငံတော် အစိုးရနဲ့အတူ ပြည်သူများ၊ တိုင်းရင်းသား များတို့က ပူးပေါင်းပါဝင် လုပ်ဆောင် သွားကြရမည် ဖြစ်သည်။ ထို့ကြောင့် ဤရေ ဤမြေ ဤ ပြည်ထောင်စုသည် တိုင်းရင်းသား အားလုံးနှင့် သက်ဆိုင်သည့် ရေမြေဖြစ် သည့်အလျောက် ပြည်ထောင်စုကြီး နိမ့်လျှော တိမ်မြုပ် ပျောက်ကွယ် မသွားရေး ကိုလည်း ပြည်ထောင်စု တိုင်းရင်းသား နိုင်ငံသားတိုင်း အားလုံး ၀ိုင်းဝန်း စောင့်ရှောက် ကာကွယ် သွားကြရမည် ဖြစ်ကြောင်း ရေးသား လိုက်ရပါသည်။
နေတာရာ


(၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့ထုတ် အစိုးရ သတင်းစာတွေမှာ ဖော်ပြထားတဲ့ ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းရဲ့ ဆွေးနွေးချက် ဖြစ်ပါတယ်။ အင်မတန်မှ ထူးခြား ပွင့်လင်းတဲ့ ဆွေးနွေးချက် ဖြစ်ပြီး အဲဒီ ဆွေးနွေးချက်ပါ လစာများ တိုးပေးရန် အချက်ကို ပြည်ထောင်စု လွှတ်တော်က အဆိုအဖြစ် မဲခွဲ ဆုံးဖြတ်ခဲ့ပါတယ်။)
ယခု ပြည်ထောင်စု အစိုးရက တင်ပြလာသော ဥပဒေကြမ်းများကို အတည်ပြု ဥပဒေပြုရေး တာဝန်သည် မိမိတို့ ပြည်သူ့ ကိုယ်စားလှယ်များ ပါဝင်သည့် ပြည်ထောင်စု လွှတ်တော်က အဆုံးအဖြတ် ပေးကြရမည် ဖြစ်ပါကြောင်း၊ အစိုးရ အဖွဲ့ကိုယ်စားလှယ် တင်ပြခဲ့ရာတွင် အမျိုးသားရေး အကျိုးစီးပွားအတွက် အမျိုးသား ဖွံ့ဖြိုးတိုး တက်ရေး စီမံကိန်း ရေးဆွဲ ထည့်သွင်းရန် လိုအပ် နေသေးသည်ကို တွေ့ရှိရပါကြောင်း၊ တစ်ချိန်တည်း တစ်ပြိုင်တည်းတွင်ပင် အကောင်းဆုံးနှင့် စိတ်အချရ ဆုံးဖြစ်သော လူသားအရင်းအမြစ်များ ဖွံ့ဖြိုးရေးစီမံကိန်းကို လုံလောက်သော ရင်းနှီး မြှုပ်နှံမှုများဖြင့် ဆောင်ရွက် ကြရမည်  ဖြစ်ပါကြောင်း။
စိတ်ဓာတ် ကောင်းမွန် မြင့်မားရေး၊ စည်းကမ်း ကောင်းမွန်ရေးနှင့် ပညာရည် မြင့်မား တိုးတက်ရေး အတွက် '' စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ'' ဆိုသော ပညာရေး ဝန်ကြီးဌာန၏ ဆောင်ပုဒ်ကို နိုင်ငံတော် အတွင်း ဖွင့်လှစ်ထားသည့် အဆင့်ဆင့်သော ကျောင်းများ၊သိပ္ပံများ၊ ကောလိပ်များ၊တက္ကသိုလ်များအထိသင်ကြားဖြည့်ဆည်း ဆောင်ရွက် နေရမည် ဖြစ်ပါကြောင်း၊ ထိုသို့ စဉ်းစား စီမံသည့်နေရာတွင် စိုက်ပျိုးရေး၊ မွေးမြူရေး အထက်တန်းကျောင်း၊ စက်မှု လက်မှု အထက်တန်းကျောင်းနှင့် သိပ္ပံများ၊ အခြား အသက်မွေး ဝမ်းကျောင်း ပြုနိုင်သော အထက်တန်း ကျောင်းနှင့် သိပ္ပံကျောင်းများကို ပြည့်ပြည့် စုံစုံ ဟန်ချက်ညီ ဖွင့်လှစ်နိုင်ရေး အတွက် စီမံရန်လည်း လိုအပ်ပါကြောင်း၊ ကျောင်းများ ပြီးစီးချိန်တွင် ၎င်းတို့ လုပ်ဆောင်ကြမည့် လုပ်ငန်းများ အလိုက် လုပ်ငန်းစွမ်းရည် မြင့်မားရေး အတွက် သက်ဆိုင်ရာ ကျောင်းများတွင် Training For Trainners, Vocational Training, Job Training Occupational Trainingစသော  Training    များကို ဆိုင်ရာ လုပ်ငန်း နယ်ပယ်အလိုက်၊ ဒေသ အလိုက် ဖွင့်လှစ်ပေးရန် လိုအပ်မည် ဖြစ်ပါကြောင်း။
စိတ်ဓာတ်နှင့် စည်းကမ်း ကောင်းအောင် မြှင့်တင်ပေးရာ ရောက်သည့် ဝန်ထမ်း အဆင့်အတန်း အလိုက် ထိုက်သင့်သော လုပ်ခ၊ လစာနှင့် စရိတ်များ ချီးမြှင့်ပေးခြင်း၊ လေ့ကျင့် ဆွေးနွေး ပညာပေးခြင်း၊ ဆုပေး၊ ဒဏ်ပေး စနစ် ကျင့်သုံးစေခြင်းဖြင့် နိုင်ငံတော် သမ္မတကြီး ပြောကြားသော သန့်ရှင်းသော အစိုးရ (Clean Government) နှင့် ကောင်းမွန်သော စီမံခန့်ခွဲမှု (Good Governance) ဖြစ်ရန် အလားအလာ ရှိမည်ဖြစ် ပါကြောင်း။
ကျောင်းဆရာ၊ ဆရာမများ၏ လစာနှင့်စရိတ် ၊ ရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ ဝန်ထမ်းများနှင့် အောက်ခြေ အုပ်ချုပ်ရေး အဖွဲ့အစည်းများ၏ လစာနှင့် စရိတ်များကို လုံလောက် မျှတစွာ ချီးမြှင့်ပေးရမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော် ကာကွယ်ရေး တာဝန် ထမ်းဆောင် နေကြသည့် လိုအပ်လျှင် နိုင်ငံနှင့် နိုင်ငံသားများ အတွက် အသက် ပေး စွန့်လွှတ် နေကြသော တပ်မတော်သားများ၏ ရိက္ခာစရိတ်၊ စစ်ဝတ်နှင့် အသုံးအဆောင် စရိတ် အပါအဝင် အခြား စရိတ်များကိုလည်း အနည်းဆုံး ၁၉၅၉-၁၉၆ဝ ခုနှစ်က ရရှိထားသည့် စရိတ်များ၏ တန်ဖိုးအတိုင်း ရရှိအောင် ခွင့်ပြု ပေးသင့်ပါကြောင်း။
မလွှဲမရှောင်သာ ကြုံတွေ့လာနိုင်သည့် ကုန်ဈေးနှုန်း ကြီးမြင့်မှုနှင့် ယနေ့ တောင်သူ လယ်သမားများ၊ မွေးမြူရေး သမားများ၊ အခြေခံ ကုန်ထုတ်လုပ်သူများ ကြုံတွေ့နေရသည့် စပါးနှင့်သီးနှံများ ဈေးနိမ့်ကျ၍ အရှုံးပေါ်နေမှု၊ ငါးမွေးမြူ ထုတ်လုပ်သူများ အရှုံး ပေါ်နေမှုများ ရှိပါကြောင်း၊ ထုတ်လုပ်သူများ အရှုံးပေါ်နေမှုသည် တောင်သူ လယ်သမား၊ အလုပ်သမား၊ နိုင်ငံ့ ဝန်ထမ်းများကို များစွာ ထိခိုက်နေရပါကြောင်း။
သို့ရာတွင် လယ်တလင်းတွင် စပါး ကုန်ကြမ်းဈေးနှင့် ငါးမွေးကန်ရှိ ငါးဈေးများသည် ထုတ်လုပ်မှု တန်ဖိုးထက် များစွာ လျော့နည်းနေပါကြောင်း၊ ဈေးကွက်နှင့် ဈေးဆိုင်များတွင် ဆန်ဈေးနှင့် ငါးဈေးတို့မှာ မြင့်မားမှု ရှိနေပြီး အကြောင်းအရင်းကို စိစစ်လေ့ လာသုံးသပ်သည့် အခါ သယ်ယူစရိတ်များ ကြီးမြင့်လွန်းခြင်း၊ အခြား မလိုလားအပ်သော ကုန်ကျစရိတ် (Transaction Cost) များ မြင့်မားခြင်း တို့ကြောင့်ဟု သိရပါကြောင်း။
နိုင်ငံသားအများစုကို ထိခိုက်စေနိုင်သော ကုန်ဈေးနှုန်းနှင့် အခြား(Transaction Cost) များ ကျဆင်းအောင် စဉ်းစားသုံးသပ် စီမံဆောင်ရွက်မှုများကို စီမံကိန်းချမှတ် ဆောင်ရွက်နိုင်ရေးအတွက် ဤပြည်ထောင်စု လွှတ်တော်က သက်ဆိုင်ရာ အဖွဲ့အစည်းများသို့ တိုက်တွန်းဆောင် ရွက်ရန်လည်း လိုအပ်သည်ဟု ယူဆပါ ကြောင်း။
အမျိုးသား စီမံကိန်းများ ရေးဆွဲ ချမှတ်ရာတွင် လည်းကောင်း၊ တစ်မျိုးသားလုံး၏ ပြည်တွင်း အသားတင် ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှု တန်ဖိုး (Gross Domestic Product-GDP) ကဲ့သို့သော နိုင်ငံ၏ အခြေပြ ကိန်းဂဏန်း တွက်ချက် ဖော်ပြရာတွင် လည်းကောင်း မှန်ကန်သော အချက် အလက်များကို အခြေခံ တွက်ချက်မှ သာလျှင် မှန်ကန်သော၊ ဆီလျော် ကောင်းမွန်သော စီမံကိန်းနှင့် စီမံချက်များ ပေါ်ထွက် လာမည် ဖြစ်ပါကြောင်း။
ယခု ပြည်ထောင်စု လွှတ်တော်သို့ တင်ပြထားသော ဥပဒေကြမ်းများတွင် အချို့ဌာနများ၏ ဖော်ပြချက်များ၌ မြန်မာနိုင်ငံ၏ လူဦးရေနှင့် ပတ်သက်၍ ကွာခြားချက် ကြီးမားနေခြင်းကို တွေ့ရှိရပါကြောင်း၊ သို့ဖြစ်၍ လူဦးရေ နှင့် သန်းခေါင်စာရင်း ကောက်ယူမှုအား ဆောလျင်စွာ လုပ်ငန်းစီမံကိန်းများ ချမှတ် ဆောင်ရွက်သွားရန် လိုအပ် မည် ဖြစ်ပါကြောင်း။
အချို့သော စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် စီးပွားရေး တွက်ခြေကိုက်မှု တစ်ခုတည်းကို မကြည့်ဘဲ သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ အကျိုး သက်ရောက် EIA (Environment Impact Assessment)၊ လူနေမှုဘဝ အကျိုးသက်ရောက်မှု  SIA (Social Impact Assessment)၊ ကျန်းမာရေး ဆိုင်ရာ အကျိုး သက်ရောက်မှု   HIA (Health Impact Assessment))၊ အစရှိသော စူးစမ်း လေ့လာမှုများပါ တစ်ပါတည်း ဆောင်ရွက် သင့်ပါကြောင်း၊ ပြည်သူများ၏ ငွေများကို အသုံးပြု၍ ရင်းနှီး မြှုပ်နှံခြင်း ပြုကြရာတွင် လက်ငင်း ရေတိုနှင့် ရေရှည် အကျိုးရှိမှု အတွက် အသေးစိတ် ဘက်စုံ ထောင့်စုံ စူးစမ်းလေ့လာ သုံးသပ်ပြီးပါမှ အသုံးပြုရန်၊ ရင်းနှီးမြှုပ်နှံရန် အတွက် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များက အဆုံးအဖြတ် ပေးကြရမည် ဖြစ်ပါကြောင်း။
နိဂုံးချုပ် အနေဖြင့် မိမိဂုဏ်၊ မိမိသိက္ခာနှင့် အညီ နေထိုင် စားသောက်နိုင်ရန်၊ သန့်ရှင်းသော အစိုးရ၊ ကောင်းမွန် သော အုပ်ချုပ်ရေး အမှန်တကယ် ဖြစ်လာရန်နှင့် နိုင်ငံသားများ၊ ဝန်ထမ်းများ၏ လုပ်ခ၊ လစာစရိတ်နှင့် ချီးမြှင့် ငွေများကို လာမည့် ဘတ်ဂျက်နှစ် အစတွင် မဖြစ်မနေတိုးမြှင့်ပေးရေး၊ ပြည်သူ့ဘဏ္ဍာငွေများကို အသုံးပြု၍ လက်တွေ့ကျကျ နိုင်ငံ့ အကျိုး၊ ပြည်သူလူထု အကျိုး ဖြစ်ထွန်းစေမည့် စီမံကိန်းများကိုသာ ဥပဒေပြုပေးရေးနှင့် ထိုသို့မဟုတ်သော စီမံကိန်းများကို ငြင်းပယ်ခြင်း၊ ဆိုင်းငံ့ခြင်း၊ လျှော့၍ ခွင့်ပြုခြင်းများ ဆောင်ရွက်ရေး၊ နိုင်ငံနှင့် နိုင်ငံသားများ၏ လက်ငင်း၊ ရေတိုနှင့် ရေရှည် အကျိုး ဖြစ်ထွန်း စေသော ထာဝစဉ် ရှင်သန်စေမည့် အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်း (သို့မဟုတ်) လူသား အရင်းအမြစ်များ ဖွံ့ဖြိုးရေး စီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံမှုများကို တင်ပြ ဆောင်ရွက်ပေးရန် သက်ဆိုင်ရာသို့ တိုက်တွန်းပေးရေး၊ တာဝန်အရ ဥပဒေနှင့် အညီ ဆောင်ရွက် နေကြသူများ၊ အဖွဲ့အစည်းများအား နားလည်လက်ခံပြီး လေးစား ချစ်ကြည်စွာဖြင့် အပြန်အလှန် ပူးပေါင်း ဆောင်ရွက် ပေးရေး၊ နိုင်ငံနှင့်နိုင်ငံသားများ၏ အကျိုးစီးပွားအား တားဆီး ပိတ်ပင်သော၊ ပျက်စီးယုတ်လျော့ စေသော ပြည်တွင်းပြည်ပမှ မည်သည့်ပုဂ္ဂိုလ်၊ မည်သည့် အဖွဲ့အစည်းကို မဆို ဆန့်ကျင်သွားရေး၊ တည်ဆဲ ဥပဒေများကို အဖွဲ့အစည်းများ အနေဖြင့်လည်းကောင်း၊ ပြည်သူများထဲမှ ပြည်သူတစ်ဦး အနေဖြင့် လည်းကောင်း၊ ပြည်သူ တစ်ရပ်လုံးနှင့်အတူ ရိုသေလေးစား လိုက်နာကြရေးတို့ကို ပြည်ထောင်စု လွှတ်တော် နာယက ကြီးနှင့်တကွ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များက ဆုံးဖြတ် ဆောင်ရွက် ပေးကြစေလိုကြောင်းဖြင့်  ဆွေးနွေးသည်။



        ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် အစိုးရအဖွဲ့ရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်ကိုလေ့လာ ကြည့်လိုက်ရင် အစိုးရအဖွဲ့သက်တမ်း (၁၀)လအတွင်း ထင်သာမြင်သာရှိတဲ့ အဓိကအချက်(၃)ချက် ရှိနေပါတယ်။ ဒီ(၃)ချက်ကတော့ ဒေါ်စုကြည်နဲ့ သမ္မတကြီးတို့ တွေ့ဆုံပြီး ပါတီနိုင်ငံရေးလှုပ်ရှားမှုများ ပွင့်လင်းမှုရှိလာခြင်း၊ ယခင်ထောက်လှမ်းရေးဟောင်းများအပါအ၀င် အကျဉ်းသားများလွှတ်ပေးခြင်းနဲ့ တိုင်းရင်းသားလက်နက်ကိုင် များနှင့် ငြိမ်းချမ်းရေးဆွေးနွေပွဲများ ပြုလုပ်နေခြင်းတို့ဖြစ်ပါတယ်။
          အထက်ပါ(၃)ချက်အနက် ပါတီနိုင်ငံရေး လှုပ်ရှားမှုများ ပွင့်လင်းမှုရှိလာခြင်းနဲ့ အကျဉ်းသားများ လွှတ်ပေး ခြင်းဟာဆက်စပ်နေပြီး တိုးတက်ဖြစ်ပေါ်မှုတွေကို အမေရိကန်အပါအ၀င် နိုင်ငံတကာကအသိအမှတ်ပြုနေကြပါ တယ်။ ယခင်ကစစ်အစိုးရကိုဆန့်ကျင်ခဲ့ကြတဲ့ ပြည်တွင်း/ပြည်ပ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းအသီးသီးကဒီမိုကရေစီရေး လှုပ်ရှားမှုမှာ အဓိကတောင်းဆိုခဲ့တဲ့အချက်များဖြစ်ပါတယ်။ ဒီ အချက်(၂)ချက်ကို မထင်မှတ်လောက်အောင် ဦးသိန်းစိန်က လိုက်ရောမှုပြုခဲ့ပြီးနောက်မှာ ဒီမိုကရေစီရေး လှုပ်ရှားမှုများကို ဦးဆောင်နေပါတယ်ဆိုတဲ့ ပုဂ္ဂိုလ်ကြီး/ ငယ်၊ အဖွဲ့အစည်းပေါင်းစုံရဲ့ တောင်းဆိုချက်ကတော့ တိုင်းရင်းသားလက်နက်ကိုင်များနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ များအောင်မြင်ပြီး တစ်ပြည်လုံးအတိုင်းအတာဖြင့် ထာဝရငြိမ်းချမ်းရေးပဲဖြစ်လာပါတယ်။

ဒီအချက်ကတော့နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမှန်တကယ် လိုအပ်နေသလို ပြည်သူအားလုံးက လိုလားတောင့်တနေတဲ့ ဆန္ဒအမှန်လည်း ဖြစ်ပါတယ်။ အထူးသဖြင့် နှစ်ပေါင်းများစွာ စစ်ဘေးစစ်ဒဏ် သင့်နေတဲ့ နယ်စွန်နယ်ဖျားက တိုင်းရင်းသားတွေနဲ့ ဒီစစ်ပွဲတွေမှာ ရင်ဆိုင်တိုက်ခိုက်နေရတဲ့ ဘက်နှစ်ဖက် စလုံးက စစ်သားတွေရဲ့ အလိုချင်ဆုံး၊ အဖြစ်ချင်ဆုံး အရာပဲဖြစ်မယ်လို့ ထင်ပါတယ်။    
ဒါကြောင့်လည်း သမ္မတကြီးက သူ့ရဲဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်မှာ ပြည်တွင်း/ ပြည်ပက အာရုံစိုက်လာနေတဲ့ ထာဝရငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို လိုက်လျောမှုများစွာနဲ့ အကောင် အထည်ဖော်လျက်ရှိပါတယ်။ ညင်သာပျော့ပြောင်းစွာနဲ့ နိုင်ငံရေးဖြေလျော့မှုများ လုပ်နေသလို သဘောထား ကြီးကြီးနဲ့ စစ်ရေးအရှိန်မမြင့်တက်အောင် လက်နက်ကိုင်အဖွဲ့အစည်းအားလုံးနဲ့ထိတွေ့ဆက်ဆံနေတာ မြင်တွေ့ နေရပါတယ်။ တည်ငြိမ်အေးချမ်းတဲ့ ဒီမိုကရေစီနိုင်ငံတော်ဖြစ်ဖို့ နိုင်ငံရေးနဲ့ စစ်ရေးဆက်စပ်နေတာကြောင့် စစ်ရေး အရှိန်လျော့ပြီး နိုင်ငံရေးအရ တည်ငြိမ်မှုရှိဖို့အတွက် တပ်မတော်ရဲ့အခန်းကဏ္ဍက အလွန်အရေးကြီးလာပါတယ်။

မြန်မာနိုင်ငံရဲ့ ပကတိလိုအပ်ချက်အရ တပ်မတော်ဟာ အနာဂတ်နိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍမှာ ပါဝင်ရမယ် ဆိုတဲ့အချက်ဟာ လက်ရှိကာလမှာ မှန်ကန်နေဆဲဖြစ်တယ်လို့ နိုင်ငံတကာနိုင်ငံရေးလေ့လာသူများက ထောက်ပြပြောဆိုလျှက်ရှိပါတယ်။
နိုင်ငံရေးကဏ္ဍမှာ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ခွင့်ပြုချက်အရ တပ်မတော်သား ကိုယ်စားလှယ်တွေဟာလွှတ်တော်မှာ(၂၅)%ပါဝင်ရခြင်းအကြောင်းအရင်းကဒီမိုကရေစီနိုင်ငံတော်သစ်
မှာပြည်သူ များတည်ငြိမ်အေးချမ်းရေး အတွက်ဖြစ်တယ်လို့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။
အလားတူပဲ စစ်ရေးကဏ္ဍမှာလည်း နိုင်ငံတော်အေးချမ်းသာယာရေးအတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနဲ့ ငြိမ်းချမ်းရေးလုပ်တဲ့နေရာမှာ ပြည်နယ်အဆင့် သဘောတူညီချက်ရယူပြီး ပြည်ထောင်စုအဆင့် သဘောတူလက်မှတ်ရေးထိုးထားတဲ့ဒေသတွေမှာ တပ်မတော်စစ်ကြောင်းတွေက နှစ်ဘက်ငြိမ်းချမ်းရေးအဖွဲ့များရဲ့ သဘောတူညီချက်အတိုင်း အပစ်အခတ်များရပ်ဆဲထားပြီး တည်ငြိမ်အေးချမ်းရေးကိုဆောင်ရွက်ပေးတယ်လို့ ဆိုပါ တယ်။


ဒါ့အပြင်သမ္မတကြီးက ခုခံတိုက်ခိုက်ခြင်းကလွဲပြီး ထိုးစစ်ဆင်တိုက်ခိုက်ခြင်းမလုပ်ဖို့ အမိန့်ပေးထား လို့ တပ်မတော်အနေဖြင့် “တစ်နိုင်ငံလုံးအတွင်းတွင် ပစ်ခတ်တိုက်ခိုက်မှုရှောင်ရှားပြီး လုံခြုံရေးနှင့်ကာကွယ် ရေးအတွက် ပုံမှန်တပ်လဲလှယ်ခြင်း၊ အဆိုပါလှုပ်ရှားဆောင်ရွက်ရာမှာ အုပ်ချုပ်မှုကိစ္စများ ဆောင်ရွက်ခြင်း၊ မိမိကိုယ်ကို ကာကွယ်ရန်အတွက်သာ လုပ်ဆောင်နေခြင်းမျိုးသာ ဆောင်ရွက်လျှက်ရှိကြောင်း” ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် က ဇန်န၀ါရီလ(၃၀) ရက်နေ့က တောင်ငူမြို့မှာ ပြောကြားခဲ့တယ်လို့ သိရှိရပါတယ်။
ဒီလိုပြောကြားချက်ကိုကြည့်ခြင်းအားဖြင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်က သမ္မတကြီး ဦးသိန်းစိန်ရဲ့ အမိန့်ကို လိုက်နာကြောင်းနဲ့ တပ်မတော်ဟာလည်း ကြံ့ဖွံ့အစိုးရ အပေါ်သစ္စာစောင့်သိနေတယ်ဆိုတာ နိုင်ငံတကာကို အချက်ပြ လိုက်တာ ဖြစ်နိုင်ပါတယ်။
    ဒါအပြင် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ဟာ ဇန်န၀ါရီလ ဆန်းက ထိုင်းနိုင်ငံချစ်ကြည်ရေး ခရီးစဉ်အတွင်း ထိုင်းဝန်ကြီးချုပ်နဲ့ တွေဆုံစဉ်မှာ “မြန်မာအစိုးရသစ်အနေဖြင့် ဖြေလျော့မှုများစွာဖြင့် ဒီမိုကရေစီစနစ် အောင်မြင်အောင် ဖော်ဆောင်လျှက်ရှိကြောင်း၊ နောက်ကြောင်း ပြန်လှည့်ရန် မရှိပါကြောင်း” ပြောဆိုပြီး တပ်မတော်ရဲ့ နိုင်ငံရေးရပ်တည်ချက်ကို အတိအလင်း ထုတ်ဖော်ပြသခဲ့ပါတယ်။
    စောင့်ကြည့်လေ့လာသူများရဲ့အဆိုအရ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ဟာ ပြောရင်ပြောတဲ့အတိုင်း လုပ်တတ်သူဖြစ်ပြီး ငယ်စဉ်က ရုံး ၊ ဌာနကြီးများမှာ တာဝန်ထမ်းဆောင်ခဲ့ခြင်းမရှိပေမယ့် တပ်မမှူး၊ တိုင်းမှူး၊ ကစထမှူး တာဝန်ယူ ချိန်မှာ သူကိုယ်တိုင် စစ်စည်းကမ်းကို တိကျစွာလိုက်နာပြီး လက်အောက်ကိုလည်း တင်းတင်းကြပ်ကြပ်၊ ပြတ်ပြတ် သားသား အရေးယူကြောင်း၊ နောက်လိုက်ကောင်းဖြစ်မှ ခေါင်းဆောင်ကောင်းဖြစ်မယ် ဆိုတဲ့ခံယူချက်နဲ့ အမိန့်နာခံ တတ်မှုကြောင့် ဦးသန်းရွှေ စိတ်ကြိုက်ရွေးချယ် တာဝန်ပေးအပ်ခံရသူဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လဲ ဦးသန်းရွှေရဲ့ လောင်းရိပ်အောက်မှာမရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရာထူးရပြီး မကြာမီမှာ ထိပ်တန်း ဗိုလ်ချုပ်(၂)ဦးနဲ့ တိုင်းမှူး(၁)ဦးတို့ကို စစ်စည်းကမ်းမလိုက်နာမှုဖြင့် အရေးယူခဲ့တာကိုလည်း တွေ့ရှိရပါတယ်။
နေပြည်တော်စစ်ရုံး အသိုင်းအ၀န်းကလာတဲ့ သတင်းများအရ ပြီးခဲ့တဲ့လေးလပတ်အစည်းအဝေးမှာ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က တိုင်းမှူး၊ တပ်မမှူးတွေကို အလုပ်တာဝန်ကျေပွှန်မှုကို သစ္စာရှိမှုနဲ့ သက်သေပြဖို့ လိုကြောင်း၊ အမျိုးသားရေးတာဝန်ကို တပ်မတော်မှထမ်းဆောင်ရာမှာ နိုင်ငံတော်အစိုးရရဲ့ မူဝါဒအတိုင်းလုပ်ရမှာ ဖြစ်ကြောင်းနဲ့ ထာဝရငြိမ်းချမ်းရေးရဖို့ အပစ်ရပ်စဲရေးကိစ္စများမှာ အထက်ကအမိန့်ကို တိကျစွာလိုက်နာရန် လိုကြောင်း သတိပေးမှာကြားခဲ့တယ်လို့သိရပါတယ်။
ဒီလိုမှာကြားချက်ကို ကြည့်ခြင်းအားဖြင့် တပ်ချုပ်ကြီးရဲ့ ပင်ကိုယ်သဘောသဘာဝအရ သစ္စာရှိရှိ အမိန့် နာခံတတ်သူဖြစ်လို့ လက်တလောကာလမှာ ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်အနေနဲ့ တပ်မတော်အပေါ် သြဇာ သက်ရောက်မှုရှိနေဦးမှာ ဖြစ်တယ်လို့ နိုင်ငံရေးအကဲခတ်တွေက ယူဆကြပါတယ်။

ဒါ့အပြင်ကြံ့ဖွံ့အစိုးရအဖွဲ့အတွင်း သဘောထားတင်းမာသူအုပ်စု (Hard Liner)နဲ့ သဘောထား ပျော့ပြောင်းသူ အုပ်စု (Solf Liner) ဆိုပြီး အကွဲအပြဲဇာတ်လမ်းမှာ တပ်မတော်အနေနဲ့ ဘယ်ဖက်မှာရှိလဲဆိုတာ အကဲဖြတ်ရခက် နေတယ်လို့လည်းဆိုပါတယ်။ ဒါပေမဲ့လည်း အချို့မီဒီယာများကတော့ သမ္မတကြီး ဦးသိန်းစိန်နဲ့ တပ်ချုပ်ကြီး ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်တို့ကို ပါဝါတွေနှိုင်းယှဉ်ပြပြီး တပ်မတော်နှင့် အစိုးရအဖွဲ့အကြား သဘောထားကွဲလွဲမှုတွေဖြစ်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲများ နှောင့်နှေးကြန့်ကြာအောင် ရေးသားဖော်ပြနေတာလဲ တွေ့ရှိရပါတယ်။
ယနေ့အထိလဲ ကချင်ပြည်နယ်အတွင်းမှာ နေ့စဉ်တိုက်ပွဲများဖြစ်နေဆဲမို့ သမ္မတကြီးရဲ့အမိန့်ကို တပ်မတော်ကမလိုက်နာဘူးလား၊ ဘက်နှစ်ဖက်စလုံးက ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့အဖွဲ့တွေရဲ့ တာဝန်ခံမှု အပိုင်းက ဘယ်လောက်ထိမြေပြင်ကို သြဇာသက်ရောက်မှုရှိလဲဆိုတာမေးစရာဖြစ်လာပါတယ်။
စစ်ရေးအကဲခတ်များရဲ အဆိုအရ တပ်မတော်က သမ္မတအမိန့်ကိုလိုက်နာရန် ပျက်ကွက်တာမဟုတ်ဘဲ သမ္မတထုတ်ပြန်တဲ့ အမိန့်မှာကိုက ခုခံတိုက်ခိုက်ခြင်း မှအပထိုးစစ်ဆင် တိုက်ခိုက်ခြင်းရပ်စဲရန်လို့ ဖော်ပြထား ကြောင်း၊ ကချင်ဒေသက မြင်တွေ့ကြားသိချက်များအရ သမ္မတရဲ့အမိန့်ထုတ်ပြန်ပြီးနောက်မှာ အစိုးရစစ်တပ်က စခန်းသိမ်းတိုက်ပွဲတွေ ပြုလုပ်ခြင်းမရှိပဲ သူတို့ရဲ့ အဓိက မဟာဗျူဟာ လမ်းကြောင်းတွေ အပေါ်မှာသာ လမ်းကြောင်းရှင်း တိုက်ပွဲတွေဖြစ်နေကြောင်းနဲ့ ဒီနေ့အထိ တိုက်ပွဲများဖြစ်နေရတဲ့ အကြောင်းအရင်းက နှစ်ဖက် တွေ့ဆုံဆွေးနွေးပွဲတွေမှာ အပြန်အလှန်ယုံကြည်မှုမရ သေးလို့ဖြစ်ကြောင်း၊ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးချိန်မှာ ပမာဏငြိမ်းချမ်းရေး၊ ထာဝရငြိမ်းချမ်းရေး၊ စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေး၊ အပစ်အခတ်ရပ်စဲရေး မည်သို့ပင်စကားလုံးတွေ သုံးနှုန်းစေကာမူ နောက်ကွယ်မှာ ညှိနှိုင်းလို့မရတဲ့ နိုင်ငံရေး အယူအဆနဲ့ ရယူလိုတဲ့ အခွင့်အရေးများရှိနေရင် စစ်ရေးအရှိန် လျော့ကျနိုင်ဖွယ်မရှိဘူးလို့ ဝေဖန်ပြောကြားလျက် ရှိပါတယ်။
          ပြည်သူတွေလိုလားတဲ့ ထာဝရငြိမ်းချမ်းရေးရရှိဖို့ နိုင်ငံရေးသမားတွေရဲ့ စကားလုံးလှပဖို့ထက် စစ်ရေး သမားတွေရဲ့ လက်နက်များက ယမ်းခိုး၊ ယမ်းငွေ့များမထွက်ဖို့လိုပါတယ်။ ဒါကြောင့် အပြန်အလှန်ယုံကြည်မှုရှိပြီး နှစ်ဘက်စလုံးက ရိုးသားပွင့်လင်းစွာ စဉ်ဆက်မပြတ်ဆွေးနွေးပွဲများလုပ်ဆောင်သင့်ပါကြောင်း အကြံပြုပါရစေ။

ဆောင်းပါးရှင်
တိမ်လွှာ



ဒါလေးက အပြစ်တင်ရှုတ်ချတာလဲမဟုတ်သလို မကောင်းမြင်တာလဲမဟုတ်ပါဘူး။
ကျွန်တော့် အမြင်လေး ဖြစ်တဲ့ဖြစ်တဲ့အတွက်
မှားယွင်းနိုင်ပါတယ်။ မှားတယ်ဆိုရင်လည်း ကျွန်တော်မရင့်ကျက်လို့ ဆိုပြီးနားလည်ပေးစေချင်ပါတယ်။
စေတနာအမှားလေးပေါ့..

ယနေ့မြန်မာနိုင်ငံမှာ လူငယ်တွေရဲ့    အံသြစရာကောင်းတဲ့အချက်က  နိုင်ငံရေးကိုတော်တော်လေးစိတ်ပါဝင်စားကြတာပါပဲ။
ဒါဟာကောင်းလားလို့မေးတဲ့အချိန်မှာ တချို့  ကတော့ကောင်းတယ်လို့ ဖြေမှာပဲ ၊ တချို့ ကတော့မကောင်းဘူးလို့ ဖြေမှာပါ။
ကျွန်တော်ကတော့ လုံးဝမကောင်းဘူးလို့ ပဲဖြေချင်ပါတယ်။ လူငယ်တိုင်းဟာမိမိနိုင်ငံ အကြောင်း မိမိတိုင်းပြည်အကြောင်းကို
ဘာမဆိုသိရမယ် အဲဒါမှန်ပါတယ်။ဒါပေမဲ့နိုင်ငံရေးကိုစိတ်ဝင်စားသွားရင်မကောင်းတော့ပါဘူး။
ယနေ့ကျွန်တော်တို့ကြုံတွေ့ နေရတာတွေကတော့  လူငယ်တော်တော်များများဟာ အင်တာနက်စာမျက်နှာပေါမှာရော
တခြားသောနေရာမျိုးစုံမှာပါ မိမိတို့နိုင်ငံတိုးတက်ရေးဆိုပြီးတော့ ဒီမိုကရေစီ စသည်ဖြင့်ပေါ့ အမျိုးမျိုးဝေဖန်မှုတွေလုပ်
နိုင်ငံတော်အစိုးရဘယ်သူဖြစ်ဖြစ် မကောင်းပြောရမယ်ဆိုတဲ့သဘောမျိုးရောက်အောင်ကိုဝေဖန်နေတာတွေကို စိတ်မကောင်းစရာတွေ့ ရပါတယ်။
နိုင်ငံတခုတိုးတက်ဖို့ဆိုတာ တစ်ဦးထဲတစ်ယောက်ထဲ   တသီးပုဂ္ဂလနဲ့လုပ်လို့မရပါဘူး။ကျွန်တော်တို့သိထားရမှာက  အားလုံး...ဆိုလိုတာက
တစ်နိုင်ငံလုံး ပြည်သူတွေပါ    ကြိုးစားမှ တိုးတက်မှာပါ။ နိုင်ငံတော်ဆင်းရဲတာဟာတာဝန်ရှိတာ အစိုးရမှန်ပါတယ်။
ဒါပေမဲ့ တာဝန်အရှိဆုံးကိုပြပါဆိုရင်တော့ မိမိကိုယ်တိုင်ပါပဲ ။ မိမိရဲ့ တိုင်းပြည်တစ်ကယ်တိုးတက်ချင်တယ်ဆိုရင် မိမကြိုးစားရပါမယ်။
ကြိုးစားတယ်ဆိုတာဟာ ဘယ်အစိုးရတက်တက်ကွာ... ဘာတွေလုပ်မှန်းမသိဘူး... အသုံးကိုမကျဘူး.... စသည်ဖြင့်ဝေဖန်နေတာတွေကိုမဆိုလိုပါဘူး။
မိမိရဲ့ တာဝန်ကို မိမိကျေပွန်ဖို့ပြောချင်တာပါ။
မိမိတာဝန်ဆိုတဲ့နေရာမှာ လူတိုင်းမှာ တိုင်းပြည်နဲ့ပတ်သတ်ပြီး တာဝန်ရှိတယ်။ အဲဒါက ယခုမိမိလုပ်နေတဲ့အလုပ်ကို ကြိုးစားလုပ်ဖို့ပါ။
ကျောင်းသားကလည်း ကျောင်းစာကိုကြိုးစားရမယ် ၊ ဆရာဝန်ကလည်းဆေးကုတာကို စေတနာတရားထက်သန်စွာနဲ့လုပ်ရမယ်၊
အင်ဂျင်နီယာကလည်းမိမိနိုင်ငံအတွက် ဘယ်လိုနည်းပညာတွေဘယ်လိုလုပ်မယ်ဆိုတဲ့စိတ်ကူးမျိုးပေါ့။
အိမ်ထောင်တခုမှာဆိုလည်း စီးပွားရှာတဲ့သူက မိမိအိမ်စီးပွားရေးကို  အောင်မြင်အောင်လုပ်မယ်ဆိုတာမျိုး မိမိရဲ့ တာဝန်ကို မိမိကျေပွန်ရမှာပါ။
နိုင်ငံဆင်းရဲတယ်ဆိုတဲ့အချက်ထဲမှာ ကျွန်တော်တို့နိုင်ငံဟာ အင်မတန်မှ လူဝေဖန်မှာကို ကြောက်ကြသလို လူတိုင်းကလည်း
ဝေဖန်တာကိုအင်မတန်ကြိုက်ကြပါတယ်။ တခြားနိုင်ငံတွေချမ်းသာတာကိုသွားမကြည့်ပါနဲ့သူတို့က အိမ်တအိမ်မှာ မိသားစု လေးယောက်ရှိရင်
18 နှစ်ပြည့်ပြီးသူတိုင်းလေးယောက်လုံးအလုပ်လုပ်တယ် ကျွန်တော်တို့ နိုင်ငံမှာ  အဲလိုမဟုတ်ပါဘူး။
အိမ်ထောင်တခု ရဲ့  တာဝန်ဟာ ခင်ပွန်းတယောက်ပဲ အရေးကြီးတယ်လို့တွက်တယ် ကျန်တဲ့သူက အိမ်မှာပဲနေထိုင်စားတယ်
(အားလုံးကိုဆိုလိုချင်တာမဟုတ်ပါ) မိန်းကလေးများကို ရည်ရွယ်တာလည်းမဟုတ်ပါ ။ တချို့  ဆိုအဖေက အသက်လေးဆယ်ကျော်အလုပ်လုပ်လို့
သားကအသက်နှစ်ဆယ်ဘာအလုပ်မှမလုပ်ဘူးစသည်ဖြင့်ပြောတာပါ။ တခြားနိုင်ငံတွေမှာကိုယ်လုပ်မှ ကိုယ်စားရတာပါ။
ဒီနေရာမှာပြောစရာရှိတာက အလုပ်အကိုင်အခွင့်အလမ်းပေါ့နော်။ အလုပ်လုပ်ချင်တယ် အစိုးရကဘာမှလုပ်မပေးနိုင်လို့
လုပ်စရာမရှိဘူးဆိုပြီး ပြောကြပါတယ်။ ဒါမှန်သင့်သလောက်မှန်ပါတယ် ကျွန်တော်တို့လူမျိုးဟာအင်မတန်မှလူအထင်သေးမှာကို ကြောက်ပါတယ်။
အလုပ်ရှာပြီဆိုရင် အလွန်ရွေးပါတယ် (စားပွဲထိုးတို့ တခြားစရင်းကိုင်လောက်) ဘာ ညာ ဆိုမလုပ်ချင်တော့ဘူး သူများကဲ့ရဲ့ မှာစိုးပါတယ် ။
ရှက်ကြပါတယ် ။နိုင်ငံခြားမှာအလုပ်လုပ်နေတဲ့သူတွေရှိပါတယ်သူတို့ ဆီမှာ အဲလိုအလုပ်လုပ်လို့ ကဲ့ရဲ့ လားမေးကြည့်ပါ။
အလုပ်လုပ်တာရှက်စရာမဟုတ်ပါဘူး။ ဘယ်အလုပ်ပဲလုပ်လုပ် အလုပ်ကိုယ်ပိုင်ရှိတဲ့သူဟာ ဘာပဲဖြစ်ဖြစ်လေးစားစရာကောင်းပါတယ် ။
မြန်မာ လူမျိုးတွေ ဟာရှက်သင့်တာကိုမရှက်ပဲ မရှက်သင့်တာကိုတော့ကိုတော့ရှက်ကြပါတယ်။
တိုင်းပြည်တိုးတက်ချင်တယ်ဆိုရင် ကိုယ်တိုင်ပြင်ရပါ့မယ်။ အိမ်က အဖေ အမေကအလုပ်လုပ်ပြီး ကိုယ်ကထိုင်စားနေတာကိုမရှက်ပဲနဲ့
တခြားနေရာတွေမှာ သွားရှက်နေတတ်ပါတယ်။ကျွန်တော်အကြံပြုချင်တာကအလုပ်ဟူသမျှ ကောင်းပါတယ်၊ လုပ်ပါ သမာအာဇီဝနဲ့ရတာ ရှက်စရာမလိုပါဘူး ။
လူတိုင်းသာအားလုံးအဲလိုလုပ်ကြည့်ပါ။ နိုင်ငံချမ်းသာလာမှာပါ။ ဒါကအခြေခံကျတဲ့အချက်တချက်ပါ။ တခြားအများကြီးရှိပါသေးတယ် ။
ကျောင်းသားလူငယ်တွေအနေနဲ့လည်းနိုင်ငံရေးကိုစိတ်ဝင်စားတာ လက်ခံပါတယ်။ ဒါပေမဲ့ မိမိကျောင်းသားတာဝန်ကိုဘယ်လောက်ကျေပြီလဲ...
ပြန်တွေးကြည့်ပါ အဆင်မပြေတာတွေကိုဝေဖန်ပြောဆိုနေတာထက်စာရင် ငါဘယ်လို လုပ်မလဲဆိုတာ မျိုးအတွေးနဲ့ကြိုးစားသင့်ပါတယ်။
ကျောင်းတွေမှာအဆင်မပြေတာတွေရှိမှာပါ။  ဒါတွေကိုတွေးပြီး ဆဲဆိုနေတာထက်စာရင် မိမိကိုယ်တိုင် လမ်းကြောင်းရှာကြိုးစားသင့်ပါတယ် ။
ဒါတွေကိုတိုင်းပြည်အတွက် လို့မတွေး ပါနဲ့ ဦးမိမိအတွက်ဆိုပြီးကြိုးစားကြည့်ပါ ။ကျောင်းတွေမှာ တွေ့ ရတတ်တာက အခန်းလိုက်မှာ roll 1
ရအာင်ပြိုင်တဲ့သူတွေ တဦးနှစ်ဦးပါပဲ။ အားလုံးက ရေလိုက်ငါးလိုက်ဖြစ်နေတယ် အားလုံးကသာအဲနေရာ ကိုရအောင်အပြိုင်အဆိုင်
ကြိုးစားကြမယ်ဆိုရင် ကျောင်းသားအားလုံးဟာအရမ်း ကိုအားရစရာကောင်းလာမှာပါ  ဒီ roll 1 ဘာလုပ်လို့ရလဲ ဆိုတော့
ဘာမှလုပ်လို့မရပါဘူး။ ဒါပေမဲ့ ဒါက ကိုယ့်ရဲ့  ability ဘယ်လောက်ရှိလဲဆိုတာကို စမ်းသပ်တဲ့ test လေးပါပဲ။
အဲလိုသာ ကျောင်းသားတိုင်းကြိုးစားမယ်ဆိုရင် မြန်မာနိုင်ငံပညာရေးစနစ်လဲမြင့်မားလာမှာပါ။ စာကြိုးစားတဲ့ သူကိုတော့
ဘယ်ပညာရေးစနစ်ကမှ မကြိုးစားနဲ့လို့မပြောပါဘူး။ ဒါပေမဲ့ ပညာရေးစနစ်မှာ လိုအပ်ချက်တွေ မှားယွင်းနေတာ တွေရှိမှာပါ။
ဒါတွေကိုစိတ်ပျက်နေမဲ့အစား မိမိဘာသာမိမိနည်းလမ်းရှာ ကြိုးစားကြည့်ရင်အားလုံးအောင်မြင်မှာပါ။
ဒီလို စာကိုကြိုးစားတာဟာ ဒီမိုကရေစီ ဒီမိုကရေစီ ဆိုအော်ပြီး နိုင်ငံတော်အတွက်လုပ်နေတာထက်စာရင် ခုလိုကြိုးစား။
 ဒါဟာ ကျွန်တော်တို့နိုင်ငံ တိုးတက်ဖို့ကို အထောက်အကူပိုပြုနိုင်မှာပါ။ တချို့ နိုင်ငံရေးသမားတွေဟာ ကျောင်းသားတွေကို
တည်ကျက်အဖြစ်သုံးလာတယ်။ အဲဒါက မြန်မာနိုင်ငံ ကိုချောက်ထဲကိုဆွဲချနေတာပါ။ ကျောင်းသားတွေနိုင်ငံရေးလုပ်ပြီ
ဆိုကတည်းက နိုင်ငံဆင်းရဲတွင်းနက်ပြီးရင်နက်လာမှာပါ။ တကယ်ဝမ်းနည်းဖို့ကောင်းပါတယ်။ အဲလို ဟောပြောတာတွေကြားရတိုင်း
တိုင်းပြည်ခွေးဖြစ်မှာပဲလို့။  ခင်ဗျားတို့ လူငယ်ကျောင်းသားတွေသာ မိမိရဲ့ ကျောင်းစာကို မလုပ်ပဲ အားလုံးသာနိုင်ငံ ရေးလုပ်ကြည့်ပါ။
ဘယ်ဒီမိုကရေစီပဲရရ ၊ ဘယ်အစိုးရပဲတက်တက်၊ နိုင်ငံဟာမွဲနေမှာပါ။ တိုင်းပြည်ကို လည်းရောင်းစားရာကြပါတယ်။
နိုင်ငံရဲ့ ဆင်းရဲတဲ့အချက်ထဲမှာ အရေးကြီးဆုံးကတော့နည်းပညာမရှိတာပါ။ ကျွန်တော်တို့တိုင်းပြည်မှာ ဘယ်လောက် သယံဇာတပေါပေါ
နည်းပညာမရှိတော့ ကုန်ကြမ်းအဖြစ်သာရောင်းလို့ရတယ်။တခြားနိုင်ငံက နည်းပညာနဲ့ အဲဒီကုန်ကြမ်းတွေကို ပြုပြင်ပြီး
ပြန်လည်ရောင်းစားရတာခံရပါတယ်။အင်မတန်မှဝမ်းနည်းစရာ ကောင်းပါတယ်။ တကယ်သာနိုင်ငံကိုတိုးတက်ချင်တယ်ဆိုရင်ဒီမိုကရေစီ
အော်နေစရာမလိုပါဘူး။ နိုင်ငံရေးသမားတွေအော်မှာပါ မိမိက မိမိတာဝန်ကိုကျေဖို့သာလိုပါတယ်။
နည်းပညာဆိုတဲ့နေရာမှာ... ဥပမာ ဗျာ ကျွန်တော်တနိုင်ငံဘိန်းမုန့် လုပ်တယ်ဆိုတာရှိတယ်။ အဲလို လုပ်တဲ့အခါမှာ
မိမိအလုပ်ကို အခုပိုက်ဆံရဖို့ပဲတွေးတယ်ဗျာ။ဘယ်လိုတိုးတက်လာအောင်လုပ်မလဲမတွေးပါဘူး ။
ဘိန်းမုန့်လုပ်တဲ့အိုးလေးတွေဆိုတာနှစ်ဘယ်လောက်ကြာကြာ ဒီဇိုင်းကဒီတမျိုးပဲ။  တခြား နိုင်ငံတွေမှာ လည်းအဲလိုဘိန်းမှန့်လိုမျိုးလေးတွေရှိပါတယ်။
သူတို့ကအဲဒီဘိန်းမုန့်ကိုပဲ စားချင်စရာလေးဖြစ်လာအောင်အမျိုးမျိုး လေးတွေလုပ်ကြတယ်။ အိုးလှလှလေးတွေနဲ့လုပ်တယ်။
ပုံလေးတွေလှလှလေးတွေထွက်လာတဲ့ အချိန် ဈေးကပိုရတယ် စသည်ဖြင့်ပေါ့...ဘယ်နေရမှာမဆို နည်းပညာအင်မတန်အရေးကြီးပါတယ်။
အတွေးအခေါ် အင်မတန်မှလိုအပ်ပါတယ်။ ဒါတွေကိုပြုပြင် ဖို့ဆိုရင် ကျောင်းသားလူငယ်တွေကပဲလုပ်နိုင်ပါတယ်။
ကျောင်းသားလူငယ်တွေဟာ ဒါမျိုးနိုင်ငံတိုးတက်မဲ့နည်းပညာမျိုးတွေ အတွေးအခေါ်မျိုးတွေမှာပဲစိတ်ဝင်စားသင့်ပါတယ်။
ကျွန်တော်တို့နိုင်ငံမှာဖြစ်နေတာလေးတခု ပြောပြချင်ပါတယ်။ ကျောင်းသားတွေဆယ်တန်းအောင်တဲ့အချိန်မှာ ကျောင်းသားလေးတွေဟာ
အရမ်းဟာနပျိုတက်ကြွပြီး ကြိုးစားချင်စိတ်အပြည့်ရှိနေတဲ့အချိန်မှာ ကျောင်းတွေ university တွေရောက်လာတဲ့အချိန်မှာ
သူတို့ရဲ့ စိတ်ဟာ တမျိုးပြောင်းသွားတယ်။ university ဆိုတာအင်မတန်မှ ပျော်စရာကောင်းတဲ့နေရာကြီးတခုအဖြစ်မြင်လာတယ်။
အချိန်တန်ကျောင်းလေးမတက်တချက်တက်တချက်လုပ်လိုက် လက်ဘက်ရည်ဆိုင်လေးထိုင်လိုက် ဆေးလိပ်လေးသောက်လိုက်
တနေကုန်သူငယ်ချင်းတွေနဲ့ စကားထိုင်ပြောလိုက် ညနေပိုင်းဘီယာလေးပြေးဆွဲလိုက် အတွဲလေးနဲ့သွားလိုက် ညပိုင်းကောင်မလေးတွေအဆောင်ရှေ့ မှာ
ဂစ်တာလေး တီးလိုက်နဲ့  အမတန်စိတ်ချမ်းသာစရာ နေရာအဖြစ်မြင်လာပါတယ်။ ကျောင်းစာတွေကိုငါဘယ်လိုလုပ်မယ်ဆိုတဲ့အတွေးမျိုး မရှိတော့ပါဘူး။
အချိန်တန်အောင်မှာပဲဆိုပြီးတော့ပေါ့။ဒါတွေဟာနိုင်ငံတော်ကို ချောက်ထဲဆွဲချနေတာပါ။ ကျောင်းသားဘဝ မပျော်ရဘူးမပြောပါဘူး။
ဒါပေမဲ့ မိမိအဓိကတာဝန်ဖြစ်တဲ့ ကျောင်းစာကိုကြိုးစားရမှာကိုတော့လုံးဝမေ့ထားလို့မရပါဘူး။
မြန်မာနိုင်ငံမှာ တခြားနိုင်ငံကျောင်းသားတွေအားကျစရာကောင်းတဲ့အချက်ကကိုယ်တိုင် အလုပ်လုပ်ပြီးကျောင်းတက်စရာမလိုတာပါ။
မိဘပေးသောပိုက်ဆံကို ထိုင်သုံးပြီးကျောင်းတက်ရုံသာ ဖြစ်ပါသည်။ တခြားနိုင်ငံတွေမှာ ကျောင်းသားတွေဟာအလုပ်မျိုးစုံလုပ်ရင်း
ကျောင်းတက်ကြရပါတယ်။ကျောင်းတွေမှာပဲ သန့်ရှင်းရေးပြန်လုပ်တာ ရှိတယ်။ ပြီးတော့တခြား စားပွဲထိုးတွေ ပါဆယ်ပို့တဲ့သူတွေ
လက်မှတ်ဝေတဲ့သူတွေ စသည်ဖြင့်ပေါ့ဘာမှမရှက်မကြောက်အလုပ်လုပ်ရင်းကျောင်းတက်ကြတယ်။ကျွန်တော်တို့နိုငံမှာ ဘာအလုပ်မလုပ်စရာမလိုပဲ
စာတခုပဲလုပ်စရာရှိတာတောင်မလုပ်ကြပါဘူး ။ ဒါကပညာရေးစနစ်ကြောင့်လည်းပါပါတယ်။ဒါပေမဲ့ အဓိက က မိမိကိုယ်တိုင်ပါပဲ မိမိခံယူချက်ကိုမိမိပုံသွင်းပါတယ် ။
ဒါတွေကိုငြင်းပယ်လို့မရဘူး အခက်အခဲ ဘယ်လောက်ရှိရှိ ဘယ်သူလုပ်လုပ်မလုပ်လုပ်ငါလုပ်တယ်ဆိုပြီး ကြိုးစားဖို့လိုပါတယ် ။
လူငယ်တိုင်းသာ အဲလိုအတွေး အခေါ်မျိုးနဲ့ကြိုးစားရင်တိုင်းပြည်တိုးတက်မှာပါ။လူငယ်ဟာ တိုင်းပြည်ရဲ့ အနာဂါတ်ပါ။
လူငယ်တွေကောင်းမှတိုင်းပြည်ကောင်းမှာပါ ။ကောင်းတယ်ဆိုတဲ့နေရမှာ အဲလိုထိုင်ပြီး ဝေဖန်ရေးလုပ် ဒီမိုကရေစီအော်နေတာထက် မိမိတာဝန်ကိုကျေပွန်ဖို့ပါ။
တခြားနိုင်ငံတွေမှာ အလုပ်လုပ်နေတဲ့ လူငယ်တွေကိုကြည့်ပြီးအားကျမိပါတယ်။ သူများနိုင်ငံမှာ ကြိုးစားနိုင်လို့ ။ ဒါပေမဲ့ကျွန်တော်တို့လူငယ်အမြင်တွေက မှားနေကြတယ် ။
သူတို့လဲ တိုင်းပြည်ကို တိုးတက်ချင်တဲ့ စေတနာနဲ့ ဝေဖန်တာတွေလုပ် ဆဲဆိုနေတာ တွေတွေ့ နေရပါတယ်။ ဒါတွေဟာ တိုင်းပြည်ကိုတိုးတက်ဖို့မဟုတ်ပဲ
ချောက်ထဲဆွဲချနေသလိုပါပဲ။ နိုင်ငံခြားမှာအလုပ်လုပ်နေတဲ့ သူတွေဟာအင်မတန်မှအရေးပါပါတယ် တိုင်းပြည်အတွက် ပေါ့။တို့တိုင်းပြည်မှာနည်းပညာမရှိဘူး။
သူများတွေ တိုင်းပြည်လို တိုးတက်စေချင်တယ်ဆိုရင် ဘာမှ ဒီမိုကရေစီလည်းအော်မနေပါနဲ့။ ဘာမှလည်းဆဲဆိုဝေဖန်မနေပါနဲ့။
မိမိ အလုပ် ကိုမိမိအောင်မြင်အောင်ကြိုးစားပါ။ တချိန်ကျရင် မိမိတိုင်းပြည်ကိုပြန်လာပြီးအလုပ်အကျွေးပြုပါ ။ အုပ်ချုပ်တဲ့ အစိုးရမည်သူဖြစ်ပါစေ
မိမိရဲ့ အကျင့် တဦးတယောက်ချင်းစီရဲ့ စိတ်ဓာတ်မကောင်းရင်တိုင်းပြည်ဆင်းရဲနေမှာပါ။ တခြားတိုင်းပြည်တွေကိုကြည့်ကြည့်ပါ။
မိမိတိုင်းပြည်ရဲ့ ကောင်းကြောင်းကိုပဲပြောတယ် မကောင်းကြောင်းကို မပြောပါဘူး။ တခြားနိုင်ငံသားက မိမိနိုင်ငံအပေါ်မှာ အထင်သေးမှာကို
အစိုးရကိုမုန်းတယ်ဆိုတဲ့စိတ်တခုတည်းနဲ့ တိုင်းပြည်ကိုမြောင်းထဲရောက်အောင်မပြောသင့်ပါဘူး။ အစိုးရဆိုတာဟာ အင်မတန်မှ လေးစားစရာကောင်းပါတယ်။
ဘယ်အစိုးရပဲဖြစ်ဖြစ်သူတို့ရဲ့ အချိန်တွေကိုပေးပြီးလုပ်နေရတာ သူတို့လည်းကို့လို အေးအေးလူလူနေချင်ရှာမှာပါပဲ။ တာဝန်နဲ့  ယှာဉ်လာရင်
သူတို့ အတွက်အခွင့်အရေးလေးတော့ပါလာမှာပေါ့။နားလည်ပေးလိုက်ပါ။စကားပုံတောင်ရှိတယ်မလား ရာထူးဂုဏ်ဝါ အခွင့်အရေးပါ တာဝန်ပါမြဲရှောင်မလွဲ တဲ့ ။
တကယ်နိုင်ငံတိုးတက်စေချင်တယ်ဆိုရင် မကောင်းထိုင်ပြောတာတွေလုပ်နေမဲ့အစား မိမိက မိမိတာဝန်ကို ကျေအောင် လုပ်ပေးရပါလိမ့်မယ် ။
တိုင်းပြည်အတွက်လုပ်တယ်ပြောပြီးလမ်းပေါ်မှာအမှိုက်လေးကျနေတာတောင် ကောက်ပြီးထည့်တတ်တဲ့စိတ်လေးမရှိရင် ဘာမှလုပ်လို့မရပါဘူး။
ဒီမိုကရေစီဆိုတာ လည်းနိုင်ငံရေးစနစ်တခုပါ။ ဒါပေမဲ့အားလုံးအခြေခံဟာ လူတိုင်းစည်းကမ်းရှိဖို့ပါ။ကျွန်တော်တို့နိုင်ငံလောက်လွတ်လပ်တဲ့နိုင်ငံမရှိပါဘူး။
လမ်းပေါ် တွေ့ တဲ့နေရာ အမှိုက်ပစ်တယ် ဆေးလိပ်သောက်တယ် ကွမ်းထွေးတယ် ။ ဒါတွေကို ကိုယ်တိုင်တဦးချင်းပြင်မှ တိုင်းပြည်လည်းတိုးတက်မှာပါ ။
လူငယ်တွေ နိုင်ငံရေးအော်ပြီး ဒီမိုကရေစီလုပ်နေလည်းတိုးတက်မလာပါဘူး။ ဒီမိုကရေစစ်အရမ်းအောင်မြင်လို့လည်းလူတိုင်းကို အိမ်မှာ
ကားတစီး တိုက်တလုံး စားစရာကြက်သားတုန်းလာမပေးပါဘူး ။အားလုံး ကကိုယ့်ကြိုးစားမှုနဲ့သာရယူနိုင်ပါ့လိမ့်မယ်။
ဝမ်းနည်းစရာကောင်းတဲ့ အချက်တချက်ကို ကြားလိုက်ရပါတယ်။ ကျောင်းသားဟောင်းနိုင်ငံရေးသမားတွေဟာ ကျောင်းသားတွေကိုပါ နိုင်ငံရေးထဲဆွဲသွင်းချင်တဲ့
ဟောပြောမှုမျိုး ဒါတွေဟာ တိုင်းပြည်ကိုချစ်ရာမကြပဲ နှစ်ရာကြပါတယ်။ အဲလူတွေ နိုင်ငံရေးရာထူးကြီးကြီးတွေရလာရင် တိုင်းပြည်လည်း ဗိုလ်ချုပ်ပြောခဲ့သလို
ဖာနိုင်ငံဖြစ်သွားပါလိမ့်မယ်။ လူငယ်တွေဟာ နိုင်ငံရဲ့  တကယ့်ကို အသက်သွေးကြောဖြစ်ပါတယ်။ အဲလူငယ်တွေသာ နိုင်ငံတိုးတက်ရေးကို
မှားယွင်းစွာနဲ့ လုပ်နေမယ်ဆိုရင် တိုင်းပြည်မှာ မည်သူပင်အုပ်ချုပ်ပါစေ ဆင်းရဲမြဲဆင်းရဲမှာပါ။နောက်ဆုံးအနေနဲ့အကြံပြုလိုသည်မှာ
လူငယ်များအနေနဲ့ဒီမိုကရေစီအော်ပြီး ဝေဖန်ရေးတွေလုပ် နိုင်ငံရေးကို စိတ်ဝင်တစားလုပ်နေတာထက်စာရင် တကယ်တိုင်းပြည်တိုးတက်ချင်တယ်ချစ်တယ်ဆိုရင်
ယခုမိမိလုပ် နေသော အလုပ်ကိုပဲ အခက်အခဲဘယ်လောက်ရှိရှိ တာဝန်ကျေကျေလုပ်တာက တိုင်းပြည်ကိုပိုချစ်တာဖြစ်ပါတယ်။
ဒါမှလည်းနောင်ဒီလိုအသိဥာဏ်မြင့်မားတဲ့လူငယ်တွေလက်ထက်ကြရင် တိုင်းပြည်ဟာ တခြားတိုင်းပြည်တွေထက်သာသွားမှာပါ ။
အားလုံးကိုတိုက်တွန်းလိုသည်မှာ မိမိသည်မိမိသာဖြစ်သည် မိမိအလုပ်တွင်မိမိကြိုးစားခြင်းသည် မိမိအတွက်သာမက တိုင်းပြည်နိုင်ငံ အတွက်ပါဖြစ်သည်
ဆိုတာကိုတိုက်တွန်းလိုပါသည်။  အမှားများရှိခဲ့လျှင်စေတနာအမှားသာဖြစ်ပါသဖြင့် အားလုံးပဲနားလည် ပေးနိုင်မည်ဟမျှော်လင့်ပါသည်။
ပြည့်ဖြိုး