news-eleven.com website တွင်တွေ့ရှိပြီ။ အရေးအသားများ ကြိုက်နှစ်သက်သော ကြောင့် ပေးပို့လိုက်ပါသည်။ ဆောင်းပါးကို ရေးသားသူမှာ လူထုစိန်ဝင်းဖြစ်ပါသည်။
မောင်မြင့်

လွတ်လပ်တဲ့ သတင်းစာနဲ့ သတင်းမီဒီယာ လုပ်ငန်းများဟာ နိုင်ငံတိုင်းနဲ့ လူမျိုးတိုင်း အတွက် အင်မတန် အရေးကြီးတယ် ဆိုတာကို တစ်ကမ္ဘာလုံး သိကြတယ်။ ဒီမိုကရေစီ နိုင်ငံတွေမှသိတာ မဟုတ်ဘူး။ အာဏာရှင်တွေလည်းသိ၊ ဖက်ဆစ်တွေလည်း သိတယ်။

စံတင်လောက်အောင်တော်တဲ့ ဟစ်တလာ

သိတဲ့အတွက် ဘယ်နိုင်ငံမှာမဆို အာဏာသိမ်းပွဲတစ်ခု ဖြစ်ပြီ ဆိုရင် သတင်းစာနဲ့ အသံလွှင့်ဌာနတွေကို အစိုးရရုံး သမ္မတအိမ်တော်၊ လွှတ်တော်တို့နဲ့အတူ အရင်ဆုံး သိမ်းပိုက်ကြတယ်။ ဒီမိုကရေစီ အစိုးရတွေက
သတင်းမီဒီယာရဲ့တန်ဖိုးကို သိပေမယ့်  တန်ဖိုး သိပ်ထားလေ့ မရှိကြဘူး။
သူတို့အတွက် အသုံးချလို့ ရရုံလောက်သာ နေရာပေးကြတယ်။ အာဏာရှင်တွေနဲ့ နာဇီတွေ ဖက်ဆစ်တွေကတော့ သတင်းမီဒီယာရဲ့ တန်ဖိုးကို
ကောင်းကောင်းသိသလို ကောင်းကောင်းလည်း အသုံးချကြတယ်။ ဂျာမန်အာဏာရှင်ကြီး ဟစ်တလာဟာ သတင်းမီဒီယာကို အသုံးချတဲ့ နေရာမှာ စံတင်လောက်အောင် တော်တဲ့သူ ဖြစ်တယ်။ စစ်အတွင်း နာဇီ အသံလွှင့်ဌာနက လွှင့်လိုက်တဲ့ သတင်းတွေဟာ နာဇီတို့ရဲ့ စစ်ရေး အောင်မြင်မှုတွေကို အများကြီး အထောက်အကူ ပြုခဲ့တယ်။ ဒီအသံလွှင့်ချက်တွေကြောင့် ဂျာမန်တွေ ရေလက်ကြားကိုဖြတ်ပြီး နက်ဖြန်ပဲ လန်ဒန်မြို့ကြီးကို ရောက်တော့ မလိုလို၊ သန်ဘက်ခါပဲ လေထီးတပ်တွေ ရောက်လာတော့ မလိုလိုနဲ့ အင်္ဂလန် တစ်ကျွန်းလုံး ထိတ်လန့်ချောက်ချား ဖြစ်ကုန်ကြရတယ်။ စိတ်ဓာတ် စစ်ဆင်ရေးနဲ့ ၀ါဒဖြန့်ချိရေး တာဝန်ခံ ပြန်ကြားရေးဝန်ကြီး \'\'ဂိုဘယ်\'\'ကို ဂျာမန်ပြည်သူတွေ အားလုံးနဲ့ နာဇီတပ်တွေကပါ ဖိန့်ဖိန့်တုန်အောင် ကြောက်ကြရတယ်။

ဟောရောရှိနဲ့ ဘန်ဇိုင်း

အာရှတိုက်က ဂျပန်ဖက်ဆစ်တွေလည်း အလားတူ အသံလွှင့်ဝါဒဖြန့် လုပ်ငန်းကို ကောင်းကောင်းကြီး အသုံးချခဲ့တာပါပဲ။ \'\'အာရှတိုက် သာတူညီမျှရေး\'\' နဲ့ \'\'မဟာအာရှ ထူထောင်ရေး\'\'ဆိုတဲ့ တိုကျို အသံလွှင့်ဌာနရဲ့ ၀ါဒဖြန့်ချိရေး မှိုင်းလုံးကြီးတွေဟာ ဗြိတိသျှရဲ့ ကိုလိုနီ ထမ်းပိုးအောက်က ရုန်းထွက်ဖို့ နည်းမျိုးစုံနဲ့ ကြိုးစားနေခဲ့ကြတဲ့ အာရှနိုင်ငံအားလုံး အပေါ်မှာ အများကြီး ရိုက်ခတ်ခဲ့တယ်။ကျွန်တော်တို့ဆီမှာ ဘယ်လောက်ထိ သြဇာလွှမ်းမိုးခဲ့သလဲ ဆိုရင် ပါးရိုက်နားရိုက် အလုပ်ခံနေရတဲ့ကြားကတောင် လက်သီးဆုပ်ကို ဆန့်တန်းပြီး \'\'နီပွန်ဘိရုမာ ဘန်ဇိုင်း၊ ဘန်ဇိုင်း\'\'လို့ အော်တဲ့အထိ ဖြစ်ခဲ့ရတယ်။ ဂျပန်စကား မတတ်ပေမယ့် မြန်မာလူမျိုးတိုင်း \'\'ယောရောရှိ\'\' နဲ့ \'\'ဘန်ဇိုင်း\'\'တော့ ကောင်းကောင်း ပြောတတ်နေကြတယ်။

ဝန်ကြီးနဲ့ တန်းတူ

စစ်အေးကာလ တစ်လျှောက်လုံးမှာလည်း အရှေ့ဥရောပ နိုင်ငံအားလုံးမှာ သတင်းမီဒီယာလုပ်ငန်းကို ကောင်းကောင်း အသုံးချခဲ့တယ်။ ပရာဗဒါလိုတပ်စ်လို သတင်းစာနဲ့ သတင်းဌာနကြီးတွေရဲ့ အယ်ဒီတာချုပ်တွေဟာ
ဝန်ကြီးတွေလောက်နီးပါး အာဏာ ရှိခဲ့ကြတယ်။ နိုင်ငံခြားကို စေလွှတ်တဲ့ သတင်းထောက်တွေ ဆိုရင်လည်း သံအမတ်ကြီးတွေနဲ့ တန်းတူလောက် သဘောထားကြတယ်။ တချို့ သတင်းထောက်တွေဆို
သံအမတ်ကြီးတွေထက်တောင် သြဇာ ရှိကြတယ်။ စိတ်ချရတဲ့ လက်ရွေးစင်တွေကိုမှ ရွေးပြီး နိုင်ငံခြား သတင်းထောက် အဖြစ် စေလွှတ်တာ ဖြစ်တယ်။ အဲဒါကြောင့် ဒီလူတွေဟာ တော်လည်းတော်ကြတယ်။ နှမြောစရာ
ကောင်းတာက လူတော်တွေရဲ့ အရည်အချင်းတွေ လုပ်ရည်ကိုင်ရည်တွေဟာ ပြည်သူလူထု အတွက် ဖြစ်ရမယ့်အစား သူတို့ပါတီရဲ့ အကျိုးစီးပွား အတွက် သက်သက် အဟောသိကံ ဖြစ်ပြီး ဆုံးရှုံးသွားရတာပဲ။


အစိုးရလုပ်သမျှအားလုံး ကောင်းပါသည်ခင်ဗျား လုပ်တိုင်း အစိုးရက သဘောကျပြီး နေရာပေးလိမ့်မယ် မထင်နဲ့၊ ဘယ်သူမှ ဒါလောက် မညံ့ဘူး။ ကောင်းတာကို ကောင်းတယ်ပြော၊ မကောင်းတာကို မကောင်းဘူးပြော၊ မှန်ရင်မှန်တဲ့အတိုင်း၊ မှားရင်မှားတဲ့အတိုင်း သိက္ခာရှိရှိ ပြောတဲ့ ရေးတဲ့သူများကိုသာ လူတွေက လေးစားကြမှာ ဖြစ်တယ်။ သတင်းသမားကောင်းလို့ သတ်မှတ်ကြမှာ ဖြစ်တယ်  . . .


ပြည်သူလူထုမှတစ်ပါး

ဒီမိုကရေစီ နိုင်ငံတွေက သတင်းစာဆရာ စစ်စစ်တွေကတော့ သူတို့ကို သတင်းစာဆရာအဖြစ် သတ်မှတ်လေ့ မရှိကြဘူး။ ၀ါဒါဖြန့်ချိရေး အရာရှိတွေလို့ပဲ သဘောထားကြတယ်။ သတင်းသမား ဆိုတာ ပြည်သူလူထုမှ တစ်ပါး ဘယ်သူ့သစ္စာခံမှ မဖြစ်ရဘူး ဆိုတဲ့ ပြဋ္ဌာန်းချက်ကို သိပ်အလေးထားကြတယ်။ သတင်းသမားစစ်စစ်ဟာ ပြည်သူလူထုရဲ့ မျက်နှာကလွဲပြီး ဘယ်သူ့ မျက်နှာမှ မကြည့်ရဘူး။ အစိုးရရဲ့ မျက်နှာကို မကြည့်ရသလို နိုင်ငံရေးပါတီ အဖွဲ့အစည်းတွေရဲ့ မျက်နှာကိုလည်း မကြည့်ရဘူး။ ဘယ်သူ့ အထောက်အပံ့ကိုမှလည်း မခံယူရဘူး။ တစ်စုံတစ်ဦး ဒါမှမဟုတ် တစ်ပါတီ တစ်ဖွဲ့တစ်စည်းရဲ့ အထောက်အပံ့ကို ရယူ လက်ခံမိရင် ဘယ်နည်းနဲ့မှ ဖြောင့်မတ်မှန်ကန်တဲ့ သတင်းသမား မဖြစ်နိုင်တော့ဘူး။ ထောက်ပံ့ ကူညီတဲ့ အဖွဲ့အစည်း ဒါမှမဟုတ် လူပုဂ္ဂိုလ်ရဲ့ မျက်နှာကို ငဲ့ကြည့်ရတော့မှာ အသေအချာ ဖြစ်တယ်လို့ ထောက်ပြလေ့ ရှိကြတယ်။

တန်ဖိုးထားလေးစား

ဒီလို ကျင့်ဝတ်တွေကို လိုက်နာ စောင့်ထိန်းတဲ့ သတင်းမီဒီယာတွေ ဆိုရင် စာဖတ်ပရိသတ် ပြည်သူလူထုကသာ မဟုတ်ဘူး အစိုးရတွေနဲ့ နိုင်ငံရေးသမားတွေကလည်း တန်ဖိုးထား လေးစားကြတယ်။ ထိုက်တန်တဲ့နေရာကို
ပေးကြတယ်။ ရှေးက နယူး ယောက်တိုင်း၊ ၀ါရှင်တန်ပို့စ်တို့လို သတင်းစာတွေနဲ့ တိုင်းမ်မဂ္ဂဇင်းလို သတင်းမဂ္ဂဇင်းကြီးတွေက အယ်ဒီတာတွေ သတင်းထောက်တွေ မော်စကို သွားရင် ကရင်မလင်က ခေါင်းဆောင်ကြီးတွေ
ကိုယ်တိုင်က လက်ခံ တွေ့ဆုံလေ့ ရှိတယ်။ မြန်မာပြည်မှာလည်း ဗိုလ်ချုပ်နေ၀င်း အစိုးရ လက်ထက်က ကျင်းပတဲ့ အလုပ်သမား ညီလာခံ တောင်သူလယ်သမားညီလာခံ ဆိုတဲ့ ညီလာခံကြီးတွေမှာ ဆရာကြီးရွှေဥဒေါင်းလို၊ ဆရာဇ၀နလို၊ ဆရာလူထုဦးလှလို အယ်ဒီတာကြီးတွေကို ရှေ့ဆုံးတန်း ဗိုလ်ချုပ်နေ၀င်းဘေးမှာ နေရာပေးပြီး ထိုင်စေတာ ဖြစ်တယ်။

သီလ၊သမာဓိ၊ သိက္ခာရှိရှိ

အခု အစိုးရ လက်ထက်မှာလည်း သမ္မတသစ် ဦးသိန်းစိန်ရဲ့ တိုင်းပြည်ကို ပြောကြားတဲ့ ပထမဆုံး မိန့်ခွန်းမှာတောင် စတုတ္ထမဏ္ဍိုင်ရဲ့ အရေးပါပုံကို အသိအမှတ်ပြု တန်ဖိုးထားပြီး ပြောကြားသွားခဲ့တယ်။ နောက်ပြောကြားတဲ့ မိန့်ခွန်းတိုင်းမှာလည်း စတုတ္ထမဏ္ဍိုင် အကြောင်း အမြဲလိုလို ပါခဲ့တယ်။ အစိုးရကိုယ်တိုင်က အခုလို အလေးအနက်ထား ပြောကြားနေချိန်မှာ သတင်းမီဒီယာသမားများ ဘက်ကလည်း သီလ၊ သမာဓိ၊ သိက္ခာရှိရှိနဲ့ ကိုယ့်တာဝန် ကိုယ်ကျေပွန်စွာ ထမ်းဆောင်ဖို့ လိုအပ်ပါတယ်။ ဗိုလ်ချုပ်နေ၀င်းဘေးမှာ နေရာပေးခံခဲ့ရတဲ့ သတင်းစာဆရာကြီးတွေလို သတင်းသမား ဒီနေ့ ဘယ်နှယောက်များ ရှိသလဲသို့ ကိုယ့်ဟာကိုယ် ဆန်းစစ်ကြည့်ကြဖို့ လိုတယ်။ အနာပေါ်တုတ်ကျ ဖြစ်ကြရင်လည်း မတတ်နိုင်ဘူး။ မှန်တဲ့အတိုင်း ပြောရမယ် ဆိုရင် လက်ချိုး ရေကြည့်တဲ့အခါမှာ လက်တစ်ဖက်တောင် ပြည့်အောင် မရှိပါဘူးလို့ပဲ ပြောလိုက်ပါရစေ။

ဒါလောက်မညံ့ဘူး

အစိုးရက အသိအမှတ်ပြု နေရာပေးတယ် ဆိုရင် ကိုယ့်ဘက်ကလည်း ထိုက်တန်အောင်တော့ ကြိုးစားရမှာ ဖြစ်တယ်။ အစိုးရ လုပ်သမျှအားလုံး ကောင်းပါသည်ခင်ဗျား လုပ်တိုင်း အစိုးရက သဘောကျပြီး နေရာပေးလိမ့်မယ် မထင်နဲ့၊ ဘယ်သူမှ ဒါလောက် မညံ့ဘူး။ ကောင်းတာကို ကောင်းတယ်ပြော၊ မကောင်းတာကို မကောင်းဘူးပြော၊ မှန်ရင်မှန်တဲ့အတိုင်း၊ မှားရင်မှားတဲ့အတိုင်း သိက္ခာရှိရှိ ပြောတဲ့ ရေးတဲ့ သူများကိုသာ လူတွေက လေးစားကြမှာ ဖြစ်တယ်။ သတင်းသမားကောင်းလို့ သတ်မှတ်ကြမှာ ဖြစ်တယ်။ ဥပမာအနေနဲ့ ပြောရရင် ဒီနေ့ အစိုးရက လက်နက်ကိုင် ပဋိပက္ခတွေ ရပ်စဲဖို့ ငြိမ်းချမ်းရေး အတွက် တွေ့ဆုံ ဆွေးနွေးဖို့ ဖိတ်ခေါ်ကမ်းလှမ်းတာဟာ ကောင်းတယ်။ ဒါကြောင့် ကောင်းတယ်လို့ ပြောရဲရမယ် ရေးရဲရမယ်။ ဧရာဝတီမြစ်ဆုံမှာ တည်ဆောက်မယ့် ဆည်ကြီးတွေ ကိစ္စကို ပြန်လည် သုံးသပ်လေ့လာနေပါတယ်လို့ ပြောတာ ကောင်းတယ်။ ကောင်းတယ်လို့ ထောက်ခံရဲရမယ်။ သမ္မတဦးသိန်း စိန်က ဒေါ်အောင်ဆန်းစုကြည်ကို လက်ခံတွေ့ဆုံတာဟာ အင်မတန် ကောင်းတယ်။ ထောက်ခံကြိုဆိုရမယ်။ အထူးသဖြင့် ဗိုလ်ချုပ်ဓာတ်ပုံ ချိန်ဆွဲထားတဲ့ နေရာမှာ ဓာတ်ပုံတွဲ ရိုက်ပြီး တိုင်းပြည်က သိအောင်ပြလိုက်တာဟာ အစိုးရအနေနဲ့ ချစ်ကြည်ရင်းနှီးလိုစိတ် ရှိကြောင်း ပြသတဲ့ လက္ခဏာတစ်ရပ် ဖြစ်တယ်။ ၀မ်းသာအားရ ကြိုဆို ထောက်ခံရမယ်။

မကြောက်မရွံ့ထောက်ပြ

အလားတူပဲ မသင့်လျော်ဘူးလို့ ထင်မြင် ယူဆစရာများ ရှိရင်လည်း မကြောက်မရွံ့ ထောက်ပြရမှာ ဖြစ်တယ်။ ဥပမာ စက်မှု(၁)က မော်တော်ကားရောင်းတဲ့ကိစ္စမျိုး ဆိုပါတော့။ လောလောဆယ် လွှတ်တော် ကိုယ်စားလှယ်တွေကို ရောင်းပေးတယ်။ နောက်ကျရင် တတ်သိ ပညာရှင်တွေ၊ ပါမောက္ခတွေ၊ ဆရာဝန်တွေ၊ စာရေးဆရာတွေနဲ့ စာနယ်ဇင်းသမားတွေကို ရောင်းပေးမယ် ဆိုတဲ့ ကိစ္စမျိုးဟာ ဥပဒေရဲ့အထက်မှာ ဘယ်သူမှ မရှိစေရဘူး။ အခွင့်ထူးခံ လူတန်းစား မရှိစေရဘူး ဆိုတဲ့ သမ္မတကြီးနဲ့ လွှတ်တော် ဥက္ကဋ္ဌတို့ ပြောကြားခဲ့တဲ့ စကားတွေနဲ့ ဆန့်ကျင်နေတယ်။ ဒီမိုကရေစီရဲ့ အနှစ်သာရနဲ့လည်း ဖီလာ ဖြစ်နေတယ်။ ဒီမိုကရေစီ စနစ်မှာ အခွင့်ထူးခံ လူတန်းစားဆိုတာ လုံးဝ မရှိရဘူး။ စာရေးဆရာမို့ စာနယ်ဇင်းသမားမို့ သာမန် ပြည်သူတွေထက် ပိုပြီး အခွင့်အရေး မယူသင့်ဘူး ဆိုတာကို ထောက်ပြရမယ်။

ဘယ်မှမသွားသူတွေ ပြန်လာစေသင့်

ပလက်ဖောင်းပေါ်က လမ်းဘေးဈေးသည်တွေ အားလုံးကို ရှင်းလင်း ဖယ်ရှားပစ်နေချိန်မှာ မီဒီယာကော်နာဆိုတဲ့ ဆိုင်ကြီးတွေက ထီးထီး ကျန်ရှိနေတာက မတင့်တယ်ဘူး။ အခွင့်ထူးခံတွေလို ဖြစ်နေတယ်။ အကြောင်းအမျိုးမျိုးကြောင့် ပြည်ပ ရောက်သွားသူတွေကို ပြန်လာခွင့် ပြုမယ်လို့ ပြောပေမယ့် ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုးကိုချစ်လို့ ဘယ်မှထွက်မသွားဘဲ နေရစ်ခဲ့သူတွေကို ပြန်လာခွင့် မပေးသေးတာကတော့ မသင့်တော်ပါဘူးလို့ ထောက်ပြရမယ်။ ဒီလူတွေကို အိမ်ပြန်ခွင့် ပေးလိုက်မယ် ဆိုရင် တိုင်းသူပြည်သားအားလုံး စိတ်ချမ်းသာ ကိုယ်ချမ်းသာ ဖြစ်သွားကြရမှာ ဆိုတာကိုလည်း ရေးရဲရမယ်။

ဝန်ထမ်းကြီးငယ်များပါ

နောက်ဆုံး ပြောချင်တာကတော့ လွတ်လပ်စွာ ထုတ်ဖော် ပြောကြားခွင့်၊ ရေးသားခွင့် ဆိုတာက ရိုးရိုး အရပ်သူ၊ အရပ်သားများသာ ခံစားခွင့်ရှိတာ မဟုတ်ဘူး။ တိုင်းသူပြည်သားတွေထဲမှာ ပါဝင်နေတဲ့ အရာထမ်း
အမှုထမ်းတွေမှာလည်း ခံစားခွင့်ရှိကြောင်း ၀န်ထမ်းကြီး ၀န်ထမ်းငယ် အားလုံး သိရှိအောင် လုပ်ပေးဖို့ လိုကြောင်း ထောက်ပြသင့်တယ်။ ရပ်ကွက်တစ်ခုမှာ လူသတ်မှု၊ ဒါမှမဟုတ် လုယက်မှု ဖြစ်တယ် ဆိုရင် ရပ်ကွက်မှာ
တာဝန်ယူထားရတဲ့ ရဲစခန်းကို သတင်းထောက်က သွားမေးလိမ့်မယ်။ အဲဒီအခါ ရဲစခန်းက တာဝန်ရှိသူ ဘယ်သူမဆို ဖြစ်စဉ်အတိုင်း ဒါမှမဟုတ် \'\'ပထမ သတင်းပေး တိုင်ကြားချက်(FIR)မှာ ရေးမှတ်ထားတဲ့ အတိုင်း
ပြောခွင့်ပေးထားလိုက်ရင် အထက်ဆင့်တွေထိ မလိုအပ်ဘဲ အလုပ်ရှုပ်စရာ မလိုတော့ဘူးပေါ့။

အလေ့အကျင့်လုပ်

အလားတူပဲ ရပ်ကွက်ထဲက မီးလောင်တဲ့သတင်းကို သက်ဆိုင်ရာ မီးသတ်ဌာနက တာဝန်ရှိသူက ဖြေလိုက်ပေါ့။ ဒီမိုကရေစီနိုင်ငံတွေမှာ ဗဟိုက ချုပ်ကိုင်တဲ့ သတင်းထုတ်ပြန်ရေး အဖွဲ့ ဆိုတာမျိုး ထားလေ့မရှိပါဘူး။ ဌာနဆိုင်ရာ ၀န်ထမ်းတိုင်း သူတို့ရဲ့ ၀တ္တရားနဲ့ တာဝန်ယူမှုကို မှန်မှန်ကန်ကန် ကျင့်သုံးတတ်အောင် အလေ့အကျင့် ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။ လွတ်လပ်စွာ ပြောဆိုခွင့်ဆိုတာ ၀န်ထမ်းတွေနဲ့လည်း အကျုံးဝင်ကြောင်း ထောက်ပြသင့်တယ်လို့ ထောက်ပြ လိုက်ရပါတယ်။




၂၀၁၁ခုနှစ် သြဂုတ်လ ၃၁ ရက် နေ့တွင် ကျင်းပခဲ့သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ် တော် ဒုတိယပုံမှန် အစည်းအဝေး အဋ္ဌမ နေ့အစီအစဉ်များ ကျင်းပပုံကို တရုတ် အစိုးရပိုင် CCTVရုပ်သံမှ လာရောက် သတင်း ရယူသည်ကို တွေ့ရှိခဲ့ရသည်။
တရုတ်အစိုးရပိုင် CCTVရုပ် သံမှ သတင်းထောက်နှစ်ဦး သတင်း တက်ရောက်ရယူခြင်းဖြစ်ပြီး အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး တို့ဖြစ်သည်။ လက်ရှိ ကျင်းပနေသည့် ပထမအကြိမ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး အစီအစဉ်များသို့ နေ့စဉ်သတင်း တက်ရောက်ရယူနေသည့် သတင်းမီဒီ ယာများမှာ Eleven Media Group နှင့်မြန်မာတိုင်းမ်တို့ ဖြစ်သည်။ သြဂုတ်လ ၂၂ ရက်နေ့က စတင်ကျင်းပခဲ့သည့် ပထမအကြိမ် ပြည်ထောင်စု လွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေးများ ပထမနေ့သို့ သတင်းထောက် ၉၀ ကျော်တက်ရောက် သတင်းရယူခဲ့သည်။



၂၀၁၁ ခုနှစ် သြဂုတ်လ ၃၁ ရက် နေ့တွင် ကျင်းပခဲ့သည့် ပထမအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အ စည်းအဝေး အဋ္ဌမနေ့တွင် မေးခွန်း ၁၀ ခုဖြေကြားခြင်း၊ အဆိုလေးခု အတည်ပြု ခြင်း၊ အဆိုနှစ်ခု တင်သွင်းခြင်းများ ဆောင်ရွက်ခဲ့သည်။
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဖြေကြားခဲ့သော မေးခွန်းများမှာ ညောင်ဦးခရိုင် ပုဂံမြို့သစ်တွင် တိုက်နယ်ဆေးရုံ ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်း၊ ခန္တီးခရိုင် ကုတင် ၁၀၀ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် လိုအပ်နေသည့် အထူးကုဆရာဝန်များ၊ လက်ထောက် ဆရာဝန်များ၊ ဆရာမများ နှင့် ၀န်ထမ်းအင်အား တိုးချဲ့ခန့်ထားပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်း၊ နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်းရှိ မြို့နယ်များ၊ မြို့နယ်ခွဲများတွင် ကျန်းမာရေး စောင့်ရှောက်မှုအတွက် ပြည်သူ့ ဆေးရုံများတွင် တာဝန်ခံဆရာဝန်များ ခန့်အပ်ထားပေးရန် မေးခွန်း၊ ကျန်းမာရေး ၀န်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဌာနအား နယ်စပ်ကုန် သွယ်ရေးစခန်းများတည်ရှိရာ ဒေသများတွင် ဖွင့်လှစ်ရန် အစီအစဉ် ရှိ/မရှိနှင့် နယ်စပ်ဒေသမှ ၀င်ရောက်လျက်ရှိသော အစားအသောက်နှင့် ဆေးဝါးပစ္စည်းများ သည် လုပ်သားပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစွာ စားသုံးနိုင်ရေး အာမခံချက် ပေးမည့် အစီအစဉ်နှင့် စပ်လျဉ်းသည့် မေးခွန်း၊  မကွေးတိုင်းဒေသကြီး ချောက်မြို့ နယ် မြေပဒုံကျေးရွာ အုပ်စု၊ ဆူးတောကျေး ရွာ ၁၆ ကုတင်ဆံ့ တိုက်နယ်ဆေးရုံ ဆောက်လုပ်ပြီးစီးရေး မေးခွန်း၊ မောင်တောမြို့ပေါ်ရှိ လက်ရှိပြည်သူ့ဆေးရုံ ကုတင်  ၅၀ ဆံ့ကို တိုးချဲ့ဆောက်လုပ်ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းတို့ဖြစ်ကြသည်။
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဖြေကြားခဲ့သော မေးခွန်းများမှာ အခြေခံပညာ အဆင့်အသီးသီး တွင် အရည်အချင်း စိစစ်ရေးစာမေးပွဲ များ ကျင်းပရန်မေးခွန်း၊ အခြေခံပညာ နယ်ပယ်တွင် အမျိုးသားဆရာများ ရှားပါးလာခြင်း မေးခွန်း၊ အခြေခံပညာ နယ်ပယ်တွင် အဆင့်အလိုက် ရာထူးတိုးမြှင့်ခံထားရေး မေးခွန်းတို့ဖြစ်ကြသည်။
ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဖြေကြားခဲ့သော မေးခွန်းမှာ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒ နယ်အမှတ် ၃ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်ဝင်း၏ အများပြည်သူတို့အပေါ် မလျော်သြဇာ ကျင့်သုံးမှု၊ မမှန်မကန်ပြုကျင့်မှုများ အတွက် တိုင်ကြားမှုများကို စုံစမ်းစစ်ဆေးကြသည့်အခါ စုံစမ်းစစ်ဆေးရေး အဖွဲ့များတွင် စုံစမ်းရာဒေသမှ ယုံကြည် လေးစားထိုက်သော မြို့မိမြို့ဖ၊ ရပ်မိရပ် ဖများအား အဖွဲ့ဝင်အဖြစ်ထည့်သွင်း ဖွဲ့စည်းရန် မေးခွန်းဖြစ်သည်။
အမျိုးသားလွှတ်တော်က အတည်ပြုခဲ့သည့် အဆိုလေးခုမှာ အမေရိကန် တစ်ဒေါ်လာနှင့် ညီမျှသည့် မြန်မာကျပ် ငွေလဲလှယ်နှုန်းအား ပြင်ဆင်သတ်မှတ်ရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်း ကြောင်းအဆို၊ မြန်မာနိုင်ငံအတွင်း ထာဝရငြိမ်းချမ်းပြီး တည်ငြိမ်အေးချမ်းမှု တည်ဆောက်ထိန်းသိမ်းရေး အမြဲတမ်း ကော်မတီတစ်ရပ် ဖွဲ့စည်းရေး အဆို၊ ပြည်ထောင်စုနှင့် ပြည်နယ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့များ ရက် ၁၀၀ကျော် ကာလအတွင်း ဆောင်ရွက်ချက်များကို လွှတ်တော်က ချီးကျုး မှတ်တမ်းတင်ပေးပါရန် အဆိုနှင့်  လယ်ယာစိုက်ပျိုးရေး နှင့် ဆည်မြောင်း ၀န်ကြီးဌာနက စီမံခန့် ခွဲသော ဥပဒေများမှ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တောင်သူလယ်သမားများ လယ်ယာမြေလုပ်ပိုင်ခွင့်မဆုံး ရှုံးစေရေး၊ လုံခြုံမှုအပြည့်အ၀ ပေးနိုင်ရေး၊ စိုက်ပျိုးပြီး ထွက်ရှိလာသည့် သီးနှံများ ဈေးနှိမ်မခံရရေးနှင့် ဈေးကွက်ရရှိရေးစသည်တို့ ပါဝင်သည့် ဥပဒေသစ်တစ်ခု ရေးဆွဲပြီး ၁၉၅၃ ခုနှစ် လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေး အက်ဥပဒေ၊ ၁၉၆၃ ခုနှစ် သီးစားချထားရေးဥပဒေ၊ ၁၉၆၃ ခုနှစ် တောင်သူလယ်သမား အခွင့်အရေး ကာကွယ်သည့် ဥပဒေများကို ဖျက်သိမ်းရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုတို့ဖြစ်ကြပါသည်။
ထို့အပြင် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဝန်ကြီးဌာနမှ စီမံခန့်ခွဲသော ဥပဒေများမှ ပြင်ဆင် ဖြည့်စွက် ပြဋ္ဌာန်းသင့်သော (က) The Myanmar Company Act ၊ (ခ) The Partnership Act ၊ (ဂ)နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်များ ဥပဒေတို့ကို ပြင်ဆင် ဖြည့်စွက်ပြဋ္ဌာန်းရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆို၊ အဖွဲ့အစည်း ၉ ရပ် ၀န်ကြီးဌာန ၁၅ ခု က စီမံခန့်ခွဲလျက်ရှိသော တည်ဆဲဥပဒေ များမှ ဖျက်သိမ်း၊ ပြင်ဆင်၊ အသစ်ရေး ဆွဲသင့်သည့် ဥပဒေများကို ပြန်လည် စိစစ်ပြီး အရေးယူဆောင်ရွက်သွားရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆိုများကို လက်ခံဆွေးနွေးရန် လွှတ်တော်က သဘောတူကြောင်း ကြေညာခဲ့ပါသည်။



၂၀၁၁ ခုနှစ် သြဂုတ်လ (၂၉) ရက်နေ့တွင် ကျင်းပခဲ့သည့် ပထမအကြိမ် အမျိုးသားလွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့တွင် အမျိုးသားလွှတ်တော်က အလုပ်သမားအဖွဲ့အစည်း ဥပဒေကြမ်းအား အတည်ပြုခဲ့ပြီး ယင်းဥပဒေကြမ်းတွင် ဆေးရုံ၊ စာသင်ကျောင်း၊ သာသနိက အဆောက်အဦ၊ လေဆိပ်၊ ဘူတာရုံ၊ ခရီးသည်တင် ယာဉ်ရပ်နားစခန်း၊ ဆိပ်ကမ်း သို့မဟုတ် သံတမန် အဖွဲ့အစည်းများ၊ တပ်မတော် သို့မဟုတ် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အဆောက်အအုံ တစ်ခုခုမှ ကိုက် ၅၀၀ အတွင်းတွင် ဆန္ဒပြခြင်းမပြုရ အချက် ပါဝင်သည်။ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဦးစံထွန်းက အလုပ်သမား အဖွဲ့အစည်း ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းခဲ့သည်။ အမျိုးသား လွှတ်တော် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဦးစံထွန်း ဖတ်ကြားရှင်းလင်းခဲ့သော အစီရင်ခံစာပါ အချက်များအရ အလုပ်သမားဝန်ကြီးဌာနမှ တင်ပြသည့် ဥပဒေပါ အချက်များကို အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီက မြန်မာစာသဒ္ဒါ ရေးထုံးနှင့် ညီညွတ်စေရန် ပြင်ဆင်ခြင်း၊ ဥပဒေရေးထုံးနှင့် ညီညွတ်စေရန် ပြင်ဆင်ခြင်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ပြင်ဆင်ခြင်း စသည်တို့ကို ပြုလုပ်ခဲ့သည်။ အလုပ်သမား အဖွဲ့အစည်း ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ရန်ကုန်တိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ်(၆) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာတင်ရွှေက ဆွေးနွေးခဲ့သလို အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်ကလည်း ဒေါက်တာတင်ရွှေ၏ ဆွေးနွေးချက် အပေါ် ပြန်လည်ဆွေးနွေးခဲ့သည်။ ထို့နောက် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က အလုပ်သမား အဖွဲ့အစည်း ဥပဒေကြမ်းအား အတည်ပြုရန် အဆိုပြုခဲ့ပြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ထောက်ခံခဲ့သည်။ ထို့နောက် အလုပ်သမား အဖွဲ့အစည်း ဥပဒေကြမ်းအား အတည်ပြုရန် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူသည့်အနေဖြင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက သဘောတူပါသလား သုံးကြိမ် မေးမြန်းခဲ့ရာ သဘောမတူသည့်သူ မရှိသဖြင့် အလုပ်သမား အဖွဲ့အစည်း ဥပဒေကြမ်းအား အတည်ဖြစ်ကြောင်း ကြေညာခဲ့သည်ဟု ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။



မြန်မာ့စီးပွားရေးဘဏ်တွင် အွန်လိုင်းစမတ်ကတ်အကောင့်ကို ကျပ်တစ်သိန်းဖြင့် စာရင်းဖွင့်နိုင်ပြီဖြစ်ကြောင်း သိရသည်။ မြန်မာ့စီးပွားရေးဘဏ်များတွင် ငွေသွင်း၊ ငွေထုတ်လုပ်ငန်းများ ပိုမိုမြန်ဆန်စေရန် အွန်လိုင်းစမတ်ကတ်စနစ်ကို အသုံးပြုလျက်ရှိရာ ယခင်က ငွေကျပ် ၁၀ သိန်းဖြင့် အကောင့်ထုတ်ပေးခြင်း ဖြစ်ကြောင်း သိရသည်။ အွန်လိုင်းအကောင့် အသုံးပြုခွင့်အတွက် စာရင်းဖွင့်ပြီး တစ်ပတ်အကြာတွင် ဘဏ်ခွဲမှ စာရင်းဖွင့်လှစ်သူကို အွန်လိုင်းစမတ်ကတ် တစ်ကတ်နှင့် အွန်လိုင်းငွေမှတ်စုစာအုပ် တစ်အုပ်ကို ထုတ်ပေးမည်ဖြစ်ပြီး မြန်မာ့စီးပွားရေးဘဏ်များတွင် စမတ်ကတ်ကို အသုံးပြုနိုင်ပြီး ယင်းကဲ့သို့ ငွေသွင်းငွေထုတ် အသုံးပြုရာတွင် ကျပ် ၁၀၀ လျှင် ၀ ဒသမ ၁ရာခိုင်နှုန်း၊ (၁၀ပြားနှုန်း) ဖြင့် ဝန်ဆောင်ခ ပေးသွင်းရကြောင်း သိရသည်။ “စမတ်ကတ်မှာ လျှို့ဝှက်နံပါတ် ခြောက်လုံးပေးထားရမယ်။ ငွေသွင်းငွေထုတ် ပြုလုပ်တဲ့အခါ အဲဒီနံပါတ်ကို အသုံးပြုလိုက်တာနဲ့ စက်ကနေ စာရင်းထွက်လာမယ်။ အဲ့ဒါဆိုရင် ဘဏ်မှာ ငွေသွင်းငွေထုတ် လုပ်နိုင်ပါပြီ။ အရင်ထက်တော့ အချိန်ကုန်သက်သာပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ငွေစုဘဏ်ခွဲ(၁) မှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။ ယင်းကဲ့သို့ အွန်လိုင်းစမတ်ကတ် အသုံးပြုရာတွင် ကတ်အသုံးပြုခအဖြစ်(နှစ်စဉ်ကြေးကျပ် ၂၄၀၀၀) ပေးသွင်းရမည်ဖြစ်ပြီး အွန်လိုင်းအကောင့်စာရင်းအတွက် သတ်မှတ်ထားသည့် ဘဏ်ဝန်ဆောင်ခများကို အကြောင်းကြားခြင်းမရှိဘဲ ဘဏ်မှဖြတ်တောက်သွားမည် ဖြစ်ကြောင်း သိရသည်။ ထို့ပြင် စာရင်းဖွင့်လှစ်သည့် ဘဏ်တွင် ငွေပေးသွင်းခြင်းကို လက်ရှိဘဏ်လုပ်ငန်းစဉ် များအတိုင်း ပေးသွင်းရမည်ဖြစ်ပြီး ဝန်ဆောင်ခ ပေးသွင်းရန် မလိုအပ်ဘဲ ဘဏ်စာရင်း အကောင့်ဖွင့်သည့် ဘဏ်တွင် ကတ်ဖြင့်ငွေထုတ်ခြင်းအတွက် ပုံသေဝန်ဆောင်မှုကို ပေးဆောင်ရမည်ဖြစ်သည်။ အဆိုပါ အွန်လိုင်းစမတ်ကတ် သက်တမ်းမှာ သုံးနှစ်ဖြစ်ပြီး သက်တမ်းပြည့်ပြီး ဆက်လက်အသုံးပြုလိုပါက ကတ်အသစ် လျှောက်ထားရမည်ဖြစ်၍ အသုံးမပြုလိုပါက မြန်မာ့စီးပွားရေးဘဏ်သို့ ပြန်လည်အပ်နှံရမည်ဖြစ်ကြောင်း၊ ကတ်နှင့် မိမိလျှို့ဝှက်နံပါတ် ပျောက်ဆုံးပါက မြန်မာ့စီးပွားရေးဘဏ်မှ ပြန်လည်ပြုလုပ်ပေးမည်ဖြစ်ကြောင်း ၂၀၁၁ ခုနှစ် စက်တင်ဘာ ၁ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။ ""