ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
  နိုင်ငံတော်သမ္မတရုံး
  အမိန့်အမှတ် ၄၉/ ၂၀၁၁
  ၁၃၇၃ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၄ ရက်
  (၂၀၁၁ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်)
  လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်း
  ၁။  နိုင်ငံတော် အစိုးရသည် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော  စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်ရာတွင်  ကောင်းမွန်သော အုပ်ချုပ်ရေး၊ သန့်ရှင်းသော အစိုးရ ဖြစ်ပေါ်ရေး၊ ဒီမိုကရေစီ  ကျင့်စဉ်များ ထွန်းကားရေး၊ တရားဥပဒေစိုးမိုးရေး၊ စီးပွားရေး  ပြုပြင်ပြောင်းလဲရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများကို  ကြိုးပမ်း လုပ်ဆောင်လျက် ရှိပါသည်။
၂။  ဤသို့ နိုင်ငံတော်သစ် တည်ဆောက်ရာတွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့်  တရားဥပဒေစိုးမိုးရေး အတွက် နိုင်ငံတော်သည် တည်ဆဲဥပဒေများကို  ကျူးလွန်ဖောက်ဖျက်ခဲ့သူများအား တရားဥပဒေနှင့် အညီ ပြစ်ဒဏ်များ  စီရင်ချမှတ်ခဲ့ရပါသည်။ ဤသို့ ပြစ်ဒဏ် စီရင်ခြင်းခံရသည့် အသက်အရွယ်  ကြီးရင့်သူများ၊ ကျန်းမာရေး မကောင်းသူများ၊ ကိုယ်လက်အင်္ဂါချို့တဲ့သူများ  အပါအ၀င် အကျဉ်းသားများ အားလုံးအနက်မှ ထိုက်သင့်သော ပြစ်ဒဏ်များကို ကျခံပြီး  စည်းကမ်းနှင့် အကျင့်စာရိတ္တကောင်းမွန်လာသော အကျဉ်းသားများအား  နိုင်ငံတော်အစိုးရသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ  အခြေခံဥပဒေ ပုဒ်မ ၂၀၄ (ခ)ပါ ပြဌာန်းချက်နှင့် အညီ လွတ်ငြိမ်းချမ်းသာခွင့်  ပေးပြီး နိုင်ငံတော်သစ် တည်ဆောက်ရေးတွင် တစ်ဖက်တစ်လမ်းမှ  အထောက်အပံ့ဖြစ်စေသည့် နိုင်ငံသားများ အဖြစ်သို့ ပြုပြင်ပြောင်းလဲ  ပေးနိုင်ရန် အစီအမံများ စနစ်တကျ စီစဉ် ဆောင်ရွက်ပေးလိုပါသည်။
၃။  သို့ဖြစ်ရာ ထိုက်သင့်သော ပြစ်ဒဏ်များကို ချခံပြီး ဖြစ်သည့် စည်းကမ်းနှင့်  အကျင့်စာရိတ္တ ကောင်းမွန်လာသော အကျဉ်းသားများအား လူသားချင်း  စာနာထောက်ထားမှုနှင့် သနား ချစ်ခင်မှုတို့ကို အလေးထားသည့် အနေဖြင့်  လည်းကောင်း၊ ယင်းတို့၏ မိသားစုများအား ငဲ့ညှာသော အနေဖြင့် လည်းကောင်း၊  ယင်းတို့သည် နိုင်ငံတော်၏ မေတ္တာနှင့် စေတနာကို နားလည်ကြပြီး မိမိအကျိုး၊  ဒေသအကျိုး၊ နိုင်ငံ့အကျိုးအတွက် အများပြည်သူနှင့်အတူ တာဝန် ထမ်းဆောင်  သွားနိုင်စေရန် အတွက် လည်းကောင်း အကျဉ်းထောင် အသီးသီးမှ ပူးတွဲ  အမည်စာရင်းပါ အကျဉ်းသား (၆၃၅၉)ဦး တို့အား ပြည်ထောင်စု သမ္မတ  မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၂၀၄ (ခ) အရ ယင်းတို့  ကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များ အပေါ် ၁၃၇၃ ခုနှစ်၊ သီတင်းကျွတ် လပြည့်နေ့  (ခရစ် သက္ကရာဇ် ၂၀၁၁ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်) မှစ၍ ကျခံနေရသော ပြစ်ဒဏ်  အသီးသီးကို လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်သည်။
    |     |        |        ပုံ -  |   
|     |        |        (သိန်းစိန်)  |   
|     |        |        နိုင်ငံတော်သမ္မတ  |   
|     |        |        ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်  | 


0 ဦးကဆွေးနွေးသွားပါတယ်..
Отправить комментарий