လူထုစိန်ဝင်း
(၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့ထုတ် Weekly Eleven ဂျာနယ် မှာ ဖော်ပြထားတဲ့ ဆောင်းပါး ဖြစ်ပါတယ်။)
စာတွေ ရေးနေတာ နှစ်ပရိစ္ဆေဒ မနည်းတော့ဘူး။ ကိုယ့်အလုပ်မို့သာ ၀တ္တရားမပျက် လုပ်နေတာ။ ရာနှုန်းပြည့် အားရ ကျေနပ်တယ်လို့တော့ ဘယ်အခါမှ မရှိခဲ့ဘူး။ ဘာကြောင့်လဲ ဆိုတော့ ဘယ်လောက်ပဲ ရေးရေး ဘာမှအရာ ရောက်တယ်လို့ မခံစားရလို့ပဲ။
အတိုင်းအဆမရှိ မေတ္တာတွေကြောင့်
တစ်ခါတလေ စိတ်ပျက်လက်ပျက်နဲ့ 'ဟောရင်းသာ ပျံတော်မူလိမ့်မယ်' လို့တောင် ရေးမိသွားတယ်။ နှစ်ပေါင်း နှစ်ဆယ်ကျော် အတွင်း ရေးခဲ့တဲ့စာတွေ နည်းတာ မဟုတ်ဘူး။ စုပြီးထုတ်တဲ့ စာအုပ်တွေတောင်လေး ဆယ်ကျော် ငါးဆယ်နီးပါး ရှိနေပြီ။ ရေးရကျိုး နပ်တယ်လို့ ကျေနပ်အားရ ဖြစ်ရတာမျိုး မရှိဖူးဘူး။ အတိုင်းအဆမရှိ ကြီးမားတဲ့ စာဖတ်ပရိသတ် ပြည်သူလူထုရဲ့ မေတ္တာကို ရရှိ ခံစားနေရတာလေး တစ်ခုကြောင့်ပဲ အဆက်မပြတ်ရေး ဖြစ်နေတာ။ အမှန်ပြောရရင် အချိန်မရွေး ကြုံတွေ့ရနိုင်တဲ့ အန္တရာယ် အသွယ်သွယ်ကို စဉ်းစားလိုက်တဲ့အခါ ရေးသင့်တယ်လို့တောင် မထင်မိပါဘူး။
ထင်းခုတ်စားတောင် ရပါတယ်
စာတွေအများကြီး ရေးတော့ ပိုက်ဆံတွေ အများကြီး ရနေတယ် မဟုတ်လားလို့ မေးစရာ ရှိတယ်။ မှန်ပါတယ်။ အများကြီး မဟုတ်ပေမယ့် အသင့်အတင့် ရပါတယ်။ ဒါပေမဲ့ ဒါလောက် ငွေကြေးကတော့ မြန်မာပြည်မှာ ဆရာကြီး သခင် ကိုယ်တော်မှိုင်း ပြောခဲ့သလို ''ထမင်း တစ်လုတ်တော့ ထင်းခုတ် စားရင်တောင် ရပါတယ်'' လို့ပြောရမှာပါ။ ရှမ်းပြည်နယ် တက်ပြီး ကော်ဖီလေး စိုက်လိုက်၊ လိမ္မော်လေး စိုက်လိုက် လုပ်နေတာက အန္တရာယ် ကင်းဘေးကင်း ဖြစ်ရုံမက ကျန်းမာရေး အတွက်ပါ အလွန် ကောင်းတာပေါ့။ အဲဒီလို နေချင်စိတ် အခုထိရှိ နေသေးတယ်။ ဒါပေမဲ့ အတိတ်က ၀ဋ်ကြွေးတွေက မကုန်သေးတော့ စာရေးတဲ့ အလုပ်ကို မစွန့်နိုင်ဘူး။ ရန်ကုန်ဟာ ကိုယ့်အတွက် ပဋိ ရူပဒေသ မဟုတ်ပေမယ့် မခွာနိုင်ဘူး။ တွယ်ကပ်ပြီး နေနေရဆဲ ဖြစ်တယ်။
ရုတ်တရက် ပြောင်းသွား
ကိုယ့်ဟာကိုယ် ပခုံးပေါ်တင်ပြီး ထမ်းထားတဲ့ တာဝန်မို့ မညည်းမညူ လုပ်ကိုင်နေပေမယ့် အားတက်သရော မရှိလှတာ တော့ အမှန်ပဲ။ ဒါပေမဲ့ အခုနှစ်လ၊ သုံးလအတွင်းမှာ အခြေအနေတွေ ရုတ်တရက် ပြောင်းသွားတယ်။ နှစ်ပေါင်း ငါးဆယ်လောက် အတွင်း ဘယ်တုန်းကမှ မကြားဖူးတဲ့ 'ပြည်သူလူထု' ဆိုတဲ့အသံတွေ ညံနေအောင် ကြားလာရပြီး၊ အရင်က ထုတ်ဝေခွင့် အကြိမ်ကြိမ် ပယ်ချခံရတဲ့ ကိုယ့် စာအုပ်တွေ ထုတ်ဝေခွင့် ပြန်ရလာတယ်။ နေ့စဉ်ရေးနေတဲ့ စာမူတွေလည်း ပရိသတ် လက်ထဲ မြန်မြန် ဆန်ဆန် ရောက်လာတယ်။ ပုဂ္ဂလိက ကြေးမုံ သတင်းစာတို့၊ လူထုသတင်းစာတို့ ခေတ်ကတည်းက အတူ လက်တွဲလာခဲ့တဲ့ သွေးသောက်ကြီး ဦးဝင်းတင်ရဲ့စာအုပ်တွေလည်း ထုတ်ဝေခွင့်ရလို့ တစ်အုပ်ပြီး တစ်အုပ် ပြန်ထွက်လာတာ ၀မ်းသာစရာတွေ့ရတယ်။
တံခါးဖွင့်ထားတယ်
အဲဒီနောက် ဒေါ်အောင်ဆန်းစုကြည်နဲ့ ၀န်ကြီး ဦးအောင်ကြည်နဲ့ တွေ့တယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတင်းနဲ့ ဓာတ်ပုံတွေ ဂျာနယ်တွေမှာ ဖော်ပြခွင့် ရလာတယ်။ ပြီးတော့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ကြတယ်။ သမ္မတကြီး ဦးသိန်းစိန်က ပြည်သူတွေ လိုချင်တဲ့ ဒီမိုကရေစီစနစ်ကို မဖြစ်မနေ အကောင်အထည် ဖော်မယ်။ ပြည်သူက ရွေးကောက် တင်မြှောက်ထားသူများ ဖြစ်လို့ ပြည်သူ့ဆန္ဒကို လေးစားမယ်။ ပြည်တွင်းငြိမ်းချမ်းရေး ရအောင် အမြန်ဆုံး ဆောင်ရွက်မယ်။ ဒီမိုကရေစီ လိုလားသူ အားလုံးနဲ့ ပူးပေါင်း ဆောင်ရွက် နိုင်အောင် နည်းလမ်းတွေ ရှာကြံမယ်။ မတူတာတွေ အသာထားပြီး တူတာတွေကို အတူ ပူးပေါင်း လုပ်ဆောင်မယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လက်မခံ နိုင်သေးသူများနဲ့ပါ လက်တွဲ ဆောင်ရွက် နိုင်အောင် ညှိနှိုင်း ဆွေးနွေးဖို့ တံခါး ဖွင့်ထားတယ် ဆိုတဲ့ စကားတွေ ပြောကြားလာခဲ့တယ်။
ပေါ်လစီ ဆောင်းပါး
အဲဒီအချိန်မှာ ဧရာဝတီမြစ်ဆုံ ဒေသမှာ တရုတ်ကုမ္ပဏီက ဧရာမရေကာတာကြီး တစ်ခု တည်ဆောက်မယ့် ကိစ္စကို ပြည်သူလူထု တစ်ရပ်လုံးက မလိုလားတဲ့ အကြောင်း ပုံစံအမျိုးမျိုးနဲ့ တင်ပြမှုတွေ ကျယ်ကျယ် ပြန့်ပြန့် ဖြစ်လာတယ်။ ဒီအသံတွေကို ချေဖျက်ဖို့ အစိုးရ သတင်းစာတွေမှာ ထုံးစံအတိုင်း 'ပေါ်လစီ ဆောင်းပါး' တစ်ပုဒ် ထည့်လိုက်တယ်။ လျှပ်စစ်ဝန်ထမ်း တစ်ဦး အမည်ခံပြီး ထည့်တဲ့ ဆောင်းပါးမှာ မြစ်ဆုံရေကာတာ ဆောက်လုပ်တဲ့ အတွက် အကျိုးအ မြတ်တွေ ဘယ်လိုရရှိမယ် ဆိုတဲ့အချက်တွေကို ပေါ်လစီဆောင်းပါးများ ထုံးစံအတိုင်း ရွှန်းရွှန်း ဝေအောင် ရေးသား ထားတာတွေ့ရတယ်။
ဈေးဦးပေါက်ခွင့်ပြု
အဲဒီဆောင်းပါး ပါလာတဲ့နေ့မှာ ပဲ Weekly Eleven ရဲ့ စီအီးအိုက အွန်လိုင်း ဂျာနယ်မှာ ဒီဆောင်းပါးကို ကန့်ကွက်ကြောင်း၊ အချက်အလက် အခိုင်အမာနဲ့ ပြန်လည် ရေးသားလိုက်တယ်။ ပုံနှိပ် ဂျာနယ်ထဲမှာလည်း အပြည့်အစုံ ဖော်ပြခဲ့တယ်။ ဒါဟာ နှစ်ငါးဆယ် အတွင်း မြန်မာ စာနယ်ဇင်း လောကရဲ့ မှတ်တိုင် တစ်ခု ဖြစ်သွားတယ်။ အစိုးရ သတင်းစာမှာပါတဲ့ ဆောင်းပါးကို ပြန်လည် ဝေဖန် ချေပတဲ့စာမျိုး ဘယ်တုန်း ဘယ်အခါကမှ မရေးဖူးခဲ့ဘူး။ စာပေ စိစစ်ရေးကလည်း ဘယ်တော့မှ ခွင့်မပြုခဲ့ဘူး။ ဒီတစ်ခါ ဈေးဦးပေါက် ခွင့်ပြုတာ ဖြစ်တယ်။
မကြုံဖူးတဲ့ ပေါင်းစည်းမှု
အဲဒီ ကန့်ကွက် ဝေဖန်ချက် ပါလာပြီးတဲ့နောက် ဧရာဝတီ ကယ်တင်ရေး အသံတွေ ပိုညံလာတယ်။ ပြည်သူလူထုကြီး တစ်ရပ်လုံး မကြုံဖူးတဲ့ စည်းလုံးမှုမျိုးနဲ့ ညီညွတ် ပေါင်းစည်း သွားတယ်။ တကယ်ကို အံ့သြစရာ ပေါင်းစည်း ညီညွတ်မှုကြီး ဖြစ်တယ်။ ထုံးစံအတိုင်း နိုင်ငံရေး ပါတီတွေနဲ့ နိုင်ငံရေးသမား တွေက ပြည်သူ လူထုကြီးရဲ့ နောက်က လိုက်လာကြပြီး လွှတ်တော်ထဲအထိ ဂယက်တွေရောက် သွားတယ်။ နောက်တော့ မြစ်ဆုံရေကာတာ ဆောက်လုပ်ရေးကို သူ့အစိုးရ လက်ထက်မှာ ဆက်မလုပ် တော့ဘဲ ရပ်စဲထားမယ်ဆိုတဲ့ သမ္မတကြီးရဲ့ လွှတ်တော်ကို ပေးပို့တဲ့သ၀ဏ်လွှာ ရုတ်တရက် ပေါ်ထွက်လာခဲ့တယ်။
နတ်လူသာဓုခေါ်
လုံးဝမျှော်လင့် မထားတဲ့ ကြေညာချက် ဖြစ်တာကြောင့် လူတွေအားလုံး မယုံနိုင်အောင် ဖြစ်သွားကြပြီး နီးစပ်ရာ မိတ်သင်္ဂဟတွေဆီ ဖုန်းဆက် မေးလိုက်ကြတာ အဲဒီနေ့ကတော့ ဖုန်းလိုင်းတွေ အားတယ်လို့ကို ရှိမှာ မဟုတ်တော့ဘူး။ အိမ်ကဖုန်းလည်း ဆက်တိုက် မြည်နေတော့တယ်။ တချို့ဖုန်းဆက်ရင်း မျက်ရည်တောင် ကျရှာကြတယ်။ ၀မ်းသာတယ် ဆိုတာထက် ပိုလိမ့်မယ်။ ပြည်သူတွေရဲ့ လိုအင်ဆန္ဒကို ဘယ်တုန်းကများ ဖြည့်ဆည်း ပေးဖူးတယ် ရှိလို့လဲ။ သမ္မတကြီးကို သာဓု ခေါ်ကြတယ်။ နတ်လူသာဓု ခေါ်ကြတယ်လို့တောင် ပြောရလိမ့်မယ် ထင်မိတယ်။
ဆန့်ကျင်ဘက်က ရပ်ခဲ့တာ
သာမန် ပြည်သူတွေ ဆိုတာထား နှစ်ပေါင်း ငါးဆယ် လုံးလုံး တက်လာသမျှ အစိုးရတိုင်းကို တစ်ကြိမ် တစ်ခါတောင် အကောင်း မပြောဖူးတဲ့ မိမိ ကိုယ်တိုင်တောင် မေးလာသမျှ မီဒီယာတိုင်းကို ကြိုဆိုကြောင်း၊ ၀မ်းသာကြောင်း၊ ကျေးဇူး တင်ကြောင်း ပြောတဲ့အထိ ဖြစ်သွားတယ်။ တကယ်ပါ။ နှစ်ပေါင်း ငါးဆယ်လုံးလုံး ဆန့်ကျင်ဘက်က ရပ်ခဲ့တာပါ။ တော်လှန်ရေး ကောင်စီ အစိုးရကို မထောက်ခံသလို၊ မြန်မာ့ဆိုရှယ်လစ် အစိုးရကိုလည်း မထောက်ခံဘူး။ ၁၉၈၈ နောက်ပိုင်း အစိုးရတွေကိုလည်း မထောက်ခံဘူး။ အမျိုးသား ညီလာခံကို မထောက်ခံသလို၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကိုလည်း လက်မခံဘူး။ ရွေးကောက်ပွဲကို မထောက်ခံသလို ပေါ်ထွက်လာတဲ့ လွှတ်တော်တို့၊ အစိုးရတို့ကိုလည်း မထောက်ခံဘူး။ နိုင်ငံတော် သမ္မတကြီးနဲ့ တခြားထိပ်ပိုင်း ပုဂ္ဂိုလ်တွေက ဒီမိုကရေစီ စနစ်ကို မဖြစ်မနေ အကောင်အထည် ဖော်မယ်လို့ အကြိမ်ကြိမ် ပြောနေလည်း မယုံသေးဘူး။ စောင့်ကြည့် ဦးမယ်လို့ပဲ ဆုံးဖြတ်ထားခဲ့တယ်။
မနာယူဘဲ မနေနိုင်
ဒီလိုလူတောင် ဧရာဝတီ ကိစ္စကျတော့ သတင်းသမားရဲ့ ၀ိညာဉ် (Conscience)က သတိ ပေးလာတာကို မနာယူဘဲ မနေနိုင်တော့ဘူး။ သတင်းသမား ဆိုတာ ကောင်းတာတွေ့ရင် ကောင်းတယ် ရေးရမယ်။ မှန်တာ တွေ့ရင် မှန်တယ် ရေးရမယ်လို့ တစ်သက်လုံး နာယူ မှတ်သားခဲ့ရတာ မဟုတ်လား။ ပြည်သူ့ မျက်နှာက လွဲပြီး ဘယ်သူ့ မျက်နှာမှ မကြည့်ရဘူးလို့ ကိုယ်တိုင် အပ်ကြောင်းထပ်အောင် ရေးနေတာပဲ။ ဒီတော့ အပြောနဲ့အဟော ညီရမှာပေါ့။ ပြည်သူ တစ်ရပ်လုံး လှိုက်လှိုက် လှဲလှဲကြီး ၀မ်းသာ ကြိုဆို နေကြတာကို ဘာကြောင့် မကြိုဆိုဘဲ နေရမှာလဲ။ ၀မ်းသာတယ်။ ကြိုဆိုချင်တယ်။ ကျေးဇူးတင်လို့ ရေးရင် ပိုပြီးလေးနက် စေချင်လို့ အရင်က မထောက်ခံခဲ့ဘူး ဆိုတာတွေပါ ထည့်ရေးလိုက်တယ်။ အံ့သြစရာမှ တကယ့်အံ့သြစရာ။ စာပေစိစစ်ရေးက အဲဒီ မထောက်ခံဘူး ဆိုတာတွေကို ထည့်ခွင့်ပေး လိုက်တယ်။
ထောက်ခံမဲ တစ်မဲပေးလိုက်ပြီ
အဲဒါတွေပါတဲ့ 'ခဏကြီး မဟုတ်ပါဘူး။ ခဏလေးပါ' ဆိုတဲ့ ဆောင်းပါးမှာ သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ကို အချိန် နည်းနည်း ပေးလိုက်ပါ။ တကယ်ကို ခဏလေးပါလို့ ရေးလိုက်တယ်။ ပြီးတော့ သမ္မတ ဦးသိန်းစိန် အစိုးရကို 'စံသုံးခု' နဲ့ စောင့်ကြည့် အကဲခတ်နေမယ် လို့လည်း ရေးလိုက်တယ်။
၁။ နိုင်ငံရေး အကျဉ်းသားများလွှတ်၊ မလွှတ်ဆိုတဲ့စံ။
၂။ ပြည်တွင်း စစ်ရပ်စဲရေး အမြန်လုပ်၊ မလုပ်ဆိုတဲ့စံ။
၃။ မြစ်ဆုံရေကာတာ ဆောက်လုပ်ရေး ရပ်၊ မရပ်ဆိုတဲ့စံ။
အဲဒီသုံးချက်ထဲက မြစ်ဆုံရေကာတာ ကိစ္စ အဖြေပေါ်သွားပြီ။ အစိုးရက ပြည်သူ့ဆန္ဒကို အမှန် လေးစား လိုက်နာကြောင်း ပြလိုက်ပြီ။ ထောက်ခံမဲ တစ်မဲပေးလိုက်ပြီ။
လွတ်ငြိမ်း ချမ်းသာခွင့်
သီတင်းကျွတ်လဆန်း ၁၄ ရက် (အဖိတ်နေ့) မွန်းလွဲပိုင်းလောက်မှာ သမ္မတ ဦးသိန်းစိန် လက်မှတ် ရေးထိုးထားတဲ့ လွတ်ငြိမ်း ချမ်းသာခွင့် အမိန့် ထွက်လာတယ်။ အမျှော်ကြီး မျှော်ရင်း နှစ်ပေါင်းများစွာ 'မျှော်မျှော် သူမောရရှာတယ်' ဖြစ်နေကြရတဲ့ မိဘ ဆွေမျိုးတွေ ဧရာဝတီတုန်းကလိုပဲ ၀မ်းသာရွှင်မြူး သွားကြတယ်။ ဧရာဝတီ ကိစ္စမှာ ပြည်သူ တစ်ရပ်လုံး စိတ်ချမ်းသာအောင် ဆောင်ရွက်ခဲ့တဲ့ သမ္မတကြီးကို အပြည့်အ၀ ယုံကြည်ပြီး အရင် အကြိမ်တွေလိုတော့ ဖြစ်မှာ မဟုတ်ပါဘူးလို့ သေချာပေါက် တွက်ဆထားကြတယ်။ တစ်ညလုံး အိပ်မပျော်နိုင်ကြဘဲ မိုးလင်းအောင် မနည်းကြီး သည်းခံ စောင့်ဆိုင်း နေကြရတယ်။ တချို့က မအောင့်နိုင်တော့ဘဲ မိုးမလင်းခင်က ထောင်ဗူးဝက သွားစောင့်ကြတယ်။
ရောင်နီလာပြီ။ ပြီးတော့ မိုးစင်စင်လင်းပြီ။ ထောင်တံခါးကြီး ပွင့်ပြီ။ အချိန်တန်တော့ သူတို့ ပြန်လာကြပြီ။ ဒါပေမဲ့ သူတို့ထဲမှာ သူတို့ ပါမလာဘူး။ အရင် အကြိမ်တွေလိုပဲ မျှော်မျှော်သူ မောရရှာတယ် ဖြစ်ရပြန်ပြီ။ ဘာကြောင့်လဲ။ ဒီမိုကရေစီ စနစ်ကို ကူးပြောင်းဖို့ဆိုတာ ခေါင်းဆောင် နှစ်ယောက်တည်း အားနဲ့ မရနိုင်ဘူး။ ပါတီ အဖွဲ့အစည်း နှစ်ခုတည်းလည်း မဆောင်ရွက် နိုင်ဘူး။ ပြည်သူလူထု အများစုကြီးရဲ့ ပေါင်းစည်း အင်အားနဲ့ ၀ိုင်းဝန်း လုပ်ဆောင်ဖို့ လိုတယ်။ အထူးသဖြင့် နှစ်ပေါင်း ခြောက်ဆယ်ကျော် ပြည်တွင်းစစ် တိုက်ခိုက်နေရတဲ့ တိုင်းပြည် တစ်ပြည်အဖို့၊ တိုင်းရင်းသား အားလုံးနဲ့ လက်တွဲ နိုင်ဖို့ အင်မတန် အရေးကြီးတယ်။ မဖြစ်မနေကို ရအောင်လုပ်ဖို့ လိုတယ်။
ရွှေပြည်တော် ဂိတ်တံခါး
အထဲမှာ ကျန်ရှိနေရစ်တဲ့ ၈၈ မျိုးဆက်တွေနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေဟာ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ တည်ဆောက်ရေး အတွက် အရေးကြီးဆုံး သော့တစ်ချောင်း ကိုယ်စီ ကိုင်ဆောင် ထားသူတွေ ဖြစ်တယ်။ ရွှေပြည်တော် ဂိတ်တံခါးက သော့လေးချက် ခတ်ထားတယ်။ တစ်ချောင်းက ဒေါ်အောင်ဆန်းစုကြည် ဆီမှာရှိပြီး၊ နောက်တစ်ချောင်းက သမ္မတ ဦးသိန်းစိန်ကို ရှေ့တန်း တင်ထားတဲ့ တပ်မတော် လက်ထဲမှာ ရှိတယ်။ ဒီနေ့ တပ်မတော် ခေါင်းဆောင် အားလုံး လိုလိုဟာ လူငယ်တွေ ဖြစ်တယ်။ အထဲမှာ ရှိနေတဲ့ ၈၈ မျိုးဆက်တွေနဲ့ အရွယ်ချင်း မတိမ်း မယိမ်းတွေလို့ ဆိုနိုင်တယ်။
မော်ကွန်းတင်နိုင်တဲ့ အချိန်
သူတို့ ရွယ်တူ တန်းတူ လူငယ်တွေချင်း အတွေးအခေါ်တွေ သိပ်ခြားနားကြမှာ မဟုတ်ပါဘူး။ အရှေ့တောင်အာရှ ဒေသမှာ အချမ်းသာဆုံး ဖြစ်တဲ့ မြန်မာနိုင်ငံကို ဆင်းရဲတွင်းကြီးထဲက ဆွဲထုတ်ပြီး ထိုက်တန်တဲ့ နေရာကို အမြန်ဆုံး ပြန်လည် ရရှိအောင် လုပ်ဆောင်ချင်စိတ်တွေ လူငယ်တိုင်းမှာ ရှိပါတယ်။ စစ်မြေပြင်မှာ လုံခြုံရေး ဦးစားပေး လုပ်ဆောင်ရတာ သဘာဝ ကျတယ်။ ဒါပေမဲ့ နိုင်ငံရေး ကိစ္စမှာတော့ နိုင်ငံရေးကိုသာ ဦးစားပေး စဉ်းစားရပါတယ်။ ဒီအချိန်ဟာ သမိုင်းမှာ အလှည့် အပြောင်းကြီး တစ်ခု အဖြစ် မော်ကွန်း တင်နိုင်တဲ့ အချိန် ဖြစ်တယ်။ တပ်မတော်နဲ့ ပြည်သူ ကြည်ဖြူ လက်တွဲမှု ဖြစ်ပေါ် လာနိုင်တဲ့ အချိန်ဖြစ်တယ်။ ဒီအခွင့်အရေးကို လက်လွတ် မခံသင့်ဘူး။ အမိအရ၊ ရအောင် ယူကြပါလို့ တိုက်တွန်း နှိုးဆော် လိုက်ရပါတယ်။
လူထုစိန်ဝင်း
0 ဦးကဆွေးနွေးသွားပါတယ်..
Отправить комментарий