ပြည်သူ့ခေတ် အယ်ဒီတာ
(မြစ်ဆုံဆည် စီမံကိန်းကို ရပ်ဆိုင်း လိုက်တာနဲ့ ပတ်သက်ပြီး တစ်ချို့ကတော့ ဒါဟာ တရုတ်သြဇာ လွှမ်းမိုးမှုကို စိန်ခေါ် လိုက်တဲ့ ဖြစ်စဉ်အဖြစ် အနက် ကောက်ယူပြီး ကြိုဆိုကြတယ်။ ဒါပေမယ့် ပြည်သူ့ခေတ် အယ်ဒီတာကတော့ မြန်မာနိုင်ငံရဲ့ ပထ၀ီနိုင်ငံရေး အခြေအနေအရ ဖြစ်စဉ်တွေဟာ အဲဒီလောက် ရိုးစင်းမှု မရှိနိုင်ဘူး၊ တွက်ချက်ရမှာတွေ ရှိတယ်လို့ အောက်တိုဘာလ (၂၇)ရက်နေ့ထုတ် ဂျာနယ်မှာ ရေးထားပါတယ်။)
၂၀၁၁ အောက်တိုဘာလ ၁၆ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ဦးဆောင်သော မြန်မာ ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ အိန္ဒိယနိုင်ငံသို့ သွားရောက်သည့် သတင်းများနှင့် အတူ နှစ်နိုင်ငံ ပူးတွဲ ကြေညာချက် တစ်ရပ်ကိုပါ ဖော်ပြထားတာ တွေ့ရသည်။ အဆိုပါ သတင်းစာမှာပင် မြန်မာတရုတ် ဆက်ဆံရေးနှင့် စပ်လျဉ်း၍ ရေးသားထားသည့် ဆောင်းပါးရှင် ကျော်မျိုးနော်၏ဘယ်သူဖျက်ဖျက် မပျက်နိုင်ပါပြီခေါင်းစဉ်တပ် ဆောင်းပါး တစ်ပုဒ်လည်း ပါရှိသည်။
လူဦးရေ သန်းပေါင်း ၁၃၀၀ ကျော် ၁၂၀၀ ကျော် အသီးသီးရှိကြသည့် အိမ်နီးချင်း တရုတ်၊ အိန္ဒိယနိုင်ငံကြီး နှစ်ခုနှင့် ဆက်ဆံမှု ကောင်းမွန်အောင် ဆောင်ရွက်နေသည့် လူဦးရေသန်းပေါင်း ၆၀ ဝန်းကျင်ရှိ မြန်မာ၏ အနေအထားကို ထိုသတင်းစာ တစ်စောင်ဖြင့်ပင် တစ်စွန်းတစ်စ မြင်တွေ့နေရသည်။
သတင်းစာ နှစ်မျက်နှာ နီးပါးရှိသည့် ပူးတွဲ ကြေညာချက်တွင် ကုလားတန် မြစ်ကြောင်း ပို့ဆောင်ရေး ဘက်စုံစီမံကိန်း၊ ရိဒ်- တီးတိန် ကားလမ်း ဖောက်လုပ်ရေး၊ အိန္ဒိယ- မြန်မာ- ထိုင်း သုံးနိုင်ငံ ဆက်သွယ်မည့် နိုင်ငံ ဖြတ်ကားလမ်း ဖောက်လုပ်ရေး၊ နှစ်နိုင်ငံအကြား ရေကြောင်း လေကြောင်းနှင့် ရထားလိုင်း၊ ဘတ်စ်ကားလိုင်း အဆက်အသွယ်များ ထူထောင်ရေး၊ နှစ်နိုင်ငံ အကြား နယ်စပ် ကုန်သွယ်မှု အပါအဝင် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေး လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရေး၊ လျှပ်စစ်စွမ်းအား ကဏ္ဍ၊ ရေနံနှင့် သဘာဝ ဓါတ်ငွေ့ကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေး၊ သမိုင်း၊ ရှေးဟောင်း သုတေသန၊ ယဉ်ကျေးမှုနှင့် ပညာရေး၊ တေးဂီတ၊ အားကစား၊ သတင်းမီဒီယာ ကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်ရေး စသည်တို့ အပါအဝင် ကဏ္ဍပေါင်း များစွာ၌ လက်တွဲ လုပ်ဆောင်ကြရန် သဘော တူညီချက်များ ထားရှိခဲ့ကြတာ တွေ့ရသည်။
လာမည့် နှစ်များအတွင်း အဲသည် သဘော တူညီချက်များသာ ပြည့်ပြည့်ဝဝ အကောင်အထည် ပေါ်လာခဲ့မည် ဆိုက မြန်မာ ကုန်စည်နှင့် မြန်မာ နိုင်ငံသားတို့ အိန္ဒိယသို့ ပို့၍ အရောက် အပေါက် များကြမည် ဖြစ်သကဲ့သို့ အိန္ဒိယနှင့် နယ်ချင်း စပ်နေသည့် ရခိုင်၊ ချင်း၊ စစ်ကိုင်းဒေသများသာမက မြန်မာပြည် အနှံ့အပြားတွင်ပါ အိန္ဒိယ ကုန်စည်နှင့် အိန္ဒိယ နိုင်ငံသားတို့ကို တိုးတက် တွေ့မြင်လာရ ပေလိမ့်မည်။
အနောက်ဘက် (အိန္ဒိယ)နှင့် ဆက်ဆံရေး တိုးချဲ့နေသည့်ကာလတွင် အရှေ့ဘက်(တရုတ်)နှင့်လည်း ကလားတူ ကဏ္ဍ ပေါင်းစုံ၌ ဆက်ဆံရေးများ ရှိနေခဲ့ပြီး ဖြစ်သည်။ ပမာဏများ ပြားလှသော နယ်စပ်ကုန်သွယ်ရေး၊ မြန်မာ့မြစ်ကြီးများတွင် ထုတ်လုပ်ပြီး တရုတ်ပြည်သို့ ရောင်းချမည့် ရေအားလျှပ်စစ်၊ ဘင်္ဂလား ပင်လယ် မြန်မာကမ်းစပ်မှ သဘာဝဓါတ်ငွေ့ကို တရုတ်ပြည်သို့ တင်ပို့မည့် ဓါတ်ငွေ့ ပိုက်လိုင်း၊ ယင်းနှင့်အတူ တရုတ်နှင့် နိုင်ငံတကာသို့ ဆက်သွယ်မည့် ကားလမ်း၊ ရထား လမ်း၊ ရေနံပိုက်လိုင်းနှင့် ပင်လယ်ကူး သင်္ဘောဆိပ် စသည်ဖြင့် ထုထည်ကြီး များသော လုပ်ငန်းကြီးများ ပူးတွဲ ဆောင်ရွက်လျက် ရှိနေသည်။ ကူးလူးဆက်ဆံမှု များပြား လာသည်နှင့် အမျှ မြန်မာနိုင်ငံတွင် တရုတ် ကုန်စည်များရော တရုတ် နိုင်ငံသားများကိုပါ လက်ညှိုးထိုး မလွဲ မြင်လာကြရမည် ဖြစ်သည်။
စင်စစ် တိုင်းပြည် နိုင်ငံတို့ သူတစ်ပါးနှင့် ကူးလူး ဆက်ဆံကြခြင်းသည် ချစ်ကြည် ရင်းနှီးလိုမှု အတွက် ဖြစ်သကဲ့သို့ စီးပွားရေး၊ နိုင်ငံရေး ဘက်တွင် အကျိုးအမြတ်ရလိုမှု အတွက်လည်း ဖြစ်သည်။ ကူးသန်း ရောင်းဝယ်ရေး ကျွမ်းကျင်သဖြင့် အကျိုး အမြတ် ရအောင် လုပ်နိုင်သော် နိုင်ငံ ကြွယ်ဝ ချမ်သာမည်။ နိုင်ငံတကာ ဆက်ဆံရေးတွင် ကျွမ်းကျင်လိမ္မာစွာ လုပ်နိုင် သော် နိုင်ငံဂုဏ်ရည် တက်မည်၊ သြဇာတိက္ကမ ရှိမည်။ ၎င်းတို့ ပေါင်းသော် အင်အား ရှိသော နိုင်ငံဖြစ်မည်။
နိုင်ငံတိုင်းပင် ဓနဥစ္စာ၊ သြဇာ အာဏာတို့ဖြင့် အင်အား ရှိသော၊ တက်နိုင်လျှင် အင်အား ကြီးသော နိုင်ငံဖြစ်အောင် ကြိုးစားရမြဲ ဖြစ်သည်။ ထိုအင်အားဖြင့် သူတစ်ပါးကို ကျူးကျော် ထိပါးဖို့ မရည်ရွယ်သည့်တိုက် မိမိအား သူတစ်ပါး ကျူးကျော် ထိပါးမှု မပြုနိုင်အောင်ကား အင်အားရှိဖို့ လိုသည်ဟု ခံယူကြသည်။ ထို့အတွက်ကြောင့် တစ်ခါတစ်ရံတွင် အင်အား ကြီးသူနှင့် အဆင်ပြေအောင် ပေါင်းကာ အားကိုး ပြုတာမျိုး တစ်စုံ တစ်ယောက်၏ အန္တရာယ်ကို ကြောက်၍ ၎င်းထံ ကာကွယ် စောင့်ရှောက်မှု ခံယူတာမျိုးလည်း ရှိတက်သည်။
သို့သော် အင်အားကြီးသူနှင့် အင်အား နည်းသူတို့ နီးနီးကပ်ကပ် ပေါင်းသင်းကြသည့် အခါ အင်အား နည်းသူ၌ အန္တရာယ် ရှိသည်။ အီစွပ် ပုံပြင်များတွင် ကြေးအိုးနှင့် မြေအိုးတို့ အကြောင်း ပုံပြင်တစ်ပုဒ်ပါ၏။ မြစ်ကြောင်း ခရီးစုန်သည့်အခါ ကြေးအိုးက မြေအိုးအား ‘ ငါ့အနားကပ်ပါကွ၊ ငါစောင့်ရှောက်ပါ့မယ်’ ဟုဆို၏။ သည်အခါ ရှေ့ရေး တွေးတော တတ်သော မြေအိုးက ‘ ကျေးဇူး တင်ပါတယ် ခင်ဗျာ၊ ဒါပေမယ့် ကျွန်တော်က အဲဒါပဲ ကြောက်တာပါ၊ ခင်ဗျားသာ ခပ်ကွာကွာလေး နေပေးမယ် ဆိုရင် ကျွန်တော် အန္တရာယ်ကင်း ဘေးရှင်း စုန်ဆင်း နိုင်ပါလိမ့်မယ်’ ဟု ပြန်ဖြေသည်။
မြစ်ကြောင်း ခရီးဆိုတာ အမြဲ လှိုင်းလေငြိမ်သည် မဟုတ်။ အကယ်၍ လေတိုက် လှိုင်းထသည့် အခါ ကြေးအိုးနှင့် ရိုက်မိလျှင် ခွပ်ခနဲ့ မိမိသာ ကွဲလိမ့် ဖြစ်ကြောင်း မြေအိုး သိသောကြောင့် ဖြစ်သည်။
သည်ပုံပြင်မှာ အိမ်နီးချင်း ပါရှားဘုရင် ဆိုင်းရပ်(စ)နှင့် ပေါင်းရန် ကြံနေသော လစ်ဒိယ ဘုရင် ခရီးဆပ်(စ)အား သတိပေးသော သဘောဖြင့် အီစွပ် ပြောခဲ့သော ပုံပြင် ဖြစ်သည်။ ခရီးဆပ်(စ) နားမထောင်သဖြင့် နောင်တွင် မြေအိုး ကွဲသလို ကွဲခဲ့ရသည်။
ဆိုခဲ့သည့် အတိုင်း တိုင်းပြည်တွေသည် မိမိတို့ သာယာဝပြောမှု၊ အင်အား တိုးတက်မှု၊ လုံခြုံ စိတ်ချရမှုတို့ကို အကြောင်းပြကာ ကူးလူး ဆက်ဆံမှုတွေ တိုးချဲ့ရန်၊ နီးနီး နားနားမှသည် ဝေးဝေး လံလံထိ ဖြန့်ကြက်ရန် ကြိုးစားကြသည်။
စီးပွားရေးအရ ကမ္ဘာတွင် ဒုတိယ အင်အား အကြီးမားဆုံး နိုင်ငံဖြစ်လာသည့် တရုတ်ပြည်သည် သူ၏ ဓန အဆောက် အအုံကို ထိန်းသိမ်းရန်နှင့် တိုးတက် ချဲ့ထွင်နိုင်ရန် အတွက် သမုဒ္ဒရာ နှစ်စင်း ပေါ်လစီကို အကောင် အထည် ဖော်လာသည်။ သူ့ တိုင်းပြည် အရှေ့ဘက်ခြမ်း တစ်ခုလုံးသည် နဂိုမူလကပင် ပစိဖိတ် သမုဒ္ဒရာနှင့် ထိစပ်နေပြီး ဖြစ်သည်။ အနောက် တောင်ပိုင်း ယူနန်နယ်မှ နေ၍ မြန်မာပြည် ဖြတ်လမ်းဖြင့် ဘင်္ဂလား ပင်လယ် (အိန္ဒိယ သမုဒ္ဒရာ)သို့ ထွက်နိုင်သော် ကမ္ဘာနှင့် ကူးလူး ဆက်ဆံရေး အတွက် သမုဒ္ဒရာ နှစ်စင်း သူသုံးခွင့် ရလိမ့်မည်။
ထိုအစီစအဉ်အရ အိန္ဒိယ သမုဒ္ဒရာသို့ တရုတ်တို့ ရောက်ရှိ လာတော့မည့် အချိန်တွင် သမုဒ္ဒရာ တစ်စင်းလုံး မိမိအမည်ဖြင့် အပိုင် ရှိထားသော အိန္ဒိယ ကလည်း အရှေ့မျှော် ဝါဒကို အရှိန်မြှင့်ကာ ရှေ့တွင် ဖော်ပြခဲ့သည့် မြန်မာပြည် ဖြတ်လမ်းများ အားဖြင့် ကူးလူး ဆက်ဆံမှုများ တိုးတက် ဖြန့်ကြက်ရန် လုပ်ဆောင် လာသည်။
တရုတ်၊ အိန္ဒိယ နှစ်နိုင်ငံလုံးပင် မြန်မာပြည်ကို စေ့စပ်စွာ ကြည့်ရှု ကာသည် နိုင်ငံနှင့် ဆက်ဆံရေးမှ မိမိတို့ အကျိုးအမြတ် မည်မျှ ရရှိနိုင်သည်ကို မျှော်ခေါ်၍ ဆက်ဆံရေးများ တိုးချဲ့ရန် လုပ်ဆောင် လာသည်။
လူနှစ်ဦး ဆက်ဆံသည့် အခါ နှစ်ဦးနှစ်ဖက် အကျိုးအမြတ် ထွက်နိုင်သကဲ့သို့ နိုင်ငံချင်း ဆက်ဆံရာ၌လည်း နှစ်ဖက်လုံး တွက်ခြေ ကိုက်သည့် သူနိုင်ပါနိုင် အနေအထားမျိုး ရှိနိုင်ပါသည်။ စင်စစ် ထိုအနေအထားမျိုး မျှော်လင့် နိုင်မှသာလျှင်လည်း နိုင်ငံတို့ ဆက်ဆံဖို့ စဉ်းစားကြမြဲ ဖြစ်ပါသည်။
သို့သော် သံအိုး၊ ကြေးအိုးတို့နှင့် အတူတကွ ခရီးသွား ရသည့်အခါ မိမိ၏ ကြံ့ခိုင်မှု အတိုင်းအတာကို ကြည့်၍ သတိဝိရိယနှင့် သွားဖို့ လိုမည် ဖြစ်ကြောင်း တင်ပြလိုပါသည်။
ပြည်သူ့ခေတ် အယ်ဒီတာ၊ ၂၀၊ ၁၀၊ ၂၀၁၁                  မူရင်း  ပိတောက်မြေ

0 ဦးကဆွေးနွေးသွားပါတယ်..

Отправить комментарий