မနေ့က Face Book စာမျက်နှာ တစ်ခုမှာ ထင်ရှားတဲ့ အနုပညာရှင် တစ်ဦးက အစိုးရသစ်လုပ်နေတဲ့ ကားသွင်းခွင့်ကိစ္စ၊ အတိုးနှုန်း လျှော့ချတဲ့ကိစ္စ၊ ပြည်ပပို့ကုန်တွေ အပေါ် ကောက်ခံတဲ့ စတဲ့ ပြောင်းလဲမှုတွေဟာ လွှတ်တော် ဥပဒေနဲ့လုပ်ရမှာ ဖြစ်တယ်။ ဒီလိုမလုပ်ဘဲ အခုလို အမိန့်ကြေညာချက်တွေ ထုတ်ပြန်ပြီး လုပ်နေတာဟာ စစ်အုပ်ချုပ်ရေး အကျင့်တွေပဲလို့ ရေးသား ဆွေးနွေး ထားတာ တွေ့ရပါတယ်။ ဒါ့ကြောင့် အဲဒီကိစ္စနဲ့ ပတ်သက်ပြီး နည်းနည်းလေး ဆွေးနွေးချင်ပါတယ်။
ပါလီမန် ဒီမိုကရေစီစနစ်ပဲ ကျင့်သုံး ကျင့်သုံး၊ သမ္မတ ခေါင်းဆောင်တဲ့ ဒီမိုကရေစီစနစ်ကိုပဲ ကျင့်သုံး ကျင့်သုံး၊ လွှတ်တော်နဲ့ အစိုးရရှိတဲ့ စနစ်တိုင်းမှာ အစိုးရအဖွဲ့က အခုလိုပဲ အမိန့်ကြေညာချက်တွေ ထုတ်ပြန်ပြီး လုပ်ငန်း ဆောင်ရွက်တဲ့ စနစ် ဆိုတာကို ကျင့်သုံးပါတယ်။
ဘာဖြစ်လို့ ဒီလို ကျင့်သုံးရသလဲ ဆိုတော့ ပထမတစ်ချက်က လွှတ်တော် ဥပဒေတွေဟာ ဖြစ်လာနိုင်တဲ့ အခြေအနေ အားလုံးကို တွက်ဆပြီး ထည့်သွင်း ရေးဆွဲလို့မရလို့ ဖြစ်ပါတယ်။ ဒုတိယ အချက်ကတော့ လွှတ်တော်က ဥပဒေ မပြဋ္ဌာန်းနိုင်ခင်၊ ဒါမှမဟုတ် လွှတ်တော် တစ်ခုနဲ့ တစ်ခု ကြားကာလမှာ နိုင်ငံအခြေအနေအရ လိုအပ်လို့ရှိရင် အစိုးရအဖွဲ့က လိုအပ်သလို လုပ်နိုင်ဖို့ ဖြစ်ပါတယ်။ အရှင်းဆုံး ပြောရရင်တော့ လွှတ်တော်ထဲမှာ အစိုးရအဖွဲ့က လုပ်ငန်းတစ်ခု လုပ်ဖို့လိုတိုင်း ဆွေးနွေး ဆုံးဖြတ်၊ အတည်ပြုမယ်ဆိုရင် လွှတ်တော်လည်း ၀န်ပိ၊ အစိုးရအဖွဲ့ အနေနဲ့လည်း ပြောင်းလဲနေတဲ့ အခြေအနေများနဲ့ တစ်ပြေးညီ အလုပ် လုပ်လို့ရမှာ မဟုတ်တဲ့အတွက် ဒီလိုစနစ်ကို ကျင့်သုံးရတာ ဖြစ်ပါတယ်။
ပထမ အခြေအနေအရ ပြောရရင် လွှတ်တော်က ဖြစ်ဖြစ်၊ အာဏာရှင် အစိုးရက ဖြစ်ဖြစ် ဥပဒေတစ်ခုကို ပြဋ္ဌာန်းတဲ့အခါ ကျရင် နောက်ဆက်တွဲ နည်းဥပဒေများကို တစ်ခါတည်း ထည့်သွင်း ထုတ်ပြန်သလို နည်းဥပဒေကို ဘယ်သူက ဆက်ပြီး ထုတ်ပြန်ပါ ဆိုပြီး အခွင့် အာဏာ ပေးတာ ရှိပါတယ်။ အဲ နည်းဥပဒေကိုပါ တစ်ဆက်တည်း ထုတ်ပြန်တဲ့ အခါမှာလည်း နည်းဥပဒေ အရ ဆက်လုပ်ရမယ့် ကိစ္စတွေ ဥပမာ အမိန့်၊ ညွှန်ကြားချက် ထုတ်ခြင်း၊ ပုံစံများ သတ်မှတ်ခြင်း စတဲ့ လုပ်ငန်းတွေကို ဘယ်သူက လုပ်ပါဆိုပြီး အခွင့်အာဏာ ပေးလေ့ ရှိပါတယ်။ ဒါကို ဥပဒေ စကားအရ delegated legislation လုပ်တယ်လို့ ဆိုပါတယ်။
နောက်တစ်ခုကတော့ လွှတ်တော် တစ်ခုနဲ့ တစ်ခုကြားမှာ အစိုးရအဖွဲ့က လိုအပ်တဲ့ အတွက် ဥပဒေကဲ့သို့ အာဏာတည် တဲ့အမိန့်ကို ထုတ်ပြန်တာမျိုး ဖြစ်ပါတယ်။ ဒါကို Executive order၊ decrees၊ orders in council စသည်ဖြင့် ခေါ်ဆို ကြပါတယ်။ ဒီလုပ်ဆောင်ချက်မှာတော့ နိုင်ငံတစ်နိုင်ငံနဲ့တစ်နိုင်ငံ မတူပါဘူး။ နိုင်ငံ အများစုမှာတော့ ဒီလိုအမိန့် ထုတ်ပြန်ပြီးရင် အနီးဆုံး လွှတ်တော်မှာ တင်ပြပြီး အတည်ပြုချက် ယူဖို့ သတ်မှတ်လေ့ ရှိပါတယ်။ အမေရိကန် အခြေခံ ဥပဒေမှာတော့ ဒီလို သတ်မှတ်တာမျိုး မရှိတဲ့အတွက် သမ္မတဟာ ပိုပြီး လုပ်ပိုင်ခွင့် ရှိပါတယ်။ ရုစဗဲလ့် လက်ထက်က ဒုတိယကမ္ဘာစစ် ဖြစ်နေတုံး အမေရိကန် နိုင်ငံသား ဂျပန်လူမျိုးတွေကို စုစည်းပြီး သီးသန့်စခန်းတွေမှာစုစည်းထားခဲ့တာ၊ သမ္မတ အိုက်ဆင်ဟောင်ဝါ လက်ထက် ကျောင်းတွေကို လူဖြူ၊ လူမည်း မခွဲပဲလက်ခံဖို့ ညွှန်ကြားခဲ့တာ၊ ကလင်တန် လက်ထက် ကိုဆိုဗိုကို ဗုံးကြဲခဲ့တာတွေဟာ လွှတ်တော် ဥပဒေ၊ ဆုံးဖြတ်ချက် မရှိဘဲ သမ္မတ အခွင့်အာဏာ အရ Executive order ထုတ်ပြန် ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
အခု အစိုးရအဖွဲ့က ထုတ်ပြန်လိုက်တဲ့ အမိန့်ညွှန်ကြားချက်များဟာ ဥပဒေကဲ့သို့ အာဏာ တည်သော အမိန့်များ မဟုတ်ဘဲ သက်ဆိုင်ရာ ဥပဒေများက အစိုးရအဖွဲ့ သို့မဟုတ် ၀န်ကြီးဌာနကို ပေးအပ်ထားတဲ့ လုပ်ပိုင်ခွင့်များ အရ ထုတ်ထားတဲ့ ညွှန်ကြားချက်များ၊ အမိန့် ကြော်ငြာစာများ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၁၂ မှာ ဥပဒေကဲ့သို့ အာဏာ တည်သော အမိန့်ကို ထုတ်မယ် ဆိုရင် အနီးဆုံး လွှတ်တော်ကို ရက်ပေါင်း ခြောက်ဆယ် အတွင်း တင်ပြရမယ်လို့ သတ်မှတ်ထားပါတယ်။ တကယ်လို့ လွှတ်တော်က အတည်မပြုခဲ့ရင် အဲဒီဥပဒေဟာ ပျက်ပြယ်ပါတယ်။
ဒီနေရာမှာ အမေရိကန်လို့ သမ္မတရဲ့ အမိန့်ထုတ်ဆင့်ခွင့် အာဏာ ကြီးမားတဲ့နိုင်ငံ၊ ဒါမှမဟုတ် ဥပဒေက ပေးထားတဲ့ အခွင့်အရေးအရ အစိုးရအဖွဲ့က ထုတ်ပြန်တဲ့ အမိန့်ကို မကျေနပ်ဖူးဆိုရင်၊ လက်မခံနိုင်ဘူး ဆိုရင် ဘယ်လို လုပ်မလဲလို့ မေးစရာ ရှိပါတယ်။ ဒီအခြေအနေမျိုး ဆိုရင်တော့ လွှတ်တော်ထဲမှာ ဆွေးနွေးလို့ ရသလို အခြေခံဥပဒေ ဆိုင်ရာ တရားရုံး ဒါမှမဟုတ် တရားရုံးချုပ်မှာ လျှောက်ထားရမှာ ဖြစ်ပါတယ်။ ဒါမှမဟုတ် သမ္မတ သို့မဟုတ် အစိုးရအဖွဲ့ကို ပြင်ဆင်ပေးဖို့ တင်ပြရမှာ ဖြစ်ပါတယ်။ အမေရိကန်မှာ ဘုရှ်( အငယ်) လက်ထက်က အီရတ်စစ်ပွဲနဲ့ဆိုင်တဲ့ သတင်း အချက်အလက် အချို့ကို အမျိုးသား လုံခြုံရေးအရ လူထုကို အသိမပေးဖို့ Executive order ထုတ်ခဲ့တယ်။ အဲဒီအမိန့်ကို မကျေနပ်သူများက တရားရုံး တက်ပေမယ့် ရှုံးခဲ့တယ်။ ဒါပေမယ့် အိုဘာမား လက်ထက်ကျတော့ အဲဒီ အမိန့်ကို နောက်ထပ် Executive order ထုတ်ပြန်ပြီး ဖျက်သိမ်းခဲ့တယ်။
ဒါ့ကြောင့် အခုအစိုးရ အဖွဲ့ လုပ်နေတာဟာ သူ့ကို ပေးအပ်ထားတဲ့ လုပ်ပိုင်ခွင့်ထဲက လုပ်နေတာ ဖြစ်သလို အရင်နအဖ အစိုးရ ပုံစံ မဟုတ်တော့တဲ့ အတွက် ဒီအမိန့် ညွှန်ကြားချက်များကို မီဒီယာတွေ၊ လွှတ်တော်တွေမှာ ဝေဖန် ဆွေးနွေးနိုင်သလို လိုအပ်ရင် တရားရုံးကိုလည်း ဦးတိုက် လျှောက်နိုင်ပါတယ်။
လူ့သဘော သဘာဝအရ တစ်ခါတစ်လေမှာ အရင် အတွေ့အကြုံ၊ လုပ်ရပ်များကြောင့် ကိုယ်အကောင်းမမြင်တဲ့သူ တစ်ဦး ပြောင်းလဲလာတဲ့ အခါ အရှိကိုယ် အရှိအတိုင်း မြင်ပြီး လက်ခံနိုင်ဖို့ ခက်ခဲလေ့ ရှိပါတယ်။ အခု လွှတ်တော်နဲ့ အစိုးရအဖွဲ့ရဲ့ လုပ်ဆောင်ချက်များကို ဝေဖန် သုံးသပ်မှုတွေထဲမှာ အဲဒီလို စိတ်အခံနဲ့ ပြောဆို သုံးသပ်နေတာတွေ အတော်များပါတယ်။ ဒီမိုကရေစီ စနစ်မှာတော့ ဝေဖန်တာ၊ အကြံပြုတာ ရှိမှာပါပဲ။ ဒါပေမယ့် အစွဲကင်းကင်းနဲ့ အကြောင်းအရာများကို သေသေ ချာချာ လေ့လာပြီး ဝေဖန်ကြမယ် ဆိုရင်တော့ ဖတ်ရသူများလည်း အကျိုးများမယ်လို့ ထင်ပါတယ်။
0 ဦးကဆွေးနွေးသွားပါတယ်..
Отправить комментарий