၁။ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ နိုင်ငံသားများ၏ မူလ အခွင့်အရေးများ မြှင့်တင်ရေးနှင့် ကာကွယ်ရေးတို့ကို ဆောင်ရွက်နိုင်ရန် အလို့ငှာ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို ဖွဲ့စည်း၍ ၄င်းကော်မရှင်ရုံးကို ရန်ကုန်မြို့ လှိုင်မြို့နယ် ပြည်လမ်း အမှတ်(၂၇)တွင် ဖွင့်လှစ်ထားရှိပြီး ဖြစ်ပါသည်။
၂။ နိုင်ငံသားတစ်ဦးသည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံသားများ၏ မူလ အခွင့်အရေးကို ဖောက်ဖျက်ခံရပါက အောက်ဖော်ပြပါ အချက်အလက်များ ပြည့်စုံစွာ ဖော်ပြလျက် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သို့ တိုင်တန်းနိုင်ပါသည်-

(က)
တိုင်တန်းသူ၏အမည်၊ နေရပ်လိပ်စာနှင့် ဆက်သွယ်ရန် လိပ်စာ အပြည့်အစုံ (ဖုန်း၊ ဖက်စ်နှင့် e-mail တို့ ရှိပါလျှင် ထည့်သွင်း ဖော်ပြပါရန်)၊

(ခ)
တိုင်တန်းသူသည် မည်ကဲ့သို့ မူလအခွင့်အရေး ဖောက်ဖျက်ခံရသည်ကို အချက်အလက်များ ပြည့်စုံစွာ ဖော်ပြရန်၊

(ဂ)
တိုင်တန်းဖော်ပြချက်သည် မှန်ကန်စွာ ရေးသားဖော်ပြခြင်း ဖြစ်ကြောင်း ၀န်ခံချက်ပြု၍ လက်မှတ် ရေးထိုးရန်။
၃။ တိုင်တန်းချက်ကို တိုင်တန်းသူ၏ နိုင်ငံသား စိစစ်ရေးကတ် မိတ္တူ ပူးတွဲလျက် အတွင်းရေးမှူး၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အမှတ်(၂၇) ပြည်လမ်း လှိုင်မြို့နယ် ရန်ကုန်မြို့သို့ လိပ်မူ၍ မှတ်ပုံတင်စာဖြင့် ဖြစ်စေ၊ ကော်မရှင်ရုံးသို့ လာရောက်၍ ဖြစ်စေ ပေးပို့နိုင်ပါသည်။
၎။ ကော်မရှင် အနေဖြင့် ထိရောက်စွာ ဆောင်ရွက်ပေးနိုင်ရန် အတွက် အထက်ဖော်ပြပါ အပိုဒ် ၂(က)၊ (ခ)နှင့် (ဂ)တို့တွင် ဖော်ပြပါရှိသည့် အချက်များကို ပြည့်စုံစွာ ဖော်ပြရန် လိုအပ်ပါသည်။
၅။ တရားရုံး တစ်ရပ်ရပ်သို့ အမှုဖွင့် တိုင်တန်းထားပြီး အမှုများ၊ တရားရုံး တစ်ရပ်ရပ်က စစ်ဆေးဆဲ အမှုများနှင့် တရားရုံး တစ်ရပ်ရပ်က ဆုံးဖြတ်ချက် ချမှတ်ထားပြီးသော အမှုများနှင့် စပ်လျဉ်းသည့် ကိစ္စရပ် များသည် ဤကြော်ငြာစာတွင် အကျုံးဝင်ခြင်း မရှိပါ။
၆။ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် လက်ခံရရှိသော တိုင်တန်းချက်များကို စိစစ်ရာတွင် လိုအပ်ပါက တိုင်တန်းသူအား ခေါ်ယူတွေ့ဆုံ မေးမြန်းမည်ဖြစ်ပါသည်။
၇။ နိုင်ငံသား တစ်ဦးသည် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ နိုင်ငံသားများ၏ မူလအခွင့်အရေး ဖောက်ဖျက် ခံရသည်မှာ မှန်ကန်ကြောင်း စိစစ်တွေ့ရှိရပါက ကော်မရှင် အနေဖြင့် နိုင်ငံသားများ၏ မူလအခွင့်အရေးများ မြှင့်တင်ရေးနှင့် ကာကွယ်ရေး အတွက် ကော်မရှင်၏ လုပ်ထုံးလုပ်နည်း နှင့်အညီ ဆောင်ရွက် သွားမည် ဖြစ်ပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်
ရက်စွဲ၊ ၂၀၁၁ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်

0 ဦးကဆွေးနွေးသွားပါတယ်..

Отправить комментарий