ဆောင်းပါးရယ်လို့ မဟုတ်ပါဘူး။ လွှတ်တော်တွေ စပြီး ကျင်းပနေချိန်မှာ မီဒီယာတွေ ပေါ်မှာ ရေးကြ၊ ဆွေးနွေး ကြတာတွေကို ဖတ်ပြီး ပေါ်လာတဲ့ အတွေးများကို မျှဝေ လိုက်တာပါ။
လွှတ်တော်အကြောင်း
သြဂုတ်လ ၁၁ ရက်နေ့က ဗီအိုအေ အစီအစဉ်မှာ ဆရာ ကျော်ဇံသာက လွှတ်တော်တွေ ပြန်ခေါ်တော့မယ့် အကြောင်း ပြောတဲ့အခါ ၂၀၀၈ အခြေခံဥပဒေမှာ ပြည်ထောင်စု လွှတ်တော်ဟာ နိုင်ငံတော်ရဲ့ အမြင့်ဆုံး အာဏာပိုင် အဖွဲ့အစည်း ဖြစ်ကြောင်း ပြဋ္ဌာန်း မထားဘူး။ လမ်းစဉ်ပါတီ လက်ထက် ၁၉၇၄ ခုနှစ် အခြေခံ ဥပဒေမှာတောင် အဲဒီလို ဖော်ပြထားတယ်။ ဒါ့ကြောင့် ဒီလွှတ်တော်ဟာ ဘာများ လုပ်နိုင်မှာလဲလို့ မေးခွန်း ထုတ်သွားတာ ကြားလိုက်ရပါတယ်။
ဆရာကျော်ဇံသာလို နိုင်ငံရေးနဲ့ နိုင်ငံတကာ ရေးရာမှာ နှံ့စပ်တဲ့ လူတစ်ယောက်က အဲဒီလို မှတ်ချက် ပေးလိုက်တာကို အတော် အံ့သြမိပါတယ်။ တကယ်တော့ မြန်မာနိုင်ငံမှာ အရင် ကျင့်သုံးခဲ့တဲ့ ၁၉၄၇၊ ၁၉၇၄ ဥပဒေ နှစ်ခုလုံးဟာ ဗြိတိသျှ ၀က်မင်နစ်စတာ ပုံစံ အုပ်ချုပ်ရေးကို အခြေခံပါတယ်။ ဒါ့ကြောင့် လွှတ်တော်က ဥပဒေပြုရေးရော၊ အုပ်ချုပ်ရေးရော တာဝန် ယူပါတယ်။ ဒါ့ကြောင့်လည်း ၁၉၄၇ ဥပဒေအရ ပြည်သူ့ လွှတ်တော်မှာ အများစုရတဲ့ ပါတီကထဲက ကိုယ်စားလှယ် တစ်ဦးကို ၀န်ကြီးချုပ် ခန့်ပါတယ်။ ၀န်ကြီးချုပ်က ၀န်ကြီးတွေကို ခန့်ပါတယ်။ သမ္မတ ရှိပေမယ့် သမ္မတက အဆောင် အယောင် ရာထူးသာ ဖြစ်ပြီး ၀န်ကြီးချုပ်က ဦးဆောင်ပါတယ်။ လွှတ်တော်က ဥပဒေပြု ရေးရော၊ အုပ်ချုပ်ရေးရော တာဝန်ယူတဲ့ အတွက် ၀န်ကြီး ရာထူးယူတဲ့ လွှတ်တော် ကိုယ်စားလှယ်များက လွှတ်တော် ကိုယ်စားလှယ် အဖြစ်က နှုတ်ထွက်ဖို့ မလိုပါဘူး။
တစ်ပါတီစနစ် အခြေခံဥပဒေ ဖြစ်တဲ့ ၁၉၇၄ ခုနှစ် ဥပဒေကတော့ တစ်ပါတီ ဖြစ်တဲ့အတွက် အများစုပါတီ ဆိုတာ မရှိပါဘူး။ အာဏာရပါတီ ကိုယ်စားလှယ်များက နိုင်ငံတော် ကောင်စီနဲ့ ၀န်ကြီးအဖွဲ့ကို ရွေးချယ်ပါတယ်။ နိုင်ငံတော် ကောင်စီ ဥက္ကဌက သမ္မတ ဖြစ်ပါတယ်။ ၀န်ကြီးအဖွဲ့က နိုင်ငံတော် ကောင်စီကို တာဝန် ခံရပါတယ်။ နိုင်ငံတော် ကောင်စီနဲ့ ၀န်ကြီးအဖွဲ့မှာ ရွေးချယ်ခံရသူများ လွှတ်တော် ကိုယ်စားလှယ် အဖြစ်က ထွက်ဖို့မလိုပါဘူး။
အဲဒီလို လွှတ်တော်က ဥပဒေပြုရေးရော၊ အုပ်ချုပ်ရေးရော၊ ၁၉၇၄ တုံးကဆိုရင် ဥပဒေ အကျိုးဆောင်၊ ပြည်သူ့ တရားသူကြီးအဖွဲ့တွေ ပါပါတဲ့ တရားစီရင်ရေး မဏ္ဍိုင်ကိုပါ ကိုင်ထားတဲ့ အတွက်၇၄ အခြေခံဥပဒေ ပုဒ်မ ၄၁ မှာ ပြည်သူ့ လွှတ်တော်သည် နိုင်ငံတော်၏ အမြင့်ဆုံး အာဏာပိုင် အဖွဲ့အစည်း ဖြစ်သည်ဟု ပြဋ္ဌာန်းခဲ့ပါတယ်။ သို့သော် ၄၇ ဥပဒေမှာတော့ တရားရေး မဏ္ဍိုင်က သီးခြား လွတ်လပ်တဲ့ အတွက် ၄၇ အခြေခံဥပဒေ ပုဒ်မ ၆၅ မှာ ပြည်ထောင်စု နိုင်ငံ၏ ဥပဒေပြု အာဏာသည် ပါလီမန်တွင် တည်ရှိ ရမည်လို့သာ ပြဋ္ဌာန်းခဲ့ပါတယ်။
၂၀၀၈ အခြေခံ ဥပဒေက ပေါ်ထွက်လာတဲ့ နိုင်ငံတော် ပုံစံဟာ အမေရိကန်ပုံစံ သမ္မတက ဦးဆောင်ပြီး မဏ္ဍိုင်သုံးရပ် အပြန်အလှန် ထိန်းကျောင်းတဲ့ စနစ် ဖြစ်ပါတယ်။ ဒါ့ကြောင့် လွှတ်တော် ကိုယ်စားလှယ် တစ်ဦးဟာ အုပ်ချုပ်ရေး ကဏ္ဍမှာ သမ္မတ ဖြစ်စေ၊ ၀န်ကြီးအဖြစ် ဖြစ်စေ ရွေးချယ်ခံရရင် လွှတ်တော် ကိုယ်စားလှယ် အဖြစ်က နှုတ်ထွက် ရပါတယ်။ ဒါ့ကြောင့် ၂၀၀၈ အခြေခံဥပဒေ ပုဒ်မ ၁၁ မှာ နိုင်ငံတော်ရဲ့ အချုပ်အခြာ အာဏာ ဖြစ်တဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေး တို့ကို ပိုင်းခြား သုံးစွဲခြင်းနဲ့ အပြန်အလှန် ထိန်းကျောင်းခြင်းတို့ ပြုလုပ်မယ် ဆိုပြီး ပြဋ္ဌာန်း ထားပါတယ်။ ပုဒ်မ ၁၂ မှာတော့ နိုင်ငံတော်ရဲ့ ဥပဒေပြုရေး အာဏာကိုတော့ ပြည်ထောင်စု လွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော်နဲ့ ပြည်နယ် လွှတ်တော်များကို ခွဲဝေ အပ်နှင်းသည်ဟု ပြဋ္ဌာန်းထားတာ ဖြစ်ပါတယ်။
အမေရိကန် အခြေခံဥပဒေမှာလည်း ဆရာကျော်ဇံသာ လိုချင်သလို ကွန်ဂရက်ကို အမြင့်ဆုံး အာဏာပိုင်လို့ ပြဋ္ဌာန်းထားမှု မရှိပါဘူး။ အခန်း ၁ ပုဒ်မ ၁ မှာသာ ဥပဒေပြု အာဏာကို အထက် လွှတ်တော်နဲ့ အောက် လွှတ်တော်ကို အပ်နှင်းကြောင်း All legislative Powers herein granted shall be vested in a Congress of the United States, which shall consist of a Senate and House of Representatives ဆိုပြီး ပြဋ္ဌာန်းထားပါတယ်။
ဒီတော့ ဆရာကျော်ဇံသာရဲ့ မှတ်ချက် ဖြစ်တဲ့ နိုင်ငံရဲ့အမြင့်ဆုံး အာဏာပိုင် အဖြစ် အသိအမှတ်ပြု မထားတဲ့ အတွက် လုပ်ပိုင်ခွင့် ရှိမှာ မဟုတ်ဘူးဆိုတဲ့ အယူအဆဟာ ဥပဒေကြောင်း အရ မမှန်သလို လက်တွေ့ လွှတ်တော်တွင်းမှာ ဆွေးနွေး၊ ဆုံးဖြတ်နေမှုများ အရလည်း လက်တွေ့ အခြေအနေမှာလည်း မှားနေတယ်လို့ ဆိုချင်ပါတယ်။
မီဒီယာတွေ
ပထမအကြိမ်တုံးက လွှတ်တော်တွင်းကို သတင်းမီဒီယာများ ၀င်ခွင့်မရသဖြင့် ကန့်ကွက်သံတွေ ညံခဲ့တယ်။ အခု ဒုတိယ အကြိမ် အစည်းအဝေး ကျတော့ သတင်း ယူခွင့်ပြုသည်။ ဓာတ်ပုံ ရိုက်ခွင့်ပြုသည်။ သတင်းခန်းမှာ နေပြီး လွှတ်တော် အတွင်း ဆွေးနွေးမှုများကို နားထောင်ခွင့်၊ ရုပ်သံမှတဆင့် လေ့လာခွင့်ရသည်။ လွှတ်တော် အမတ်တွေ ဆွေးနွေးသမျှ တစ်ဝကြီး ရေးတာ ဖတ်ရတော့မည်ဟု စောင့်စား ခဲ့သော်လည်း လွှတ်တော်စပြီး လေးရက် အကြာမှာတော့ ဂျာနယ်သုံးခုက သတင်း သမားများသာ ကျန်တော့သည်ဟု Eleven ဂျာနယ်မှာ ဖတ်လိုက်ရပါတယ်။
တကယ်တော့ လွှတ်တော်ထဲမှာ ပြောသမျှ အပြည့်အစုံကို ဂျာနယ်တွေက ဖော်ပြဖို့ မဖြစ်နိုင်ပါ။ အစိုးရ သတင်းစာတောင် လုံးစေ့ပတ်စေ့ မရေးနိုင်။ သို့သော် ဂျာနယ်အလိုက် သန်ရာသန်ရာ ကိစ္စများကို ထဲထဲဝင်ဝင် ရေးပြတာ၊ သတင်း တင်တာတော့ မြင်ချင်ပါတယ်။ အခုထိ Myanmar Time , Eleven, Envoy သုံးစောင်သာ ဆက်တင် ပေးနေပြီး ကျန်သူတွေ ကတော့ သတင်းစာထဲက ပြန်ကူး ဖော်ပြနေတာ တွေ့ရတော့ ဆိုဒါပုလင်းလိုပဲ ဖောက်စတော့ အသံမည်သည်၊ ပြီးတော့ အဖျား ရှုးသွားသည် ဆိုတဲ့ စကားကိုပဲ ပြန်ပြောင်း အောင့်မေ့ မိပါတော့တယ်။
နောက်ပြီး ဒီထက်ဆိုးတာက ပြည်ပ မီဒီယာတစ်ချို့နဲ့ လွှတ်တော် ကိုယ်စားလှယ် တစ်ချို့က အစိုးရ သတင်းစာမှာ သူတို့ ဆွေးနွေးသမျှ အပြည့်အစုံ မဖော်ပြဟု စွပ်စွဲလာတာပါပဲ။ အဆိုတစ်ခုကို လေးငါးဆယ်ယောက် ဆွေးနွေးတာ၊ ၀န်ကြီးငါး ယောက် လောက်က ပြန်ဖြေ နေတာတွေကို အပြည့်အစုံ ထုတ်ဖို့ ဆိုတာ ဘယ်ဒီမိုကရေစီ နိုင်ငံက သတင်းစာမှာမှ မရှိပါဘူး။ သူကောင်းမယ် ထင်တာလောက်ပဲ ကောက်နှုတ် ဖော်ပြမှာ ဖြစ်ပါတယ်။ အဲဒီ အပြည့်အစုံကို ဖော်ပြဖို့ မှတ်တမ်း တင်ရမှာက လွှတ်တော် အလုပ် ဖြစ်ပါတယ်။ ပြည်ထောင်စု လွှတ်တော် ဥပဒေမှာလည်း ဆွေးနွေးချက် မှတ်တမ်းများကို လွှတ်တော်က ဆောင်ရွက်ဖို့၊ အများပြည်သူ သိသင့်တာကို ထုတ်ပြန်ပေးဖို့ ဆိုပြီး ပြဋ္ဌာန်းထားပါတယ်။
ဒါ့ကြောင့် လုပ်သင့်တာက လွှတ်တော် အမတ်များအနေနဲ့ လွှတ်တော် မှတ်တမ်းတွေ မြန်မြန် ထုတ်ဝေနိုင်ဖို့ အတွက် ဥက္ကဌများကို တင်ပြဖို့၊ ဖြစ်နိုင်ရင် နောင်မှာ အမေရိကန် လွှတ်တော်၊ အင်္ဂလိပ် ပါလီမန်တို့လို ၀က်ဘ်ဆိုက်မှာ တင်ပေးဖို့ ကြိုးပမ်း သွားရမှာ ဖြစ်ပါတယ်။
အဲဒီလို လွှတ်တော်ကလည်း ထုတ်ပြန်မယ်။ မီဒီယာတွေကလည်း မိမိတို့ သန်ရာကိစ္စများကို ရေးသား သတင်းပေးပို့ မယ်ဆိုရင်တော့ ပြောပြော နေကြ ဖြစ်တဲ့ လွတ်လပ် ပွင့်လင်းမှု၊ တာဝန်ခံမှုတို့ ဖြစ်လာမှာပါ။ အခုတော့ သတင်းဂျာနယ် တစ်ရာ နီးပါးလောက်မှာ သုံးယောက်ပဲ ပုံမှန် သတင်း ယူနေတယ် ဆိုရင်တော့ မီဒီယာတွေ တာဝန်မှ ကျေရဲ့လား၊ မင်းသမီး မင်္ဂလာဆောင် လောက်တောင် အားမထည့် တော့ဘူးလားလို့ မေးရမလို ဖြစ်နေပါပြီ။
တွေးမိသမျှ ဝေငှလိုက်တာပါ။

0 ဦးကဆွေးနွေးသွားပါတယ်..

Отправить комментарий