ကမ္ဘာနှင့် အဝှမ်းမှာ စစ်ပွဲတွေတွေ သဘာဝဘေးတွေ ကပ်ရောဂါတွေ နေ့စဉ်နဲ့အမျှ နေရာအနှံ့က ကြားနေ ရပါတယ်။ စင်္ကြာဝဠာကြီး အနှံ့မှာ လူသားနဲ့ သက်ရှိတွေ နေထိုင်နိုင်ဖို့ ကမ္ဘာမြေကြီး အပြင် အခြားနောက်ထပ် ဂြိုလ်တစ်ခု ရှာမတွေ့ သေးပါဘူး။ ဒီတစ်ခု တည်းသော ကမ္ဘာကြီး ပေါ်မှာလည်း လူသားနဲ့ သက်ရှိတွေဟာ အသက်ရှင် နေထိုင်နိုင်ဖို့ အတွက် ရုန်းကန် လှုပ်ရှား နေကြရင်း ရပ်တည်မှုနဲ့ ရှင်သန်မှု အတွက် မုန်တိုင်း အန္တရာယ်၊ ငလျင် အန္တရာယ်၊ ရေကြီးတာ၊ မြေပြိုတာ၊ မိုးခေါင်တာ စတဲ့ ကမ္ဘာ့ ပြဿနာတွေကို နေ့စဉ်နဲ့အမျှ တိုက်ခိုက် နေရပါတယ်။ အဓိကကတော့ ဒီရှင်သန် ရပ်တည်ဖို့ အခွင့်အရေး အတွက် တစ်ခုတည်းသော ဒီကမ္ဘာမြေကြီး ပေါ်မှာလည်း ကျွန်တော်တို့ဟာ စိန်ခေါ်မှု အမျိုးမျိုးကို ရင်ဆိုင်နေရ တယ်ဆိုတာ ပြောချင်တာပါပဲ။
ဒီလို လူသား ရပ်တည် ရှင်သန်မှု အတွက် ရင်ဆိုင် နေကြရတဲ့ စိန်ခေါ်မှု အမျိုးမျိုး တွေထဲကမှ ကျွန်တော်တို့ အနီးနားကို အသံတိတ်နဲ့ ချည်းကပ်နေပြီး ကျွန်တော်တို့ မသိလိုက်ခင်မှာ ကျွန်တော်တို့ လည်ပင်းကို ဖမ်းကိုင်ညှစ်မယ့် အရာတစ်ခု ရှိပါတယ်။ ၂၀၁၀-၂၀၁၁ ခုနှစ်မှာ စားလုံး မည်းကြီးတွေနဲ့ စားသောက်ကုန် ဈေးနှုန်းဆိုပြီး အထင်အရှား လူလုံး ထွက်ပြလာတဲ့ စားနပ်ရိက္ခာ ရှားပါးမှု ပြဿနာပါ။ လွန်ခဲ့တဲ့ရာစုနှစ် ထက်ဝက် လောက်ကစပြီး စိုက်ပျိုးရေး နယ်ပယ်မှာ တိုးတက်မှုဟာ အမြဲတမ်း ဆက်လက် တိုးတက် နေမှာပဲလို့ ယူဆ လာခဲ့ကြတယ်။ ဒါပေမဲ့ ဒီလို မဟုတ်ပါဘူး။ သိပံ္ပပညာရဲ့ တွက်ချက်မှုတွေ သတိ မမူမိခင်မှာပဲ အပြောင်း အလဲတွေ ဖြစ်နေပါတယ်။
ဂျပန်နိုင်ငံမှာ ရာစုနှစ် တစ်ခုလောက် ကောက်ပဲသီးနှံ အထွက်နှုန်း တိုးတက်ခဲ့ပြီး တစ်ဧက စပါးအထွက် နှုန်း တိုးတက် မလာတာ ၁၆ နှစ် ကြာခဲ့ပြီ။ တရုတ်နိုင်ငံမှာလဲ မကြာမီ အထွက်နှုန်း ရပ်တန့်သွားနိုင် တယ်လို့ ဆိုထားပါတယ်။ ဗြိတိန်၊ ပြင်သစ်နဲ့ ဂျာမနီ နိုင်ငံတွေမှာ ဂျုံအထွက် တိုးတက် မလာတော့ဘူးလို့လဲ သိရပါတယ်။ နောက်လည်း ထပ်တိုးလာဖို့ ဖြစ်နိုင်ခြေ နည်းနေပုံ ရပါတယ်။ ရှားပါးမှုတွေ အမျိုးမျိုးအနက် စားနပ်ရိက္ခာ ရှားပါးမှုက ကျွန်တော် တို့ ခန့်မှန်း တွက်ချက် ထားတာထက် အကြောင်း အမျိုမျိုးကြောင့် ပိုမို စောစီးစွာ ရောက်ရှိလာမယ့် ပုံပါပဲ။
၂ဝဝ၇ ခုနှစ်မှာ စတင်ပြီး လယ်သမား တွေက ကမ္ဘာ့သီးနှံ လိုအပ်ချက်ကို ပြည့်မီအောင် မထုတ်လုပ်နိုင်ဘဲ ဖြစ်လာခဲ့ ပြီး ၂ဝဝ၈ ခုနှစ်၊ နှစ်လယ်မှာ ကောက်ပဲသီးနှံဈေးတွေ သုံးဆ မြင့်တက်သွားတယ်။ ကောက်ပဲ သီးနှံတင်ပို့တဲ့ နိုင်ငံတွေအချို့ဟာ ပြည်တွင်း ဈေးနှုန်းမြင့်မား လာတာတွေကို ထိန်းသိမ်းဖို့ အတွက် နိုင်ငံခြား တင်ပို့မှုတွေကို ရပ်တန့်ပစ်ကြ ပြန်ပါတယ်။
ရုရှားနဲ့ အာဂျင်တီးနား နိုင်ငံတွေကလဲ ကောက်ပဲသီနှံ တင်ပို့မှုကို ရပ်တန့် ထားတယ်။ ဆန်စပါး တင်ပို့မှုမှာ ဒုတိယ အများဆုံး ဖြစ်တဲ့ ဗီယက်နမ် နိုင်ငံ ကလဲ ၂ဝဝ၈ ဦးပိုင်းမှာ ဆန်တင်ပို့ ရောင်းချမှုကို လအတော်ကြာ ရပ်နား ထားခဲ့တယ်။ အခြား ဆန်တင်ပို့နေတဲ့ နိုင်ငံငယ် တွေကလဲ ဆန်တင်ပို့မှုကို ရပ်ဆိုင်း ထားလိုက်ကြတယ်။ ဒီအချိန်ကျမှ ဆန်တို့၊ ဂျုံတို့ တင် သွင်းနေကြရတဲ့ နိုင်ငံတွေ မျက်ပြူးဆံပြာ ဖြစ်ကုန်တယ်။ စားသောက်ကုန် ဆိုတာကလည်း ခုပြည်တွင်းမှာ ခုစိုက် ခုစားရတာမျိုး လဲမဟုတ်ဘူး။ ဒါကြောင့် ဒီနိုင်ငံတွေဟာ တင်ပို့ ရောင်းချကြတဲ့ နိုင်ငံတွေနဲ့ ရေရှည် စာချုပ် ချုပ်ဆိုနိုင်ဖို့ ကြိုးပမ်း လာကြပါတယ်။ ဖိလစ်ပိုင် နိုင်ငံဟာ ဗီယက်နမ် နိုင်ငံနဲ့ တစ်နှစ် ဆန်တန် ချိန် ၁.၅ သန်း သုံးနှစ် ဆက်တိုက် ဝယ် ယူဖို့ စာချုပ် ချုပ်ဆိုခဲ့တယ်။ ယီမင်က ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့ သြစတြေးလျ နိုင်ငံ သွားရောက်ပြီး စာချုပ် ချုပ်ဆိုဖို့ ကြိုးပမ်းခဲ့တယ်။ မအောင်မြင်ခဲ့ဘူး။ ရောင်းသူဈေး ကွက် Seller's Market မှာ တင်ပို့ သူတွေဟာ ရေရှည် စာချုပ်တွေ မချုပ် ချင်ကြဘူး။ တင်သွင်းတဲ့ နိုင်ငံတွေဟာ သူ တို့ လိုချင်တဲ့ ကောက်ပဲသီးနှံတွေ စဉ်ဆက် မပြတ် ရရှိ ရေးအတွက် နောက်တစ်နည်း ကြိုးပမ်း အဖြေရှာဖို့ လိုလာပါတယ်။ မဟုတ်ရင် တစ်နိုင်ငံလုံး ဘယ်လောက်ပဲ စီးပွားအင်အား တောင့်တင်း နေပါစေ ထိုင်ငတ် နေကြရရုံပါပဲ။ နျုကလီးယားတို့ စွမ်းအင်တို့ ရွှေတို့ ဒေါ်လာတို့ ဆိုတာကလည်း စားလို့မှ မရတာ။
အဲဒီ အကျိုးဆက် အနေနဲ့ ၂ဝ၁၁ ခုနှစ်မှာ ကုလသမဂ္ဂ စားနပ်ရိက္ခာ ဈေးနှုန်း ညွှန်းကိန်းက မမြင့်မားစဖူး မြင့်မားလာတာ ပါပဲ။ စားနပ် ရိက္ခာရဲ့ ပထဝီ နိုင်ငံရေးဟာ မတည်မငြိမ် ဖြစ်လာတယ်။ အရင် အချိန်တွေက ဈေးကြီး မြင့်လာမှု တွေကို သိပ်ပြီး အရေး မထားခဲ့ကြဘူး။ ဈေးနှုန်းတွေရဲ့ သဘာဝက မြင့်တက် လာပြီးရင် ပြန်ကျဆင်းသွား တတ်တာမျိုးလို့ အရိုးစွဲ နေခဲ့ကြတယ်။ ၂ဝ ရာစု နှောင်းပိုင်း တောက်လျှောက် စားနပ်ရိက္ခာ ဈေးနှုန်း တည်ငြိမ်ခဲ့တယ်။ ကျဆင်းခဲ့တယ် လို့တောင် ဆိုပါတယ်။ ၂ဝ ရာစု အလယ်လောက်က စပြီး ၁၉၉၅ ခုနှစ်အထိ အမေရိကန် ပြည်ထောင်စုမှာ စားနပ်ရိက္ခာ အလျှံအပယ် ရှိခဲ့တယ်။ ၁၉၆၅ ခုနှစ်မှာ အိန္ဒိယနိုင်ငံမှာ မုတ်သုံမိုးခေါင်လို့ ငတ်မွတ်ခေါင်းပါးမှု ဘေးနဲ့ ကြုံတွေ့နေရချိန် တုန်းကတောင် အမေရိကန် နိုင်ငံက ဂျုံသီးနှံ အထွက်ရဲ့ ငါးပုံတစ်ပုံကို အိန္ဒိယကို တင်ပို့ပေးခဲ့ပြီး ပြဿနာဖြေ ရှင်းပေးခဲ့ ဖူးတယ်။ ခုချိန်ထိ အမေရိကန် စားသုံးသူတွေ အနေနဲ့ သီးနှံတွေကို ဈေးပေါပေါနဲ့ ဝယ်ယူ စားသုံးနေကြရ တုန်းပါပဲ။ ဒါပေမယ့် မကြာမီ ကာလမှာ ဒီပိုလျံမှုတွေဟာ နိဂုံး ချုပ်တော့မယ်။ တစ်ချိန် တည်းမှာပဲ ပိုမိုသိသာတာ တစ်ခုက ငတ်မွတ် ခေါင်းပါးမှုကို အကာအကွယ် ပေးနေတဲ့ အမေရိကန် စားနပ်ရိက္ခာ အထောက်အပံ့ ပေးရေး အစီအမံတွေ အတော်များများကို ကုလသမဂ္ဂကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ် -UN World Food Program - WFP က ပုခုံး ပြောင်းပြီး တာဝန် ယူနေရတယ်။ ဒါပေမယ့်လည်း WFP ရဲ့ စားနပ်ရိက္ခာ အစီအစဉ်ကို အဓိက ထောက်ကူ ပေးနေတဲ့ နိုင်ငံဟာ အမေရိကန် နိုင်ငံတော့ ဖြစ်နေဆဲပါ။
ကျွန်တော်တို့ဟာ ကမ္ဘာစစ်ကြီးနှစ်ခုနဲ့ ကမ္ဘာ့ စီးပွား ပျက်ကပ် ကြုံတွေ့ခဲ့ရပါတယ်။ နောက် ပိုင်းမှာတော့ လူသားတွေဟာ ပြဿနာတွေ ကို စုပေါင်း အဖြေရှာဖို့ ကြိုးပမ်း လာခဲ့ကြတယ်။ ဥပမာ ကုလသမဂ္ဂ၊ ကမ္ဘာ့ဘဏ်နဲ့ ငွေကြေးရန်ပုံငွေ အဖွဲ့တွေ ထူထောင် လာခဲ့တယ်။ ကမ္ဘာ့ စားနပ်ရိက္ခာ ပြသနာ အတွက်လည်း စုပေါင်း ဖြေရှင်းဖို့ ကြိုးစားလာ ကြပါတယ်။ ဒါပေမယ့် ဒီလုပ် ရပ်တွေဟာ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုကို မြှင့်တင် ပေးတယ် ဆိုသော်လည်း ထိရောက်မှု အားနည်း နေဆဲပါ။ ဒီကနေ့ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့- FAO ဟာ စားနပ် ရိက္ခာ အထောက်အပံ့တွေကို ကမ္ဘာ့ နိုင်ငံပေါင်း ၇ဝ လောက်မှာ ပေး ကမ်းဖြန့်ဝေ နေရတယ်ဆိုပေမဲ့ WFP ရဲ့ နှစ် စဉ်ဘတ်ဂျက်က အမေရိကန် ဒေါ်လာ လေး ဘီလီယံ လောက်ပဲ ရှိ တယ်။ အပြည်ပြည်ဆိုင်ရာရဲ့ ပူးပေါင်း ဆောင်ရွက်မှုဟာ မရှိသလောက် ရှားပါတယ်။ နောက်တစ်ခုက FAO ဟာ ဂလိုဘယ် စိုက်ပျိုးရေးနဲ့ပတ် သက်တဲ့ အချက်အလက် တွေကို စုစည်းပြီး စိစစ် တာကိုဘဲ အဓိက ထား ဆောင်ရွက် နိုင်ခဲ့ပြီး ကမ္ဘာ့စားနပ်ရိက္ခာ ထုတ်လုပ်မှု သေချာ လုံလောက်အောင်ထိ စုပေါင်း ကြိုးပမ်း လုပ်ဆောင်နိုင်ခြင်း မရှိဘူး။ အနာဂတ် အတွက် ပြင်ဆင်မှု တွေလည်း လုပ်မပေးနိုင် သေးပါဘူး။
မကြာသေးသော ကာလအထိ စိုက်ပျိုးရေးဆိုင်ရာ ကုန်သွယ်မှုတွေ အပေါ် အပြည်ပြည်ဆိုင်ရာ ဆွေးနွေး မှုတွေဟာ ဈေးကွက်ထဲ ဝင်ရောက် ရေး အတွက်လောက်ပဲ အာရုံစူးစိုက် ခဲ့ကြတယ်။ သို့ပေမယ့် ဒီရာစုနှစ်ရဲ့ ပထမ ဆယ်စုနှစ် အတွင်းမှာ ဆွေးနွေးမှုတွေ ဟာ စားနပ်ရိက္ခာ ဖြည့်ဆည်းရေး ဖြစ်လာတယ်။ နိုင်ငံတိုင်း ဟာ နှစ်စဉ် နှစ်တိုင်း ရာခိုင်နှုန်း အရရော၊ အရေအတွက် ပမာဏအရ ပါ တိုး တက်လာတဲ့ စားနပ်ရိက္ခာ လိုအပ်ချက်ရဲ့ ခြိမ်းခြောက်မှုကို တစတစ ခံစား လာရပါတယ်။ စားနပ်ရိက္ခာ ပိုလျှံတဲ့ ခေတ်ကနေပြီး စားနပ်ရိက္ခာ ရှားပါးမှုရဲ့ နိုင်ငံရေး သစ်ဆီ ပိုမိုလျှင်မြန်တဲ့ အရှိန်နှုန်းနဲ့ ပြောင်း လဲလာတယ်။ ကျွန်တော်တို့ဟာ နှစ်စဉ် တိုးတက်လာတဲ့ လူဦးရေ သန်း ၈ဝ ကို ကျွေး မွေးဖို့ အတွက်လည်း လုပ်ဆောင်ကြရ ပါတော့မယ်။ တိုးတက်လာသူ အားလုံးနီးပါး ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ နေထိုင်ကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ၁၉၇ဝ ပြည့် နှစ်လောက်ကစပြီး ကမ္ဘာ့လူဦးရေ ဟာ နှစ်ဆလောက် တိုးပွားသွား တယ်။ ဒီရာစုနှစ် အလယ်လောက် မှာ ကမ္ဘာ့လူဦးရေဟာ ကိုးဘီလီယံ ဖြစ်လာတော့မယ်လို့ တွက်ချက် ထားပါတယ်။ စားသုံးသူဦးရေ ပိုမိုတိုးတက် လာတာပါပဲ။
ဖြစ်ချင်တော့ ဒီလိုအချိန်မှာ ကမ္ဘာ့ ရာသီဥတုကလဲ ဖောက်ပြန် လာတယ်။ ကသောင်းကနင်း ဖြစ်လာတယ်။ မြေဆီလွှာ ပျက်စီးတာတွေ သဲကန္တာရတွေ ပိုမိုကျယ်ပြန့် လာတာတွေ ရေခဲတောင်တွေ ပျော်ကျမှု မြင့်တက် လာတာတွေ ကမ္ဘာ့အပူချိန် မြင့်တက်လာတာတွေ စသဖြင့် ဂေဟစနစ်အတွက် အနှုတ်လက္ခဏာ အများအပြား ဖြစ်ပျက်ခဲ့ပါတယ်။ ဂေဟဗေဒ ပညာရှင်တွေရဲ့ အဆိုက သီးနှံစိုက်ပျိုးချိန်မှာ အပူချိန် တစ်ဒီဂရီ ဆဲလ်စီးယပ်- Celsius မြင့် တက်လာတိုင်း သီးနှံအထွက်က ၁ဝ ရာခိုင်နှုန်း ကျဆင်း သွားကြောင်း ဖော်ညွှန်းတယ်။ ၂ဝ၁ဝ ပြည့်နှစ်က ရုရှားမှာ အပူလှိုင်း ကျရောက်မှုကြောင့် သီးနှံအထွက် ၄ဝ ရာခိုင်နှုန်း ကျဆင်း သွားခဲ့တယ်။ တိုးတက်လာတဲ့ လူဦးရေကို ကျွန်တော်တို့ ဘယ်လို ကျွေးထားမှာလဲလို့ မမေးရဲစရာပါ။ တစ်ဧက ထွက်နှုန်းတိုးတက်ဖို့ မရှိတော့လို့ စိုက်ဧကတွေ ထပ်မံ တိုးချဲ့ပြီး သီးနှံ အထွက်နှုန်းတွေကို တိုးတက် ဖို့ကြိုးစားကြရမယ် ဆိုရင်လည်း တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ဘယ်လောက်ထိ စိုက်ဧက တိုးချဲ့နိုင်မလဲ။
အိန္ဒိယ နိုင်ငံမှာ မြေအောက် ရေကို စုပ် တင် စိုက်ပျိုးမှုနဲ့ အိန္ဒိယ နိုင်ငံသား ၁၇၅ သန်းလောက်ကို ကျွေးမွေး နေ ရကြောင်းသိရှိရတယ်။ တရုတ် လူမျိုးသန်း ၁၃ဝ လောက် ကိုလည်း ဒီနည်းနဲ့ ကျွေးမွေးထားရတယ် ရုတ်နိုင်ငံမှာ ရေစုပ်တင် စိုက်ပျိုးမှုကို တရုတ်ပြည် မြောက်ပိုင်း လွင်ပြင်ဒေသမှာ အကြီးအကျယ်ပြုလုပ်တယ်။ ဒီကြားထဲမှာ မြေအောက် ရေပြင် လျော့နည်းကျဆင်း လာလို့ ရေတွင်းအချို့ ရေကုန်ခန်း သွားတယ်။ မြေအောက်ရေကို စုပ်တင်ပြီး စိုက်ပျိုးရေး လုပ်တာဟာ ရေတိုမှာ အထွက်နှုန်းတိုးဖို့ အထောက်အကူ ဖြစ်ပေမယ့် ရေရည်မှာ ရေအောင်းလွှာ အတွင်း ရေကုန်ခန်း သွားခဲ့ရင် ဘယ်လို လုပ်ကြမလဲ။ မြေအောက် ရေပြင်တွေ လျော့နည်း ကျဆင်းလာချိန်မှာ မြေဆီလွှာ တွေကလဲ လူသားတွေရဲ့ မထိန်းသိမ်း မပြုပြင် နိုင်မှုကြောင့် ယိုယွင်း ပျက်စီးပြီး သဲကန္တာရ အဖြစ် ပြောင်းလဲ လျက်ရှိတယ်။ တရုတ်ပြည်ရဲ့ အနောက်ပိုင်းနဲ့ မြောက်ပိုင်း၊ မွန်ဂို လီးယားရဲ့ အနောက်ပိုင်းနဲ့ အာဖရိ ကတိုက်ရဲ့ အလယ်ပိုင်း ဒေသတွေမှာ ဧရာမ သဲကန္တာရကြီးတွေ ဖြစ်ပေါ် လာနေတယ်။ တရုတ် သဲကန္တာရ ပညာရှင် Wang Tao က တရုတ် ပြည်မြောက်ပိုင်းမှာ နှစ်စဉ်နှစ်တိုင်း စတုရန်းမိုင် ၁၄ဝဝ လောက်ရှိတဲ့ ကုန်းမြေဟာ သဲကန္တာရအဖြစ် ပြောင်း လျက်ရှိတယ်လို့ ထောက်ပြခဲ့တယ်။ မွန်ဂိုလီးယားနဲ့ လီဆိုသို နိုင်ငံတွေမှာ သီးနှံအထွက် ထက်ဝက်လောက် ကျဆင်း သွားခဲ့ပြီဖြစ်တယ်။ မြောက်ကိုရီးယားနဲ့ ဟေတီနိုင်ငံ တွေမှာလည်း မြေဆီလွှာတွေ ဆုံးရှုံးလျက်ရှိတယ်။ အပြည်ပြည်ဆိုင်ရာ အကူအညီတွေသာ မရခဲ့ရင် ဒီနှစ်နိုင်ငံဟာ အငတ်ဘေးနဲ့ ကြုံတွေ့ နိုင်တယ်။ နောက် တစ်ကမ္ဘာလုံးလည်း အနှေးနဲ့ အမြန်ပါပဲ။
ဒါ့အပြင် နည်းပညာ ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ နိုင်ငံရဲ့ စွမ်းအင်လိုအပ် ချက်အတွက် ကောက်ပဲသီးနှံ စတာတွေကို ဇီဝလောင်စာ ပြောင်းလဲ ထုတ်လုပ်ဖို့ ကြိုးစား လာကြတယ်။ ၂ဝ၁ဝ ပြည့်နှစ်က အမေရိကန် ပြည်ထောင်စုမှာ ကောက်သိမ်းချိန် သီးနှံ အတွက် တန်ချိန် သန်း ၄ဝဝ နီးပါး ရှိခဲ့တယ်။ အဲဒီထဲက တန်ချိန် ၁၂၆ သန်းကို အီသနော အဖြစ် ပြောင်းလဲရာမှာ အသုံးပြုခဲ့တယ်။ ၂ဝဝဝ ပြည့်နှစ်က အီသနော အဖြစ် ပြောင်းလဲခဲ့တဲ့ ကောက်ပဲသီးနှံ တန်ချိန်ဟာ ၁၆ သန်းပဲ ရှိခဲ့တာဖြစ်ပါတယ်။ ရေနံ ဈေးနှုန်းမြင့် တက်လာရင် ကောက်ပဲသီးနှံ ဈေးနှုန်းတွေကလဲ မြင့်တက်သွားတယ်။ ကောက်ပဲသီးနှံဟာ ရေနံအတွက် အစားထိုး ကုန်စည်ဖြစ် သွားတယ်။ ကောက်ပဲသီးနှံတွေကို အခုလို ဇီဝလောင်စာအဖြစ် ပြောင်းလဲ ထုတ်လုပ်မှုကြောင့် ကောက်ပဲသီးနှံ ဈေးနှုန်းတွေဟာ ရေနံဈေးနှုန်းနဲ့ ချိတ်ဆက်သွားတယ်။ လောင်စာဈေး နှုန်းအတက်အကျ အပေါ်လိုက်ပြီး ကောက်ပဲသီးနှံ တွေလည်း ဈေးနှုန်း မတည်ငြိမ်မှုတွေ ဖြစ်ပေါ်လာရတယ်။
မကြာသေးမီက ပြင်သစ် သမ္မတ Nicolas Sarkozy က ကုန်စည် ဈေးကွက်တွေမှာ ဈေးကစား နေကြမှုကို ထိန်းချုပ် ဟန့် တားပြီး စားနပ်ရိက္ခာ ဈေးနှုန်းတွေ မြင့်တက်လာမှုကို တိုက်ဖျက်မယ်လို့ ဆိုခဲ့ပါတယ်။ ဒါပေမယ့် ဒါက ရောဂါ လက္ခဏာကို တိုက်ဖျက်မှု လောက်ပဲ ဖြစ်ပြီး ရောဂါရဲ့ တကယ့် ဇာစ်မြစ်ကို ကုစားမှု မဟုတ် ပါဘူး။ ရောဂါရဲ့ တကယ့် ဇာစ်မြစ်တွေ ဖြစ်တဲ့ လူဦးရေ တိုးပွားမှု၊ ရာသီဥတု ပြောင်းလဲမှု၊ စွမ်းအင် နဲ့ ရေ သယံဇာတ ရှားပါးလာမှုတွေ ဖြေရှင်းဖို့ ကြိုးစားရမှာပါ။ ဒါမှသာ အကျိုးဆက်ဖြစ်တဲ့ စားနပ်ရိက္ခာ ရှားပါးမှုကို အမြစ်ကစပြီး ဆွဲနှုတ်ပစ်နိုင်မှာပါ။ နောက် အခြားသော ကမ္ဘာ့ပြဿနာ အတော်များများကိုလည်း ဖြေရှင်းပြီးသား ဖြစ်သွားမှာပါ။
ဒီကနေ့ စားနပ်ရိက္ခာ လုံခြုံမှု အတွက် ဂလိုဘယ် အာဏာ ပါဝါလုပွဲမှာ လယ်ယာမြေ သိမ်းပိုက်မှု၊ ရေသယံဇာတ သိမ်းပိုက် မှု၊ စားနပ်ရိက္ခာ ထုတ်လုပ်တင်ပို့ နေ ကြတဲ့ နိုင်ငံတွေရဲ့ လယ်သမားတွေ ဆီက သီးနှံတွေ တိုက်ရိုက် ဝယ်ယူမှုအထိ တိုးတက် ဖြစ်ပေါ်နေတယ်။ အချို့နိုင်ငံတွေမှာ အရံရိက္ခာ ဖူလုံစွာ ရှိနေပေမယ့် အချို့နိုင်ငံတွေမှာ ငတ်ပြတ် မှုတွေကို ခံစားနေရတာ ကျွန်တော်တို့ တွေ့နေရပါတယ်။ အနာဂတ် ကာလမှာ ရေနံအတွက် တိုက်တဲ့ စစ်ပွဲကနေပြီး အစားအစာ အတွက် နိုင်ငံတွေဟာ စစ်ပြင်ကြမယ်လို့ အလန့်တကြား ဆိုသူတွေလည်း ဆိုကုန်ကြပါပြီ။ အရန် ရေနံမရှိလို့ ကမ္ဘာ့ ယဉ်ကျေးမှု မပျက်သုဉ်း နိုင်ပေမယ့် အရန်မြေဆီလွှာတွေ ကုန်ခန်း သွားလိုကတော့ ကမ္ဘာ့ ယဉ်ကျေးမှုဟာ မရှင်သန် မရပ်တည် နိုင်ဘူးလို့ ဆိုကြတယ်။ ဒါကြောင့် ကမ္ဘာတစ်လွှားမှာ အသံတိတ် တရိပ်ရိပ် ကြီးထွား လာနေတဲ့ စားသောက်ကုန် ဈေးနှုန်းနဲ့ ကမ္ဘာ့ရိက္ခာ ပြဿနာ ဟာ ကျွန်တော်တို့ လူသားတို့ ရပ်တည် ရှင်သန်မှုကို အလဲမထိုးနိုင်ခင် သတိထား ဖြေရှင်းနိုင်ဖို့ အတွက် ရှာဖွေ စုဆောင်းမိသမျှ တင်ပြလိုက်ရ ပါကြောင်း။
မျိုးချစ်မောင်
0 ဦးကဆွေးနွေးသွားပါတယ်..
Отправить комментарий