ဦးကိုကိုလှိုင်
အနာဂတ်မြန်မာ့နိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့နိုင်ငံရေးအခန်းကဏ္ဍနဲ့ မြန်မာအစိုးရသစ်ရဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး ကိစ္စ ဖြစ်ပေါ်လာရေးဟာ ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာပဲ ပိုပြီးမူတည်နေတာဖြစ်ကြောင်းသမ္မတဦးသိန်းစိန်ရဲ့ နိုင်ငံရေးအကြံပေးအဖွဲ့ ခေါင်းဆောင်ဦးကိုကိုလှိုင် က RFA သတင်းဌာန နဲ့တွေ့ဆုံဆွေးနွေးခန်းတစ်ခုမှာထုတ်ဖော် ပြောကြားလိုက်ကြောင်းသိရပါတယ်။
အနာဂါတ်မြန်မာ့နိုင်ငံရေးမှာဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေး အခန်းကဏ္ဍနဲ့ပတ်သက်ပြီး သတင်းထောက်ရဲ့အမေးကိုဖြေကြားရာမှာတော့
“အဲဒီဟာလည်းပဲ ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာပဲ မူတည်လိမ့်မယ်လို့ ထင်ပါတယ်။ လုပ်ရကိုင်ရမယ့် ဘယ်တိုင်းပြည်မှာမဆို Game တခု ကစားတယ်ဆိုရင် Game ရဲ့ Rule ထဲမှာ ဝင်ပြီး ကစားလို့ကတော့ ဘယ်လိုပဲလုပ်လုပ် အားလုံးက ခွင့်ပြုမှာပါပဲ။ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ကြေညာချက် ပေးစာ ထဲမှာလည်း တွေ့တာတော့… လူမှုရေး လုပ်ချင်တယ်ဆိုရင်လည်း လူမှုရေးအရ အသင်းအဖွဲ့ မှတ်ပုံတင်ပြီးလုပ်ပါ သူတို့လုပ်ပေးပါ့မယ်… တကယ်လို့ ပါတီအဖြစ်နဲ့ပဲ မှတ်ပုံတင်ပြီး ပြန်ပြီးတော့ ပါမယ်၊ ပြည်သူလူထုရဲ့ အဆုံးအဖြတ်ကို ယူပြီးတော့မှ ရွေးကောက်ပွဲဝင်မယ် ဆိုရင်လည်း ဖွင့်ပေးမယ်… ဆိုတာ သမ္မတကြီး မိန့်ခွန်းထဲမှာလည်း ပါပြီးသားပါ။ ဆိုတော့ ဒါကတော့ သူ့အပေါ်မှာပဲ ပိုပြီးတော့ မူတည်လိမ့်မယ်လို့ ကျနော် ထင်ပါတယ်”
ဒါ့အပြင် နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးနဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တဲ့ ကိစ္စနဲ့ပတ်သက်တဲ့အမေး ကိုတော့ ဦးကိုကိုလှိုင်က အခုလို ပြောကြားပါတယ်။
“ဒီဟာတော့ ချက်ခြင်းကြီး၊ ဟို… ဒီ… နိုင်ငံရေးအကျဉ်းသားဆိုတဲ့ ပုဂ္ဂိုလ်တွေပေါ့ဗျာ၊ အဲဒီအထဲမှာဆိုရင်လည်း လူမျိုးစုံ ပါတာပေါ့နော်။ တကယ့်ကို သူတို့ဟာသူတို့ ယုံကြည်ချက်နဲ့ လုပ်ကြတယ်၊ သူတို့ဟာသူတို့ ဟိုဒင်း ဖြစ်ပြီးတော့မှ အထဲရောက်သွားကြသူတွေ ရှိသလို တချို့ကျတော့လည်းပဲ ဆူပူအောင် လှုံ့ဆော်တယ်၊ ဒါမှမဟုတ်ရင်လည်းပဲ အကြမ်းဖက်ကြတယ်ပေါ့နော်။ အကြမ်းဖက်တဲ့အုပ်စုတွေနဲ့ ဆက်သွယ်တယ်၊ အကြမ်းဖက်ဖို့ လုပ်တဲ့ထဲမှာ ပါတယ်၊ အဲလိုမျိုးတွေလည်း ဝင်သွားတာတွေ ရှိတယ်။ ဆိုတော့… အကုန်လုံးကို ခြွင်းချက်မရှိ လွှတ်ပေးရမယ် ဆိုလို့ရှိရင် ဒီလို နိုင်ငံ စပြီး ထူထောင်ခါစ အချိန်မှာ ဗြောင်းဆန်သွားနိုင်တဲ့ အနေအထားမျိုးရှိတယ် ဆိုတာလည်းပဲ သတိထားရမှာပေါ့နော်။ တဘက်မှာလည်းပဲ သမ္မတက လွတ်ငြိမ်းချမ်းသာခွင့် လုပ်ပိုင်ခွင့်ကို ဆုတ်ကိုင်ထားနိုင်တယ် ဆိုပေမယ့်လည်း နိုင်ငံတည်ငြိမ်ရေးကလည်း သူ့ရဲ့ တာဝန်ခံ ဖြစ်နေတာကိုး။ အဲဒီတော့ ဒါက အပြင်ဘက်က Pressure ပေးတိုင်း လိုက်လုပ်နေရမယ့် အနေအထားမျိုး မဟုတ်ဘူးလေ”
နိုင်ငံတော်သမ္မတ၏ နိုင်ငံရေးအကြံပေးပုဂ္ဂိုလ် ဦးကိုကိုလှိုင်သည် ယခင်တပ်မတော်ထောက်လှမ်းရေးညွှန်ကြားရေးမှူးရုံးလက်အောက်ခံ စစ်မဟာဗျူဟာလေ့လာရေးဌာနတွင် ၁၉၉၁ ခုနှစ်မှ ၂ဝဝ၄ ခုနှစ်ထိ စစ်ဦးစီး(ပထမတန်း) သုတေသန အဖြစ် နိုင်ငံတာဝန်များ ထမ်းဆောင်ခဲ့ပြီး (နောက်ပိုင်းတွင် အဆိုပါဌာနကြီးသည် တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်ရုံး လက်အောက်သို့ပြောင်းလဲဖွဲ့စည်းခဲ့သည်) ၂ဝဝ၄ ခုနှစ်မှ ယနေ့အထိ အကြံပေးအရာရှိ အဖြစ် သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း၊ ပြန်ကြားရေး ဝန်ကြီးဌာနတွင် တာဝန် ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်ကြောင်းသတင်းရရှိပါသည်။
0 ဦးကဆွေးနွေးသွားပါတယ်..
Отправить комментарий