(ဇူလိုင် ၁၂ ရက်နေ့ထုတ် ရန်ကုန်တိုင်းမ် ဂျာနယ်မှာ မှူးဇော်ရဲ့ အစိုးရသစ်၏ ရက်ပေါင်း (၁၀၀) ခရီးအား ကိုယ်ပိုင် အမြင်ဖြင့် ရှုမြင် သုံးသပ်ခြင်း New Government’s 100 Days Report Card ဆိုတဲ့ ဆောင်းပါးကို ဖော်ပြထားပါတယ်။ မှူးဇော် ဆိုသူဟာ ရန်ကုန်တိုင်းမ်ရဲ့ ပင်တိုင်ဆောင်းပါးရှင်ဖြစ်သလို နိုင်ငံတော် သမ္မတရုံးက အရာရှိကြီး တစ်ဦး ဖြစ်တယ် လို့လည်း သိရပါတယ်။ သူ့ကြောင့်ပဲ ရန်ကုန်တိုင်းမ်ရဲ့ ပင်တိုင် ဆောင်းပါးရှင်များ ဖြစ်တဲ့ ကိုကိုလှိုင်၊ ရဲတင့်နဲ့ နေဇင်လတ်တို့ နိုင်ငံရေး အကြံပေးအဖွဲ့ဝင် ဖြစ်ကုန်တာ လို့လည်း ဆိုပါတယ်။ သူ့ဆောင်းပါးဟာ အစိုးရရဲ့ လုပ်ဆောင်ချက်များကို ချီးမွမ်းထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ချို့နေရာ တွေမှာတော့ ဝန်ကြီးဌာများရဲ့ လုပ်ဆောင်ချက်များကို ဝေဖန်ထားတာ၊ အစိုးရရဲ့ အတွင်းပိုင်းမှာ ပြောင်းလဲ ဆောင်ရွက်နေပုံတွေ ဖော်ပြထားတာကို တွေ့ရပါတယ်။ သူသာ တကယ်ပဲ သမ္မတရုံးက အရာရှိ ဖြစ်တယ်ဆိုရင် အဲဒီ ရေးသားချက်များဟာ ထူးခြားပြီး သတိပြုသင့်တဲ့ အချက်များ ဖြစ်လို့ ကောက်နှုတ် ဖော်ပြလိုက်ပါတယ်။)
×××××××××××××××××
ထင်ရှားသော အာဏာ ခွဲဝေမှုမှာ ကော်မတီများ ပြင်ဆင် ဖွဲ့စည်းရာ၌ ယခင်က ဗဟိုဦးစီး ထိန်းချုပ်ထားသော လုပ်ပိုင်ခွင့် များကို ပြည်ထောင်စု ဝန်ကြီးများ လက်ဝယ်သို့ လွှဲပြောင်းပေးအပ်ခဲ့သည်ကို တွေ့ရှိရသည်။ သိသာ ထင်ရှားသော အာဏာ လွှဲပြောင်းပေးမှုမှာ ကုန်သွယ်မှု လုပ်ငန်းများကို အဓိက ထိန်းချုပ် ဆောင်ရွက်ခဲ့သော ကုန်သွယ်မှု မူဝါဒကောင်စီ (Trade Council-TC) ကို ဖျက်သိမ်းပြီး ဝန်ကြီးအဆင့် ဦးဆောင်သော ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ကြီးကြပ်ရေး ကော်မတီ (Trade and Investment Supervision Committee-TISC) ကို ပြင်ဆင် ဖွဲ့စည်းခဲ့သည်။ အလားတူ အခြားသော ကော်မတီ များကိုလည်း ဗဟိုချုပ်ကိုင်မှုများ ဖြေလျှော့ကာ ပြောင်းလဲ ဖွဲ့စည်းခဲ့ကြောင်း တွေ့ရှိရသည်။ ထိုသို့ ပြောင်းလဲမှု များနှင့်အတူ သွင်းကုန်-ထုတ်ကုန် လိုင်စင် လျှောက်ထား လာမှုများကို ရက်သတ္တပတ် (၁)ပတ်အတွင်း အပြီး ဆောင်ရွက် ပေးသော စနစ်သို့ ပြောင်းလဲကျင့်သုံး ဆောင်ရွက်လာခဲ့ကြောင်း တွေ့ရှိရသည်။ ထိုနည်းတူပင် စီးပွားရေး လုပ်ကိုင်ရာ၌ အဓိက အချက်ဖြစ်သော ကုမ္ပဏီ မှတ်ပုံတင်မှု ဆိုင်ရာ လျှောက်ထားမှုများကို (၁)လအတွင်း အပြီး ဆောင်ရွက်ပေးသော စနစ်သို့ ပြောင်းလဲကျင့်သုံး ဆောင်ရွက်ခဲ့ကြောင်း တွေ့ရှိရသည်။
အလားတူ ပြည်ပဈေးကွက်သို့ လစဉ် ဆန်တင်ပို့ ရောင်းချမှု ခွဲတမ်းကို ယခင်က နိုင်ငံတော် အစိုးရ ကသာ ထိန်းချုပ် ခွင့်ပြုပေးခဲ့ရာမှ ယခုအခါတွင် မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းအသင်းကသာ ကြီးကြပ် ဆောင်ရွက်သော ချုပ်ကိုင်မှု လျှော့ချပေးခြင်းကို အကောင်အထည်ဖော် ဆောင်ရွက်လာခဲ့ကြောင်း တွေ့ရှိရသည်။ ယင်း လုပ်ဆောင်ချက်သည် ဈေးကွက်၌ အဓိကဖြစ်သော ပုဂ္ဂလိက ကဏ္ဍသို့ လုပ်ပိုင်ခွင့်များ လွှဲပြောင်း အပ်နှင်းလာခြင်း ဖြစ်သလို Private Sector အားလည်း Capacity Building ဆောင်ရွက် ပေးခြင်းလည်း မည်ပေသည်။
အခြား သိသာ ထင်ရှားသော တိုးတက်မှု တစ်ရပ်မှာ အင်းလေလံများ ချထားပေးရာတွင် ယခင်က မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီးဌာန (ပြည်ထောင်စု အဆင့်)က ချုပ်ကိုင် ထားခဲ့ရာမှ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့များ လက်ဝယ်သို့ လွှဲပြောင်း ပေးအပ်ကာ အမှန်တကယ် အင်းလုပ်ကိုင်သူ များသာ လေလံ ရရှိစေရန် ထင်သာ မြင်သာသော လေလံစနစ် များဖြင့် ဆောင်ရွက်ခဲ့ကြောင်း တွေ့ရှိရသည်။
မကြာသေးခင်က နိုင်ငံခြားငွေ လဲလှယ်မှု နှုန်းထားများ မတည်မငြိမ် ဖြစ်လာချိန်တွင် ပို့ကုန်အပေါ် ကောက်ခံသော အခွန် ၁၀% (၂+၈)ကို ရ% (၂+၅) သို့ လျှော့ချ ပေးခဲ့ကြောင်း တွေ့ရှိရသည်။ ယင်းသည်ပင် Supply Chain တစ်လျှောက် Transaction Cost များ လျှော့ချပေးသော အစိုးရ၏ လုပ်ဆောင်ချက် တစ်ရပ် ဖြစ်ကြောင်း တွေ့ရှိ ရသည်။
ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း နယ်ပယ်တွင် ခရီးသွား လုပ်ငန်း ဘုတ်အဖွဲ့ကို ဒီမိုကရက်တစ် လုပ်ငန်းစဉ်များဖြင့် ဖွဲ့စည်း ထူထောင်ကာ အရှိန်အဟုန်ဖြင့် ဆောင်ရွက် စေခဲ့ကြောင်း တွေ့ရှိရသည်။ အလားတူ ကျောက်မျက် လေလံပွဲများ ၌လည်း လာရောက်သော လုပ်ငန်းရှင်များအား နိုင်ငံခြားငွေဖြင့် ဝယ်ယူစားသုံး နိုင်စေရန်လည်း ဝန်ကြီးဌာနများ ပူးပေါင်း ဆောင်ရွက်စေခဲ့ကြောင်း တွေ့ရှိရသည်။ ဤအချက်များသည် ရက်ပေါင်း (၁၀၀)အတွင်း စီးပွားရေးဆိုင်ရာ ပြုပြင် ပြောင်းလဲမှုများ အနက်မှ သိသာထင်ရှားသော အပြောင်းအလဲများ ဖြစ်နေသည်။
သို့သော်လည်း ပြည်တွင်း ကုန်ဈေးနှုန်းအပေါ် အဓိက သက်ရောက်မှုရှိသော သယ်ယူ ပို့ဆောင်ရေး ကုန်ကျ စရိတ် လျှော့ချ ပေးရာတွင် အာဆီယံ စံနှုန်း သတ်မှတ်ချက်ဖြင့် ကုန်ပို တင်ဆောင်မှု ကန့်သတ်ချက် များမှာ ပြန်လည် အသက်ဝင် လာခဲ့သည့်အတွက် သိသာ ထင်ရှားသော အတားအဆီး တစ်ရပ်အဖြစ် တွေ့မြင်ရသည်။ အာဆီယံ စီးပွားရေး အသိုင်းအ၀ိုင်း ဖော်ဆောင်ရေး အတွက် မြန်မာနိုင်ငံ အနေဖြင့်လည်း မဖြစ်မနေ လိုက်နာ ဆောင်ရွက်ရမည် ဖြစ်သော်လည်း အချိန်ကာလ ဝေးကွာ နေသေးသည့် လက်ရှိကာလတွင် "ပြင်သင့်တာပြင်" ရာ၌ အကန့်အသတ် တစ်ရပ် ထားရှိသင့်ကြောင်း တွေ့ရှိရသည်။
စတုတ္ထမဏ္ဍိုင် မျက်နှာစာမှ အပြောင်းအလဲများ
စတုတ္ထမဏ္ဍိုင် ဖြစ်တဲ့ သတင်း မီဒီယာများနှင့် ပတ်သက်၍ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဌာန်ချက် များနှင့်အညီ လွတ်လပ်ခွင့် ပေးရခဲ့ရာ၌ တစ်ဦးနှင့် တစ်ဦး အပြန်အလှန် တာဝန်ယူမှု၊ တာဝန်သိမှု တို့ကို အဓိကထား၍ ဖြေလျှော့မှုများ ဆောင်ရွက် ပေးခဲ့သည်။ ထုတ်တင်စနစ်နှင့် တင်ထုတ် စနစ်အရ စာပေစိစစ်ရေးသို့ ကြိုတင် ပြစရာ မလိုသော စာပေ အမျိုးအစားများ ထွက်ပေါ်လာခဲ့သည်။ တစ်ဘက်တွင်မူ အဓိကကျသော တင်ထုတ်စနစ်ပါ ဂျာနယ်၊ စာစောင်၊ မဂ္ဂဇင်းများမှာ လွတ်လပ်ခွင့် အပြည့်အ၀ မရရှိသေးသည့် အတွက် ဝေဖန်မှုများ အမျိုးမျိုး ပေါ်ထွက် နေကြောင်း တွေ့ရှိရသည်။ စတုတ္ထမဏ္ဍိုင် ခိုင်မာ တောင့်တင်းရေးနှင့် စပ်လျဉ်း၍ နိုင်ငံတော် သမ္မတကြီး၏ မိန့်ခွန်းပါ ကတိက၀တ် များနှင့် ပြန်လည် နှိုင်းယှဉ်ကြည့်လျှင် အပေါင်းနှင့် အနှုတ် ရောထွေးနေသည်ကို တွေ့ရှိရသည်။
ပြည်ထောင်စုအစိုးရ အဖွဲ့ဝင်များသို့ ပြောကြားခဲ့သော မိန့်ခွန်းတွင် "စတုတ္ထမဏ္ဍိုင် ဖြစ်သည့် စာနယ်ဇင်းများ၏ အခန်းကဏ္ဍကို အလေးထားရမည်။ စာနယ်ဇင်းများမှ တစ်ဆင့် ပြည်သူများ သိသင့်သည့် အချက်များကို အသိပေးရမည် ဖြစ်သလို စာနယ်ဇင်းများက အပြုသဘောဆောင် အကြံပြုချက် များကိုလည်း အလေးထားရမည်" ဟူ၍ ပါရှိခဲ့သော်လည်း ၀န်ကြီးဌာန အဆင့်ဆင့်၏ လက်တွေ့ ဆောင်ရွက်ချက်များမှာ နိုင်ငံတော် သမ္မတ၏ လမ်းညွှန်ချက် အတိုင်း အပြည့်အဝ လိုက်နာ ဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်း၊ မီဒီယာများ အပေါ် ထားရှိသော သဘောထား အမြင်များ ပြောင်းလဲလာရန် လိုအပ်နေသေးကြောင်း တွေ့ရှိရသည်။ ဝန်ကြီးဌာနများ အနေဖြင့် သတင်း မီဒီယာများ အပေါ် ခေတ်ဟောင်း၊ စနစ်ဟောင်းမှ အစဉ်အလာများအတိုင်း US - Them အမြင်များ ရှိနေကြဆဲ ဖြစ်သလို အပြန် အလှန် ယုံကြည်မှု အားနည်းနေသည် ကိုလည်း တွေ့ရှိရပေသည်။
အုပ်ချုပ်ရေး၏ လုပ်ငန်းစဉ်များ အပြောင်းအလဲများ
နိုင်ငံတော် သမ္မတ အိမ်တော်တွင် (၃၁.၃.၂၀၁၁) ရက်နေ့၌ ပြည်ထောင်စု အစိုးရ အဖွဲ့ဝင်များသို့ ပြောကြားခဲ့သည့် မိန့်ခွန်းတွင် အစိုးရသစ်၏ လုပ်ငန်းစဉ်များကို အောက်ပါအတိုင်း အနှစ်ချုပ် ထုတ်နှုတ်နိုင်ကြောင်း တွေ့ရှိရသည် -
(၁) | အစိုးရအဖွဲ့သစ်၏ လုပ်ငန်းစဉ် (၄)ရပ် | |
| (က) | ကောင်းမွန်သော အုပ်ချုပ်မှုစနစ် (Good Govemance) နှင့် သန့်ရှင်းသောအစိုးရ (Clean Government) ဖြစ်ပေါ်လာရေး။ |
| (ခ) | ဒီမိုကရေစီ ကျင့်စဉ်များ (Democratic Pratices) ထွန်းကားရေး။ |
| (ဂ) | တရားဥပဒေ စိုးမိုးရေး။ |
| (ဃ) | အစိုးရလုပ်ငန်းများ လျင်မြန် သွက်လက်ရေးနှင့် ထိရောက်မှု ရှိရေး။ |
(၂) | အစိုးရအဖွဲ့ အသီးသီး၏ လုပ်ငန်းစဉ်များ ကိုက်ညီပြည့်စုံရမည့် အင်္ဂါရပ် (၆)ရပ် | |
| (က) | ပွင့်လင်းမှု ရှိရမည်။ |
| (ခ) | တာဝန်ခံမှု ရှိရမည်။ |
| (ဂ) | ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ တည်ဆဲ ဥပဒေများနှင့် ကိုက်ညီမှု ရှိရမည်။ |
| (ဃ) | ပြည်သူလူထု ဆန္ဒသဘောထားကို အလေးထားရမည်။ |
| (င) | အားလုံး ပါဝင်နိုင်မှု ရှိရမည်။ |
| (စ) | သွက်လက်ပြီး ထိရောက်မှု ရှိရမည်။ |
××××××××××××××××××××××××××××××××××××
ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့်အညီ ပြည်ထောင်စု ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ များ၏ အာဏာ ခွဲဝေမှု ရုပ်လုံးမှာ တစ်ဖြည်းဖြည်းချင်း ပုံရိပ်ပေါ်လာနေပြီ ဖြစ်ကြောင်း တွေ့ရှိရသည်။ ထွက်ပေါ်လာသော ပုံရိပ်များတွင် ရေခံ၊ မြေခံ၊ အခြေခံကောင်းများပေါ် မူတည်၍ ဒေသတစ်ခုနှင့် တစ်ခု တိုးတက် ပြောင်းလဲမှု မတူညီကြသည် ကိုလည်း တွေ့ရှိရသည်။ တိုင်းဒေသကြီး/ ပြည်နယ် အဆင့်အထိ အသေးစိတ် လေ့လာ သုံးသပ်ကြည့်လျှင် သတင်း အချက်အလက် ဖြန့်ဖြူးမှုသည် အဓိက တိုင်းဒေသကြီးများမှ လွဲ၍ အားနည်း နေသေးကြောင်း တွေ့ရှိရသည်။
(အနိမ့်ဆုံးအားဖြင့်) ဖြစ်သင့်သည်မှာ အထက်ဖော်ပြပါ လမ်းညွှန်ချက်များကို ဝန်ကြီးဌာန အဆင့်ဆင့်၊ တိုင်းဒေသကြီး/ ပြည်နယ်၊ မြို့နယ် အဆင့်ဆင့်မှ လုပ်ငန်း လမ်းညွှန်ချက်အဖြစ် ခံယူထားသော ဆောင်ပုဒ်များ၊ ကြွေးကြော်သံများ (ဥပမာ- ပြည်သူလူထုကို နွေးထွေးပျူငှာ ဆက်ဆံပါ၊ မကျေနပ်က တိုင်ကြားပါ၊ ကြိုးနီ စနစ်များ ဖယ်ဖျောက်ပါ၊ _ _ _ ဌာန၏ ရုံးလုပ်ငန်း သွက်လက် မြန်ဆန်ရမည်၊ လာဘ်ယူသူများ ဖော်ထုတ်ပါ အစရှိသည်) အစိုးရ ရုံးဌာန အများစုတွင် ကပ်ထားခြင်းများ မရှိသေးကြောင်း တွေ့ရှိရပါသည်။ (အမြင့်ဆုံးအားဖြင့်) အစိုးရ ဌာန အားလုံးသည် နိုင်ငံတော် သမ္မတ၏ လမ်းညွှန်ချက်များကို ရုံးလုပ်ငန်း စနစ်၏ စံနှုန်းများ အဖြစ် သတ်မှတ်ကာ တစ်နိုင်ငံလုံး တစ်ညီတစ်ညွတ်တည်း ဆောင်ရွက်ကြရန် ဖြစ်သည်။
အလားတူ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး အရှိန်အဟုန်မှာ အားပျော့ နေသေးသဖြင့် Clean Government ပေါ်ထွက်လာမှုမှာ မျှော်လင့် ထားသလောက် ဖြစ်ပေါ် မလာသေးကြောင်း တွေ့ရှိရသည်။ ပြည်သူများ မျှော်လင့်ထားသည့် အဂတိ လိုက်စားမှု တိုက်ဖျက်ရေးမှာ အကျင့်ပျက် ဝန်ထမ်းများကို ကျောသားရင်သား မခွဲခြားဘဲ၊ ရာထူး အကြီးအငယ် မခွဲခြားဘဲ ထိထိရောက်ရောက် အရေးယူမှုများ ဖြစ်နေသည်။ အလားတူ အစိုးရ ဌာနများတွင် အစိုးရ အဖွဲ့သစ်၏ အထက်ဖော်ပြပါ လုပ်ငန်းစဉ် (၄) ရပ်ကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ပုဒ်များ၊ လက်တွေ့ လုပ်ဆောင်ချက် များဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မှု အားနည်းနေကြောင်း တွေ့ရှိရသည်။ ယင်းကိစ္စနှင့် ပတ်သက်လျှင်လည်း နယ်စပ်ဒေသ ကုန်သွယ်မှု ပမာဏများ တိုးတက် လာသော်လည်း ယင်းကဏ္ဍမှ အခွန်အကောက် ကောက်ခံရရှိမှု ပမဏ လျော့နည်း ကျဆင်းနေကြောင်း ထောက်ပြချက်များ ထွက်ပေါ် လာသည်ကို ကြည့်၍ ပြည်သူများမှ အားမလို အားမရ ဖြစ်နေကြောင်းကို အထင်အရှား တွေ့မြင်နိုင်ပေသည်။
သတင်းအချက်အလက် စီးဆင်းမှု၊ ဖြန့်ဖြူးမှုတို့ကို လေ့လာကြည့်လျှင် ဝန်ကြီးဌာနများ အနေဖြင့် ပွင့်လင်း မြင်သာမှုနှင့် ပတ်သက်လျှင် အစိုးရ လေလံများကို Open Bidding စနစ်သို့ ပြောင်းလဲကျင့်သုံးလာခဲ့သည့် တိုးတက်မှု ကို တွေ့မြင်ရသည်။ သို့သော်လည်း သတင်း အချက်အလက် ဖြန့်ဖြူးမှု စီးဆင်းမှု တို့တွင် အဆင့်ဆင့်သော ချုပ်ကိုင်မှု များကြောင့် ပွင့်လင်း မြင်သာမှု အားနည်းစေသော အချက်များ ကိုလည်း တွေ့ရှိရသည်။ ဥပမာ- လိုင်စင်မဲ့ မော်တော်ယာဉ်များ လိုင်စင် ချထားပေးမည့် သတင်းသည် ရန်ကုန်မြို့၌ မော်ဒယ်နှင့် ဈေးနှုန်းများ ပါရှိသော စာရွက်ကို တစ်စောင်လျှင် ကျပ် (၅၀၀) ဖြင့် ရောင်းချနေချိန်၌ ကောလဟလများ ကြီးမားစွာ ပျံ့နှံ့နေ သော်လည်း အချိန်မီ အဖြစ်မှန်ကို ထုတ်ပြန်ခဲ့ခြင်း မရှိကြောင်း တွေ့ရှိရခြင်းပင် ဖြစ်သည်။
အစိုးရသစ် လက်ထက် ငွေကြေး လဲလှယ်မှု နှုန်းထားများ ပုံသေ သတ်မှတ်တော့မည် ဟူသော သတင်းများ ကြီးမား ကျယ်ပြန့်စွာ ဖြစ်ပေါ်နေသော်လည်း သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ မီဒီယာများမှ တစ်ဆင့် အချိန်မီ ဖြေရှင်း ထုတ်ပြန် ခြင်းများ ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိကြောင်း တွေ့ရှိရသည်။ ယင်း အကျိုးဆက်အားဖြင့် တောက်လျှောက် ကျဆင်းနေသော ဒေါ်လာငွေ ဈေးနှုန်းကို ပိုမို ကျဆင်းစေသော အခြေအနေများ အထိ ရောက်ရှိစေခဲ့ကြောင်း တွေ့ရှိရသည်။
ပွင့်လင်းမြင်သာမှု ရှိသော အစိုးရ ဖြစ်ပေါ်လာရေးကို ဤသို့ ထိခိုက်စေသော အကောင်အထည်ဖော် ဆောင်ရွက်မှု အဆင့်ဆင့်ကို လေ့လာကြည့်လျှင် အကြောင်းအရင်းမှာ နိုင်ငံတော် သမ္မတက လက်အောက်သို့ ယုံကြည်စွာ အာဏာခွဲဝေ အပ်နှင်းမှု နည်းပါးနေခြင်းကြောင့် ဖြစ်ကြောင်း တွေ့ရှိရသည်။ အစဉ်အလာအရ ဗဟို ဦးစီးစနစ်များနှင့် နှစ်ပေါင်းများစွာ အသားကျနေခဲ့သော အုပ်ချုပ်ရေး ယန္တရားသည် ဗဟိုချုပ်ကိုင်မှု လျှော့ပေးခြင်းနှင့် ပတ်သက်၍ တာဝန်ခွဲဝေမှု၊ တာဝန်ယူမှု၊ တာဝန်သိမှု အားနည်းနေခြင်းတို့ ယှက်နွယ်နေဆဲ ဖြစ်ကြောင်း ယူဆ နိုင်ပေသည်။
သုံးသပ်
0 ဦးကဆွေးနွေးသွားပါတယ်..
Отправить комментарий