ယနေ့ မြန်မာနိုင်ငံကို တိုင်းတပါး ကျွန်ဘ၀က လွတ်မြောက်အောင် ၊ တိုင်းရင်းသား အားလုံး ချစ်ကြည် စည်းလုံးမှုကို တွေကို ရရှိအောင် ကြိုးပမ်း ဆောင်ရွက်ခဲ့ကြတဲ့၊ ပြည်ထောင်စု စိတ်ဓါတ်ကို မျိုးစေ့ချ ပေးခဲ့တဲ့၊ နိုင်ငံကို အသက်လောက် ချစ်မြတ်နိုးခဲ့ ကြတဲ့ ဗိုလ်ချုပ် အောင်ဆန်းနှင့် တကွ အာဇာနည် ခေါင်းဆောင်ကြီးတွေ ကျဆုံးခဲ့တာ ဒီကနေ့ ဆိုရင် နှစ်ပေါင်း ၆၄ နှစ်ရှိခဲ့ပြီ ဖြစ်ပါတယ်။ ဒီလို ၆၄ နှစ်ရှိခဲ့ပေမယ့် အာဇာနည် ခေါင်းဆောင်ကြီးတွေအပေါ် မြန်မာ နိုင်ငံသားတိုင်းက ၀မ်းနည်း ကြေကွဲစွာ သတိရကြသလို၊ လေးစား ဂုဏ်ယူစိတ်နဲ့လည်း လေးလေးနက်နက် သတိရ ဂါရ၀ထားလျှက် ရှိကြပါတယ်။
သို့သော်လည်း အာဇာနည်ကြီးကို လေးလေးစားစားနဲ့ အမှတ်တရ ဂါရ၀ပြုကြရမယ့် အချိန်မှာ လူစုလူဝေးနဲ့ ပြည်သူတွေ ထိတ်ထိတ် လန့်လန့်ဖြစ်အောင် ကောလဟလတွေ လွှင့်လို့တစ်မျိုး၊ ဆူကြပူကြ ဖြစ်အောင်တစ်ဖုံ ဖန်တီးဖို့ ကြိုးစားနေ ကြတာတွေကို ကြားနေရတာဟာ အင်မတန် အရုပ်ဆိုးလှ ပါတယ်။
နယ်ချဲ့တို့ရဲ့ ကျွန်ပြု အုပ်ချုပ်မှုကနေ လွတ်မြောက်ပြီး မိမိတို့နိုင်ငံကို လွတ်လပ်တဲ့ နိုင်ငံဖြစ်အောင် ကြိုးပမ်းခဲ့ကြတဲ့၊ နယ်ချဲ့တို့ရဲ့ ရည်ရွယ်ချက်ရှိရှိနဲ့ တောင်ပေါ်မြေပြန့် သွေးခွဲ အုပ်ချုပ်ခဲ့မှုတွေကို ခံနေခဲ့ကြရတဲ့ တိုင်းရင်းသား အားလုံးကို စည်းစည်းလုံးလုံးရှိ စေခဲ့တဲ့၊ နိုင်ငံအတွက် အသက်ပေး ကာကွယ် စောင့်ရှောက်ခဲ့ကြတဲ့ အာဇာနည်ကြီးတွေရဲ့ စေတနာနဲ့ ဆန့်ကျင်ဘက် လုပ်ရပ်တွေဖြစ်တဲ့ ပြည်ပသြဇာခံပြီး မိမိတို့ နိုင်ငံကို ပြည်ပနိုင်ငံရဲ့ လက်ဝေခံ၊ တိုင်းတပါးရဲ့ စွက်ဖက်ခံ နိုင်ငံဖြစ်အောင် အမျိုးမျိုး ကြိုးစားပြီ။ ပြည်ထောင်စုဖွား တိုင်းရင်းသား အချင်းချင်းကြားမှာ သွေးကွဲအောင် သပ်သျှို သွေးခွဲ မှုအမျိုးမျိုး လုပ်နေတဲ့သူတွေက အာဇာနည်နေ့ ဆိုတာကိုပါ အသုံးချပြီး နိုင်ငံတော်နဲ့ ပြည်သူလူထု ကြားမှာပါ ထင်ယောင် ထင်မှားဖြစ်အောင် ဖန်တီးတာတွေ လုပ်ဖို့ မကြိုစား သင့်ပါဘူး။
နိုင်ငံကို အမှန်တကယ် ချစ်မြတ်နိုးရင်၊ နိုင်ငံကို အမှန်တကယ် တိုးတက်စေချင်ရင်၊ အခုပြောနေကြတဲ့ အာဇာနည်ကြီး တွေကို အမှန်တကယ် လေးစားပါတယ်ဆိုရင် လူမြင် သူမြင်ကောင်းရုံ၊ လူစုလူဝေးနဲ့ ဟန်ပြကောင်းရုံ လွမ်းသူပန်းခွေချ တာတွေ၊ အခမ်းအနားတွေ လုပ်ပြရုံမျိုးလောက်နဲ့တော့ မဖြစ်နိုင်ပါဘူး။ အာဇာနည်ကြီးတွေ တည်ဆောက်ခဲ့တဲ့ တည်ငြိမ်မှု၊ ငြိမ်းချမ်းမှု၊ စည်းလုံးမှုတွေကို ပိုမို အဓွန့်ရှည်အောင် တည်တံ့ ခိုင်မြဲအောင် လက်တွေ့ လုပ်ဆောင် ပြခြင်းဖြင့် ဂါရ၀ပြုနိုင်မယ် ဆိုရင် အာဇာနည်ကြီးတွေက ပိုပြီး ၀မ်းမြောက်ဝမ်းသာ ဖြစ်ကြလိမ့်မယ်ဆိုတာ မလွဲဧကန်ပဲ ဖြစ်ကြောင်း တင်ပြလိုက်ရ ပါသည်။ ဆည်းဆာ

0 ဦးကဆွေးနွေးသွားပါတယ်..

Отправить комментарий